By EMG, Shweproperty.com
Updated at 30 September 2012
ရုံးခန်းငှားရမ်းခ အနေဖြင့် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၆ သန်း နီးပါးရရှိနိုင်သည့် SAKURA Tower မှ ရုံးခန်းငှားရမ်းခများကို ၂၀၁၃ ခုနှစ် မှစ၍ ထပ်မံတိုးမြှင့်မည် ဖြစ်ကြောင်း SAKURA Tower တွင် ရုံးခန်းငှားရမ်း ဖွင့်လှစ်ထားသည့် ကုမ္ပဏီများမှ ပြောကြားခဲ့ပါသည်။ SAKURA Tower တွင် လက်ရှိ ရုံးခန်းငှားရမ်းခဈေးမှာ တစ်စတုရန်း မီတာလျှင် တစ်လငှားရမ်းခ အမေရိ ကန်ဒေါ်လာ ၄၀ ဖြစ်ကြောင်း၊ ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၀ အထိ တိုးမြှင့်မည်ဖြစ်ကြောင်း သိရသည်။ ၂၀၀၃ ခုနှစ်က SAKURA Tower တွင် ရုံးခန်းငှားရမ်းခမှာ တစ်စတုရန်း မီတာလျှင်တစ်လငှားရမ်းခ အမေရိကန် ဒေါ်လာ ၁၁ ဒေါ်လာဖြစ်ပြီး တဖြည်းဖြည်း တိုးမြှင့်လာခဲ့ရာမှ ၂၀၁၂ ခုနှစ် တွင် အမေရိကန်ဒေါ်လာ ၄၀အထိမြင့် တက်လာခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခု ထပ်မံ၍ ၂၀၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၇၀ သို့ မြှင့်ရန်အတွက် ပြောကြားထားကြောင်း သိရသည်။ SAKURA Tower တွင် ရုံးခန်း ဧရိယာစုစုပေါင်း ၁၂၄၂၅ စတုရန်း မီတာရှိကြောင်း SAKURA Tower ၏ Website တွင် ဖော်ပြထားရာ လက်ရှိတစ်စတုရန်းမီတာလျှင် အမေရိကန် ဒေါ်လာ ၄၀ ဖြင့် တွက်ချက်လျှင် တစ်နှစ်လျှင် ရုံးခန်းငှားရမ်းခမှ အမေရိကန်ဒေါ်လာ ၆ သန်းနီးပါးရရှိမည် ဖြစ်ကြောင်းကိုလည်း ငှားရမ်းထားသည့် ကုမ္ပဏီများ၏ တွက်ချက်ပြော ကြားမှုအရ သိရသည်။ ၂၀၁၃ ခုနှစ်တွင် တိုးမြှင့်မည့် တစ်စတုရန်းမီတာ တစ်လငှားရမ်း ခ အမေရိကန်ဒေါ်လာ ၇၀ ဖြင့်ဆို ပါက SAKURA Tower မှ ထုတ်ပြန်ထားသည့် ရုံးခန်းဧရိယာအားလုံးငှားရမ်း ရပါက တစ်နှစ်လျှင်ရုံးခန်း ငှားရမ်းခမှ အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်အထိ ဝင်ငွေရှိနိုင်မည်ဟုလည်း တွက် ချက်ပြောကြားခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် SAKURA Tower မှ တိုးမြှင့်မည့်နှုန်းထားများ အတိုင်းဆိုပါက ရန်ကုန်မြို့၏ ရုံးခန်းငှားရမ်းခမှာ ဘန်ကောက်၊ ကွာလာလမ်ပူမြို့များတွင် ငှားရမ်းသည့် နှုန်းထက် နှစ်ဆမှ သုံးဆအထိပို များနေမည်ဖြစ်သည်ဟုလည်း ရုံး ခန်းငှားရမ်းဖွင့်လှစ်ထားသည့်ကုမ္ပ ဏီများမှ ပြောကြားခဲ့သည်။ SAKURA Tower တွင် ရုံးခန်း ငှားရမ်းဖွင့်လှစ်ထားသည့် ကုမ္ပဏီ တစ်ခုမှတာဝန်ရှိသူတစ်ဦးက “ဆာကူရာတာဝါမှာ ၂၀၀၃ ခုနှစ်ကတည်းက ကျွန်တော်တို့ ငှားရမ်းနေထိုင်လာတာ အဲဒီတုန်းက တစ်စတုရန်းမီတာကို ၁၁ ဒေါ်လာ။ အဲဒီကနေ တဖြည်းဖြည်း တိုးလာလိုက်တာ အခု ၂၀၁၂ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၄၀ ဖြစ်သွားတယ်။ ၂၀၁၃ မှာထပ်ပြီးတစ်စတုရန်း မီတာတစ်လငှားရမ်းခကို အမေရိကန် ဒေါ်လာ ၇၀ အထိမြှင့်မယ့်အကြောင်း ပြောထားတယ်။ အသစ်ငှားမယ့်သူဆို ပိုဈေးကြီးတယ်၊ အောက်ထပ်တွေဆို ပိုဈေးပေးရသေးတယ်။ ကျွန်တော့် အခန်းက ၅၀ စတုရန်းမီတာဖြစ်လို့ တစ်လကို ဒေါ်လာ ၃၅၀၀ ကျမယ်။ ဒီနေ့မြန်မာငွေနဲ့ဆိုရင်ကျပ်သိန်း ၃၀ ကျော်ပေးရမယ်။ဒီလောက်အထိတော့ မတတ်နိုင်ဘူး။ ဘယ်သွားရမှန်းမသိ ဘူး”ဟု ပြောပြခဲ့သည်။ “ဆာကူရာတာဝါမှာ ကျွန်တော် သိသလောက် ကုမ္ပဏီပေါင်း၉၀လောက် ရှိတယ်။ ရုံးခန်းဧရိယာ စုစုပေါင်း ၁၂၄၂၅ စတုရန်းမီတာ ရှိတယ်လို့ သူတို့ဝက်ဘ်ဆိုက်မှာ ဖော်ပြထား တယ်။ ဒီဧရိယာအကုန်ငှားမယ်ဆိုရင် အခုဒေါ်လာ ၄၀ နှုန်းနဲ့တင် တစ်လကို အမေရိကန်ဒေါ်လာ ၅ သိန်းနီးပါး နဲ့တစ်နှစ်ဆိုရင် အမေရိကန်ဒေါ်လာ ၆ သန်းနီးပါးလောက် ရမယ်လေ။ ဒေါ်လာ ၇၀ နှုန်းနဲ့ဆိုတစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၀ သန်းကျော်လောက်ထိ တောင်ရမှာ။ ၇၀ ကတော့ များလွန်းတဲ့အတွက် ဟိုတယ်တွေ တုန်းက နိုင်ငံတော်အနေနဲ့ အခန်းခ ပိုမယူအောင် သတ်မှတ်ပေးတဲ့ သဘော ရုံးခန်းငှားရမ်းခကို သင့်တင့်တဲ့ဈေး သတ်မှတ်ပေးဖို့ နိုင်ငံတော်သမ္မတ၊ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ကုမ္ပဏီတွေ လက်မှတ်ထိုးပြီး တင်ထားတယ်”ဟု SAKURA Tower တွင် ကုမ္ပဏီဖွင့်ထားသူတစ်ဦးက ဆိုသည်။ လက်ရှိတွင် ဘန်ကောက်မြို့၌ ရုံးခန်းငှားရမ်းခမှာ တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာ ဝန်းကျင်သာအများစုကျသင့်ကြောင်း၊ မလေးရှားနိုင်ငံ ကွာလာလမ်ပူတွင် ဆိုပါက တစ်စတုရန်းမီတာတစ်လငှား ရမ်းခမှာ ၂၅ ဒေါ်လာဝန်းကျင်အများ စုပေးချေရကြောင်း သိရသည်။ ထို့အတွက် ယခုတိုးမြှင့်ထားသည့် နှုန်းအတိုင်းဆိုပါက ရန်ကုန်မြို့၏ ရုံးခန်းငှားရမ်းခမှာ ဒေသတွင်း နိုင်ငံများထက်နှစ်ဆမှ သုံးဆအထိမြင့်မည် ဖြစ်သည်ဟု သုံးသပ်ကြသည်။ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံရေး စီးပွားရေးပြုပြင်ပြောင်းလဲ လျက်ရှိသည့် ကာလဖြစ်၍ နိုင်ငံခြားကုမ္ပဏီများ၊ နိုင်ငံခြားခရီးသွားများ ဝင်ရောက်မှုမြင့် တက်လာသည့်အတွက် ယခင်က ဟိုတယ်များတွင် ရုံးခန်းဖွင့်လှစ်ထားသည့် ကုမ္ပဏီများအား ဟိုတယ်များမှ ဆက်လက် ငှားရမ်းခြင်းမပြု၍ ရုံးခန်းလိုအပ်ချက်မှာ မြင့်တက်ခဲ့သည်။ SAKURA Tower မှ ထုတ်ပြန်ထားချက်တွင်မူ ယခင်နှစ်များက ဘဏ္ဍာရေးပိုင်းဆိုင်ရာ အရှုံးပြမှုကိုခံရခြင်း၊ ဆောက်လုပ်ရေး ကုမ္ပဏီများသို့ ပေးဆပ်ရမည့် ချေးငွေနှင့် အတိုးနှုန်းများအတွက် လိုအပ်၍ တိုးမြှင့်ရခြင်း ဟု ဖော်ပြထားသည်။ Source : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties