By Myanmar Times, Shweproperty.com
Updated at 27 May 2015
ရန်ကုန်မြို့သည် မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုး တိုးတက်မှု အမြင့်ဆုံးနှင့် စီးပွားရေးလုပ်ငန်း အများဆုံးရှိသည့် မြို့တစ်မြို့ဖြစ်သည့်အတွက် ရန်ကုန်မြို့၏ လူနေထိုင်မှုသည် နေ့စဉ်နှင့်အမျှ မြင့်မားလျက်ရှိနေသည်။
မြန်မာနိုင်ငံ၏ လူဦးရေ သန်း ၅၀ ကျော် တွင် ၅ ဒသမ၂ သန်းခန့်သည် ရန်ကုန်မြို့ တွင်နေထိုင်ကြသည်။ထို့ပြင် မြန်မာနိုင်ငံ၏ မြို့ပြလူနေထိုင်မှုမှာ ၃၅ ဒသမ ၀၅ ရာခိုင်နှုန်း ခန့်ရှိပြီး ယင်းပမာဏ၏ သုံးပုံတစ်ပုံခန့်မှာ ရန်ကုန်မြို့တွင်နေထိုင်ကြသည်။
ယင်းကဲ့သို့ လူဦးရေထူထပ်မှုနှင့် ကြုံတွေ့ နေရသော ရန်ကုန်မြို့သည် မြို့ပြနေထိုင်မှု ပုံစံမှာလည်း စနစ်ကျရန်လိုအပ်သော်လည်း လက်ရှိတွင် ရန်ကုန်မြို့၏ မြို့ပြဖွဲ့စည်းမှု အခြေအနေနှင့် အခြေခံ အဆောက်အအုံများ မှာ ဖရိုဖရဲဖြင့် အားနည်းမှုများစွာရှိနေသေး ကြောင်း မြန်မာနိုင်ငံရှိ မြို့ပြပညာရှင်များက ပြောသည်။ လက်ရှိ ရန်ကုန်မြို့သည် စီးပွားလုပ်ငန်း များ၊ စက်မှုလုပ်ငန်းများဖြင့် ပြည့်နေသည့် အလျောက် အဆိုပါစီးပွားရေးလုပ်ငန်းများ ကို အခြေပြု၍ လာရောက်နေထိုင်သူများမှာ လည်း များပြားလာသည့်အတွက် ရန်ကုန်မြို့ ၏ လူဦးရေသိပ်သည်းဆမှာ အချို့သော နေရာများတွင် ထိတ်လန့်ဖွယ် မြင့်မား ပြောင်းလဲလျက်ရှိသည်။
မြို့ပြဌာနများနှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၏ လေ့လာ စစ်တမ်းကောက်ချက်များအရ ရန်ကုန်မြို့၏ လူဦးရေသိပ်သည်းဆသည် မြို့နယ်အချို့နှင့် ရပ်ကွက်အချို့တို့တွင် မြေဧရိယာတစ်ဟက်တာ (၂ ဒသမ ၄ ဧက)တွင် လူတစ်ထောင်ကျော်ခန့် နေထိုင်လျက်ရှိကြောင်း မြို့ပြစီမံကိန်းရေးဆွဲရေး ပညာရှင် ဒေါ်လှိုင်မော်ဦးကပြောသည်။ "၁၉၈၉ ခုနှစ်လောက်က ရန်ကုန်မြို့မှာ မြို့လယ်ကောင် နေရာတွေလောက်ပဲရှိတဲ့ အချိန်မှာ လူဦးရေသိပ်သည်းမှုက တစ်ဟက်တာကို လူဦးရေ ၄၅၀ နဲ ့ အထက်ရှိတယ်။ အခု ၂၀၁၄ ခုနှစ်လောက်မှာ နောက်ထပ် တိုးချဲ့တဲ့ မြို့သစ်တွေ အများကြီးရှိနေပေမယ့် မြို့လယ်ကောင်ရဲ့ လူဦးရေသိပ်သည်း မှုက မကျသွားတဲ့အပြင် တိုးလာတဲ့ အနေ အထားပဲရှိပါတယ်။ တချို့မြို့နယ်တွေမှာဆို တစ်ဟက်တာကို လူဦးရေ ၈၀၀၊ ၉၀၀ ထိ ရှိတယ်။ တချို့ရပ်ကွက်တွေဆို တစ်ဟက်တာ ကို လူတစ်ထောင်ကျော်ထိ နေထိုင်နေတာကို လေ့လာချက်တွေအရ တွေ့ရပါတယ်" ဟု၎င်းကပြောသည်။
ကမ္ဘာပေါ်ရှိ လူဦးရေသိပ်သည်းဆ အမြင့်ဆုံးမြို့များတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော် ဒါကာမြို့ဖြစ်ပြီး တစ်ဟက်တာလျင် လူဦးရေ ၅၅၅ ယောက်ခန့်ဖြစ်ပြီး အဆိုပါ လူဦးရေမှာ အဆမတန်လူထူထပ်သည့် အနေ အထားဖြစ်ပြီး တစ်ဦးနှင့်တစ်ဦးပူးကပ်ထပ်လျက် နေထိုင်ရနိုင်သည့် အနေအထားမျိုး ဖြစ်ကြောင်း နိုင်ငံတကာမြို့ပြပညာရှင်များ က မှတ်ချက်ချထားကြောင်း ဒေါ်လှိုင်မော်ဦး ကပြောသည်။
ရန်ကုန်မြို့တွင်မူ စမ်းချောင်းမြို့နယ် သီရိလမ်းအတွင်းရှိ လူဦးရေသိပ်သည်းဆကို လေ့လာခဲ့ရာ တစ်ဟက်တာလျင် လူဦးရေ ၁,၄၈၂ ယောက် နေထိုင်ကြောင်း တွေ့ရှိခဲ့သည်။ ထို့ပြင် ရန်ကုန်မြို့တွင်း လူဦးရေ သိပ်သည်းမှု အများဆုံး မြို့နယ်သည် စမ်းချောင်းမြို့နယ် ဖြစ်သည်။ "ကမ္ဘာပေါ်မှာ လူဦးရေ သိပ်သည်းမှုအများဆုံးလို့ သတ်မှတ်ထားတဲ့ ဒါကာမြို့ ထက် ရန်ကုန်က တချို့ရပ်ကွက်တွေက တစ်ဟက်တာကို တစ်ထောင်ကျော်နေထိုင် နေတာဟာ အရမ်းကိုများပြားတဲ့ လူဦးရေ သိပ်သည်းမှုပါပဲ။ ဒါဟာ အဲဒီနေရာမှာနေတဲ့ လူတွေရဲ့ လူမှုရေး၊ စီးပွားရေး၊ မြို့ပြနဲ့ ပတ်သက်တဲ့ အခြေခံအဆောက်အအုံတွေ ပြဿနာရှိလာတဲ့ အနေအထားဖြစ်နေပါပြီ" ဟု ၎င်းကပြောသည်။ လူဦးရေသိပ်သည်းဆ များပြားမှုနှင့်အတူ မြို့ပြဖွံ့ဖြိုးမှုများကိုလည်း တွန်းတိုက်လုပ် ဆောင်နေသည့်အချိန်တွင် အချို့နေရာများ၌ ထိန်းချုပ်လုပ်ဆောင်သင့်ကြောင်းမြို့ပြပညာရှင်များက အကြံပြုသည်။ "လူဦးရေသိပ်သည်းမှု မြင့်မားနေတဲ့ လက်ရှိအခြေအနေက ထိန်းချုပ်ဖို့ အချိန်ဖြစ်နေပါပြီ။ အဲဒါကြောင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု ကို မလုပ်ရဘူးလို့ မပြောပါဘူး။ ဒါပေမဲ့ လူဦးရေအရမ်းများနေတဲ့ နေရာမှာထက် လူဦးရေသိပ်သည်းမှုနည်းနေသေးတဲ့ နေရာမျိုးမှာ ဖွံ့ဖြိုးတိုးတက်မှုကအများကြီးလုပ်လို့ ရပါတယ်" ဟု ဒေါ်လှိုင်မော်ဦးက ပြောသည်။
လူဦးရေသိပ်သည်းမှုနှင့် မြို့ပြဖွံ့ဖြိုး တိုးတက်မှုသည် ချိတ်ဆက်လျက်ရှိပြီး ရန်ကုန် မြို့၏ မြို့ပြဖွဲ့စည်းတည်ဆောက်မှု ပုံသဏ္ဌာန် ပြောင်းလဲလာခြင်းများကြောင့်လည်း ရန်ကုန် မြို့၏ လူနေထိုင်မှုနှင့် အဆောက်အအုံများပြွတ်သိပ်ကျပ်လာခဲ့ခြင်းဖြစ်သည်။ ရန်ကုန်မြို့သည် ယခင်ကလုံးချင်းနှစ်ထပ် တိုက်များဖြင့် မြေနေရာကျယ်ကျယ်ဝန်ဝန်းရှိသည့် အနေအထားများမှ အထပ်မြင့် အဆောက်အအုံများကို လမ်းကျဉ်းများထဲ တွင် ဆောက်လုပ်ခြင်း၊မြေကွက်ကျယ်များ ကို အစိပ်စိပ်ခွဲခြမ်းရောင်းချခြင်း၊ ရေကန်များကို မြေဖို့ဆောက်လုပ်ခြင်းများ၊ ကားအစီးရေအများအပြား ဝင်ရောက်လာခြင်းများ ကြောင့် ရန်ကုန်မြို့၏မြို့ပြဖွဲ့စည်းမှုပုံသဏ္ဌာန် မှာ စနစ်မကျမှုများဖြင့်ကျပ်တည်းခက်ခဲ သည့် မြို့ပြပုံစံဖြစ်လာခဲ့ကြောင်း ပညာရှင် များက ပြောသည်။ ထို့ပြင် ရန်ကုန်မြို့တွင်အထပ်မြင့် အဆောက်အအုံများ များစွာဆောက်လုပ်ခွင့် ရရှိခြင်းများနှင့်အတူ ဆောက်လုပ်သည့်အခါ တွင်လည်း အဆောက်အအုံဘေးပတ်လည် မြေချန်သည့်စနစ်တွင် စနစ်မကျမှုများ ကြောင့် မြို့ပြနှင့်မြို့ပြနေထိုင်သူများအတွက် နောက်ဆက်တွဲ အကျိုးဆက်များစွာ ဖြစ်ပေါ် လာစေခဲ့ကြောင်း မြန်မာနိုင်ငံဗိသုကာ အသင်း၏ အလုပ်အမှုဆောင် ဒေါ်လှစုမြတ် က ပြောသည်။ "ရန်ကုန်မှာ အဆောက်အအုံတွေကိုအထပ်မြင့် ဆောက်လုပ်ခွင့်ပေးတဲ့အခါမှာ အဆောက်အအုံ အရှေ့ အနောက်နဲ့ ဘေး ပတ်လည် မြေချန်တဲ့စနစ်နဲ့ဆောက်ခွင့်ပေးကြတယ်။ အထပ်မြင့်တွေကိုဆောက်ရင် ပိုပြီး မြေချန်ဆောက်ရမှာပါ။ ဒါပေမဲ့ ဒီမှာက မြေချန်ပြီးဆောက်တော့ ဆောက်ပါတယ်။ ချန်တာ အရမ်းကို နည်းလွန်းတဲ့အတွက် တိုက်တွေက တစ်တိုက်နဲ့တစ်တိုက် နီးကပ် ကုန်တယ်။ လေဝင်လေထွက်မရှိတော့ မီးဘေး အန္တရာယ်တွေ စိုးရိမ်ရတယ်။ အဆောက်အအုံတွေကလမ်းတွေနဲ့ အရမ်းနီးပြီး ကားတွေ ရပ်နားတာနဲ့ လမ်းတွေပိတ်ကုန်တယ်။ အဲဒီ အကျိုးဆက်တွေ ဖြစ်ကုန်ပါတယ်"ဟု ၎င်းက ပြောသည်။
ယင်းကဲ့သို့ ရန်ကုန်မြို့၏ အလျဉ်းသင့်သလိုဆောက်လုပ်နေသည့် အဆောက်အအုံများအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာနှင့် မြို့ပြပညာရှင်များက အဆောက်အအုံ အမြင့်ကန့်သတ်ချက်နှင့် မြို့မြေအသုံးချမှုဇုန် များ ရေးဆွဲရန်ပြင်ဆင်နေသည့် အချိန်တွင် ရန်ကုန်မြို့၌ အထပ်မြင့်အဆောက်အအုံ စီမံကိန်းများစွာ လျင်မြန်စွာ ထွက်ပေါ်လာနေ သည်ကိုလည်း တွေ့ရသည်။ ထို့ပြင် မြို့ပြဖွံ့ဖြိုးမှုအတွက် အထပ်မြင့် အဆောက်အအုံများ၊ စီးပွားရေးအဆောက် အအုံများ တစ်စတစ်စတိုးချဲ့ဆောက်လုပ် ခြင်းဖြင့် ရန်ကုန်မြို့တွင်းရှိ အများပြည်သူ အတွက် အပန်းဖြေအနားယူနိုင်မည့် နေရာ လွတ်များ နည်းပါးလာခြင်း၊ မြို့ပြအမွေအနှစ် ထိန်းသိမ်စောင့်ရှောက်မှုများ လျော့နည်းလာခြင်းများ ဖြစ်လာခဲ့ကြောင်း ရန်ကုန် မြို့ပြအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက် ရေးအဖွဲ့က ညွှန်ကြာရေးမှူး ဒေါ်မိုးမိုးလွင်က ပြောသည်။ "ရန်ကုန်မြို့မှာ ပြည်သူတွေအတွက် နေရာလွတ်ဆိုတာ အရမ်းရှားသွားပါပြီ။ နေရာလွတ် မှန်သမျှကို ဖွံ့ဖြိုးတိုးတက်မှု အတွက် ဆောက် လုပ်ရေးလုပ်ငန်းတွေကို ပေးလိုက်ကြတယ်။ နောက်ဆုံး လူသွားလမ်းတွေကိုဖျက်ပြီး ကား ပါကင်အတွက် နေရာချဲ့တဲ့အထိ လူတွေက သွားစရာလမ်းတွေမရှိတော့ဘဲ ကားတွေ ကပဲ နေရာယူထားတဲ့အထိ ဖြစ်နေပါ တယ်" ဟု ၎င်းကပြောသည်။ ထို့ပြင် ရန်ကုန်မြို့၏ အများပြည်သူ အသုံးပြုနိုင်သော နေရာများ နည်းပါးခြင်း သည် မြို့ပြနေထိုင်သူများအတွက် လူမှုရေး၊ ကျန်းမာရေးများအထိ ထိခိုက်နိုင် ကြောင်း ECO-Dev Myanmar မှ ညွှန်ကြား ရေးမှူး ဦးဝင်းမျိုးသူကပြောသည်။
"ရန်ကုန်မြို့မှာ ဒီလိုအများပြည်သူသုံး နေရာလွတ်တွေ ရှားပါးတဲ့အတွက် ပြည်သူ တွေရဲ့ စိတ်လက်အပန်းဖြေမှုတွေကို လျော့နည်းလာစေသလို ကျန်းမာရေးတွေကိုလည်း ထိခိုက်စေပါတယ်။ အခု ဆိုရင် ရန်ကုန်မြို့မှာ ငါးနှစ်အောက်ကလေးတွေမှာ အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါတွေ အဖြစ်များလာတာကို တွေ့ရပါတယ်။ ဒါဟာ သတိထား သင့်နေ တဲ့ အခြေအနေဖြစ်နေပါပြီ" ဟု ၎င်းက ပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties