By Messenger, Shweproperty.com
Updated at 9 July 2015
ဥရောပသမဂ္ဂ၏ ထောက်ပံ့မှုဖြင့် စတင်ခဲ့သော နှစ်နှစ်တာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်း ဌာနခွဲ စွမ်းဆောင်ရည် မြှင့်တင်ရေးစီမံကိန်း ပြီးဆုံးပြီ ဖြစ်ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ထံမှ သတင်းရရှိသည်။
““လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ မြို့ပြစီမံကိန်း ရေးဆွဲခြင်းနဲ့ထိန်းသိမ်း စောင့်ရှောက်ရေး ကဏ္ဍတွေအတွက် တကယ့်ကို အရေးကြီးတဲ့ ခြေလှမ်းတွေကို လျှောက်လှမ်းနိုင်ခဲ့ကြပြီ ဖြစ်ပါတယ်။ မြို့ပြစီမံခန့်ခွဲဖို့နဲ့ အမွေအနှစ်တွေကို ကာကွယ်စောင့်ရှောက်ဖို့အတွက် လိုအပ်တယ်ဆိုတာကို ယနေ့ခေတ်မှာ ပိုပြီးနားလည်သဘော ပေါက်လာကြပြီ ဖြစ်ပါတယ်။
ဥရောပသမဂ္ဂရဲ့ ကူညီထောက်ပံ့မှုတွေကြောင့် ဒီလိုအပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တာပါ။ ဒီစီမံကိန်းဟာ ဥရောပသမဂ္ဂနဲ့ နီးကပ်စွာပူးပေါင်း ဆောင်ရွက်မှုနဲ့ အဆုံးသတ်မဟုတ်ဘဲ အစပြုခြင်းသာ ဖြစ်တယ်လို့ ကျွန်တော်အများကြီး မျှော်လင့်ပါတယ်”” ဟု ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ (YHT) တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသန့်မြင့်ဦးက ပြောသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (YCDC) မြန်မာ အီးဂရက်နှင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲတို့ ပူးပေါင်း အကောင်အထည် ဖော်ခဲ့သည့် ကော်မတီ၏ မြို့ပြစီမံကိန်း ဌာနခွဲ၏ စွမ်းဆောင်ရည် မြှင့်တင်ရေး စီမံကိန်းမှာ လွန်ခဲ့သည့် သီတင်းပတ်က ပြီးဆုံးခဲ့ခြင်း ဖြစ်သည်။
ယင်းစီမံကိန်း၏ တစ်စိတ်တစ်ဒေသအဖြစ် ရန်ကုန်မြို့တော်ဝန်နှင့် YCDC တာဝန်ရှိသူများ၊ အခြားဝန်ကြီးဌာနများမှ အရာရှိများကို ဥရောပ မြို့တော် သုံးမြို့ (အမ်စတာဒမ်း၊ အန့်ဆ်ဝပ်နှင့် လန်ဒန်)သို့ သွားရောက်သည် လေ့လာရေး ခရီးစဉ်အား၂၀၁၄ ခုနှစ်၊ ဇွန်လက စီစဉ်ပေးခဲ့ပြီး၊ မြို့ပြစီမံကိန်းဌာနခွဲမှ ဝန်ထမ်းများ အတွက်လည်း ၂၀၁၅ ခုနှစ်၊ ဧပြီလတွင် ဂျကာတာနှင့် ပီနန်မြို့များသို့ သွားရောက် လေ့လာနိုင်ရန် စီစဉ်ပေးခဲ့ကြောင်း သိရသည်။
မြို့ပြစီမံကိန်းဆိုင်ရာ မူဝါဒနှင့် လုပ်ထုံးများ ပိုမို ကောင်းမွန်လာစေရေးအတွက် YCDC မြို့ပြစီမံကိန်းဌာနခွဲ၏ အဖွဲ့အစည်းဆိုင်ရာနှင့် လုပ်ငန်း ဆောင်ရွက်မှုဆိုင်ရာ စွမ်းဆောင်ရည်များကို မြှင့်တင်ရန်၊ ဒေသန္တရအဆင့် စီမံအုပ်ချုပ်မှုစနစ်ကို ပိုမိုအားကောင်းစေရန် မြို့ပြစီမံကိန်းကို ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်ကာ ဥရောပသမဂ္ဂ၏ ငွေကြေး ထောက်ပံ့မှုဖြင့် စတင် အကောင်အထည် ဖော်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ပြအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။
Ref : Messenger
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties