By Myanmar Times, Shweproperty.com
Updated at 6 June 2019
ရန်ကုန်၏အနာဂတ်ကို ပုံဖော်မည်ဖြစ်သော ရန်ကုန်စီမံကိန်းဘဏ် (Yangon Project Bank) အတွင်းပါရှိသည့် စီမံကိန်းများတွင်ရင်းနှီးမြှုပ်နှံရန် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူများ ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖိတ်ခေါ်လိုက်သည်။
"ရန်ကုန်စီမံကိန်းဘဏ်ဟာ အနာဂတ် ရန်ကုန်ရဲ့ လမ်းပြမြေပုံလိုပါပဲ"ဟု ၎င်းက ဆိုသည်။
ဇွန် ၃ ရက်တွင် ပြုလုပ်ခဲ့သော YangonProject Bank စီမံကိန်းများနှင့် ပတ်သက်၍ရင်းနှီးမြှုပ်နှံသူများကို ဖိတ်ခေါ်ရှင်းလင်းသည့် ပွဲတွင် ထိုသို့ပြောခဲ့ခြင်းဖြစ်သည်။
ရန်ကုန်စီမံကိန်းဘဏ်သည် နိုင်ငံ၏ ဖွံ့ဖြိုး တိုးတက်မှုကို ရှေးရှုသော ဦးစားပေး အခြေခံ အဆောက်အအုံစီမံကိန်းများကို ထည့်သွင်းပြီးစီမံကိန်းများကို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်တည်ထောင်ထားခြင်း ဖြစ်သည်။ ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စီမံကိန်းဘဏ်၏စာရင်းတွင် ပါဝင်သော နိုင်ငံ၏ ဦးစားပေးစီမံကိန်းများကို ကြည့်ရှုပြီး ရင်းနှီးမြှုပ်နှံရန် စီမံကိန်းများကို စုစည်းပေးထားခြင်း ဖြစ်သည်။
ရန်ကုန် စီမံကိန်းဘဏ်တွင် မြို့သစ်ဖွံ့ဖြိုးရေး၊ အိမ်ရာများနှင့် ဈေးများ ပြန်လည်ဖွံ့ဖြိုးရေး၊ စက်မှုဇုန်နှင့် ဆိပ်ကမ်းများ တည်ထောင် ရေး၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးစီမံကိန်းများ၊ သယ်ယူပို့ဆောင်ရေးစီမံကိန်းများ စသဖြင့် ဦးစားပေးအခြေခံအဆောက်အအုံ စီမံကိန်း ကြီး ၈၀ ပါဝင်သည်။
"တချို့စီမံကိန်းတွေက ရင်းနှီးမြှုပ်နှံရမယ့် အရွယ်အစားသေးပါတယ်၊ ဈေးတွေ၊ ဖွံ့ဖြိုးရေးစီမံကိန်းတွေလိုပေါ့။ တချို့စီမံကိန်းတွေက ကြီးမားပါတယ်၊ စက်မှုဇုန်အသစ်တွေ တည်ဆောက်မယ်ဆိုတာမျိုးတွေပေါ့။ စီမံကိန်းတွေ က ပြည်ထောင်စုအဆင့်ကို တင်ပြဆောင်ရွက် ရမှာတွေရှိသလို တချို့လည်း လွှတ်တော်ကို တင်ပြဆောင်ရွက်ရမယ့် စီမံကိန်းတွေလည်း ပါပါတယ်"ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။
ရန်ကုန်မြို့သစ်စီမံကိန်း၊ ရန်ကုန်မိုးပျံရထားလမ်းစီမံကိန်း၊ မိုးပျံအမြန်လမ်းစီမံကိန်း၊ ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရေး စီမံကိန်း၊ Eco Green City စီမံကိန်း စသဖြင့် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ်ကြီးမားသည့် စီမံကိန်းကြီးများ ပါဝင်သည်။
ရန်ကုန်မြို့သစ်စီမံကိန်းသည် ရင်းနှီးမြှုပ်နှံ မှု အမေရိကန်ဒေါ်လာ ရှစ်ဘီလျံ၊ ရန်ကုန်မိုးပျံ ရထားလမ်းစီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ တစ်ဘီလျံ၊ ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်ရေးစီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၂ ဒသမ ၂ ဘီလျံ၊ Eco Green City စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ တစ်ဘီလျံနှင့် မိုးပျံ အမြန်လမ်းစီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ သန်း ၈၀ဝ ကျော်ရှိမည်ဟု ရန်ကုန်စီမံကိန်းဘဏ်တွင် ဖော်ပြထားသည်။
"Yangon Project Bank ထဲကို ထည့်သွင်းမယ့်စီမံကိန်းတွေကို တိုင်းတာရာမှာ ကျွန်တော် တို့အနေနဲ့ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေဘက်က စိတ်ဝင်စားမှုရှိ၊ မရှိဆိုတဲ့အချက်ကိုလည်း တိုင်းတာပြီးမှProject Bank ထဲကို ထည့်သွင်းထားတာ ဖြစ်ပါတယ်"ဟု ရန်ကုန်စီမံကိန်းဘဏ် ရေးဆွဲဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည့်PwC အာရှပစိဖိတ်၊ စီမံကိန်းနှင့် အခြေခံအဆောက်အအုံဆိုင်ရာ ဦးဆောင်သူ မတ်ရက်သ်ဘုန်းက ပြောသည်။
စီမံကိန်းဘဏ်တွင်ပါဝင်သော စီမံကိန်း များသည် အစိုးရ -ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်မှု (Public - Private Partnership - PPP)သဘာတူညီမှုဖြင့် ဆောင်ရွက်မည့် စီမံကိန်း များကိုသာ ထည့်သွင်းထားခြင်းဖြစ်သည်။
"မြန်မာနိုင်ငံမှာ Public – Private Partnership ဥပဒေမရှိသေးပါဘူး။ ဒါကြောင့် PPP နည်းလမ်းနဲ့ ဆောင်ရွက်မယ့် စီမံကိန်း တွေအတွက် ကောင်းမွန်တဲ့ မူဘောင်တွေရှိဖို့ လိုအပ်ပါတယ်။ Project Bank ရဲ့ စည်းမျဉ်းတွေမှာ ဒီမူဘောင်တွေကို ထည့်သွင်းထားပါတယ်"ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဆက်အောင်က ပြောသည်။
ရန်ကုန်သည် ပြည်တွင်းအသားတင်ထုတ် လုပ်မှုတန်ဖိုး GDP ၏ လေးပုံ တစ်ပုံခန့်ရှိပြီး နိုင်ငံ၏ စီးပွားရေး မောင်းနှင်အား ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်စီမံကိန်းဘဏ်တွင် ပါဝင်သော ဦးစားပေးစီမံကိန်းများသည် ရန်ကုန်တိုင်းဒေသကြီးအတွက်သာမက နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက်ပါ အဓိကကျသော စီမံကိန်းများ ဖြစ်သည်ဟု ရန်ကုန်စီမံကိန်းဘဏ် တွင် ဖော်ပြရှင်းလင်းထားသည်။
စီမံကိန်း ၈၀ တွင် အများစုသည် ရန်ကုန် တိုင်းဒေသကြီးအစိုးရ၏ လက်အောက်တွင် ရှိပြီး အချို့စီမံကိန်းများသည် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဖော်ဆောင်မည့် စီမံကိန်းများဖြစ်သည်။
လက်ရှိတွင် ရန်ကုန်စီမံကိန်းဘဏ်တွင် ပါဝင်သော စီမံကိန်းကြီးများအနက် အချို့သည် တင်ဒါလုပ်ငန်းစဉ်များ ဆောင်ရွက်နေမှု ရှိသလို အချို့စီမံကိန်းများသည် အစိုးရနှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတို့အကြား နားလည် မှုစာချွန်လွှာရေးထိုးထားသော စီမံကိန်းများ လည်း ပါဝင်သည်။
Ref & Photo Credit : Myanmar Times
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties