By Myanmar Times, Shweproperty.com
Updated at 4 November 2015
လွန်ခဲ့သည့် သုံးနှစ်အတွင်း အိမ်ခြံမြေ ဈေးကွက် အနေအထား အလွန်ကောင်းမွန်ခဲ့သော်လည်း ၂၀၁၄ ခုနှစ်နှစ်ကုန်ပိုင်းမှစ၍ ဈေးကွက်ငြိမ်သက်နေခဲ့ရာ လက်ရှိတွင် သိသိသာသာ အေးစက်လျက်ရှိသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ မြို့ကြီးများ ဖြစ်သည့် ရန်ကုန်နှင့် မန္တလေးမြို့များတွင် အိမ်ခြံမြေအရောင်းအဝယ်များ သိသာစွာလျော့ကျသွားခဲ့ပြီး ကွန်ဒို၊ တိုက်ခန်းငှားရမ်းမှုများလောက်သာ အလုပ်ဖြစ်ခဲ့သည်။
ထို့ပြင် ၂၀၁၅ ခုနှစ်သည် နိုင်ငံရေးအပြောင်း အလဲများ ဖြစ်ပေါ်နိုင်သည့် ရွေးကောက်ပွဲ အခြေအနေများကြောင့် နိုင်ငံ၏ စီးပွားရေးလုပ်ငန်းအများစု၏ ရင်းနှီးမြှုပ်နံှမှုမှာ စောင့် ကြည့် အနေအထားများဖြစ်ခဲ့သည့်အတွက် အိမ်ခြံမြေရင်းနှီးမြှုပ်နှံသည်လည်း ပို၍ငြိမ် သက်ကာ လွန်ခဲ့သည့်ငါးလအတွင်း ဈေးကွက် အတွင်း၌ အိမ်ခြံမြေရောင်းဝယ်မှုမရှိ သလောက်အထိ ဖြစ်ခဲ့သည်။ အိမ်ခြံမြေတွင် ရင်းနှီးမြှုပ်နှံမှုအများစုမှာ ငွေကြေးပိုလျှံ သူများ၏ ရင်းနှီးမြှုပ်နှံမှု အများ ဆုံးဖြစ်သည့်အတွက် လက်တလော ဈေးကွက် ငြိမ်သက်နေသည့် အနေအထားကို တောင့်ခံ နိုင်သူများရှိသကဲ့သို့ ငွေကြေးလိုအပ်ချက် အရ ရောင်းချရန်လိုအပ်သူများလည်း ရှိနေသည့်အတွက် ဈေးကွက်အတွင်း အရောင်း အဝယ်အချို့ ဖြစ်ပေါ်ခဲ့သည်ဟုလည်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
ရန်ကုန်အိမ်ခြံမြေ ဈေးကွက်အတွင်း ပြီးခဲ့ သည့် အောက်တိုဘာကစတင်၍ တန်ဖိုး မြင့် လုံးချင်းအိမ်များ၊ ကွန်ဒိုများကို ဈေးချကာ ရောင်းချနေသည့် သတင်းများ ထွက်ပေါ်လာ ခဲ့သည်။ ယင်းကဲ့သို့ ရောင်းချမှုများရှိသော်လည်း အဆိုပါ အိမ်မြေများ၏ လျှော့ဈေးများမှာ ဈေးကွက်အတွင်း အမှန်တကယ် ကျဆင်းသွားခြင်းမဟုတ်ဘဲ ယခင်ကအိမ်ခြံမြေ ခေတ် ကောင်းချိန်တွင် ခေါ်ဆိုထားသည့် ဈေးအမြင့် များကြောင့် ယခုအချိန်တွင် ပုံမှန်ဈေးနှုန်းများဖြင့် ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။ "တကယ်တော့ ဈေးချရောင်းတာ မဟုတ် ပါဘူး။ သူတို့က အမြင့်ဆုံးဈေးတွေ ခေါ်ထားကြတော့ အိမ်ခြံမြေဈေးတွေက အဆမတန် မြင့်နေတာ။ အခုလို ဈေးကွက်ငြိမ်နေတဲ့ အချိန်မှာ ဈေးတွေကို အရင်ပုံမှန်ဈေးကို ပြန်ဖြုတ် ချပြီး ရောင်းကြတော့ ဈေးချပြီး ရောင်းသလို ဖစ်နေတာ။ တကယ်တော့ ဈေးတွေက မကျပါ ဘူး" ဟု မြပန်းသခင် အိမ်ခြံမြေအကျိုးဆောင် ကိုမင်းမင်းစိုးက ပြောသည်။
ဈေးကွက်အတွင်းတွင် သိန်းသောင်းချီတန်သည့် လုံးချင်းအိမ်များကို ဈေးလျှော့ကာ ရောင်းချနေခြင်းသည် အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းသွားခြင်း မဟုတ်ဘဲ လုပ်ငန်း ကောင်းမွန်သည့် ပွင့်လင်းရာသီသို့ ရောက်ရှိ လာသည့်အတွက် အရောင်းအဝယ်ပြန်လည် စတင်လာခြင်းနှင့် အမြင့်ခေါ်ဈေးများကိုလျော့ကာ ရောင်းချခြင်းဖြစ်ကြောင်း အကျိုး ဆောင်များက ပြောသည်။ "ရန်ကုန်မှာ အောက်တိုဘာ လကုန်ပိုင်း လောက်ကစပြီး ကျွန်တော်တို့ဆီကို အိမ်တွေ၊ တိုက်ခန်းတွေ ရောင်းဖို့အတွက် လာအပ်တဲ့ သူတွေ ရှိလာပါတယ်။ ဈေးကွက်က တောက် လျှောက်အေးနေပေမယ့် အခုအိမ်ခြံမြေ လုပ်ငန်း လုပ်လို့ကောင်းတဲ့အချိန် ပြန်ရောက်လာ တော့ အရောင်းအဝယ်လုပ်ဖို့ ပြင်ဆင်လာတဲ့ သူတွေရှိလာပါတယ်။ ဈေးတွေကတော့ ပုံမှန်ဈေးတွေပါပဲ" ဟု Luxury Estate Myanmar မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းကဲ့သို့ တန်ဖိုးမြင့်လုံးချင်းအိမ်များ ရောင်းချမှုရှိလာခြင်းသည် အောက်ဈေး များဖြင့် အိမ်ခြံမြေများကို ဈေးကွက်တွင် ထုတ်နေခြင်းမဟုတ်ဘဲ ဈေးခေါ်မှုများသာ ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင် မှုအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့ အောင်က ပြောသည်။ "အခု ဈေးကွက်ထဲမှာ လုံးချင်းအိမ်တွေ ပြန်ရောင်းနေတာတွေက ငွေမလည် တဲ့သူ တွေ ဒါမှမဟုတ် ငွေပိုက်မထားချင်တဲ့သူ လောက်ပဲ ဈေးချရောင်းနေကြတာပါ။ ဒါပေမဲ့ ဈေးကို အဆမတန်လျှော့ပြီး အောက်ဈေးတွေ နဲ့ ချရောင်းနေတာတော့ မဟုတ် ပါဘူး။ အိမ်ခြံ မြေက ရင်းနှီးမြှုပ်နှံထားရတာများတော့ တချို့ ကျတော့ တကယ်ရောင်းတာ မဟုတ်ဘဲ ဈေးခေါ်ကြည့်တာမျိုးတွေ ရှိတယ်" ဟု ၎င်းက ပြောသည်။ သို့သော် အိမ်ခြံမြေအတွင်း ငွေမြှုပ်ကာ ငွေလိုအပ်နေသူများမှာ ယခင်နှစ်များနှင့် ယှဉ်ပါက ၂၀ ရာခိုင်နှုန်းခန့် လျှော့ချကာ ရောင်းချမှုများ ရှိနေပြီး ယင်းသို့ရောင်းချသူ ဦးရေးမှာ အိမ်ခြံမြေ ဈေးကွက်အတွင်း နည်းပါးကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ကိုင်သူ ဦးဟိန်းဇံက ပြောသည်။
"ဈေးကွက်မကောင်းတဲ့အချိန်မှာ တောင့် ခံမထားနိုင်တဲ့သူတို့၊ ငွေလိုလို့ ဗိုက်နာပြီး ရောင်းချင်နေတဲ့သူတွေကတော့ အရင်ဈေး တွေထက် ၁၀ ရာခိုင်နှုန်း၊ ၂၀ ရာခိုင်နှုန်းလောက် လျှော့ပြီး ရောင်းတာတွေ ရှိတယ်။ ဒါပေမဲ့ အဲဒါကလည်း လူတိုင်းမဟုတ်ပါဘူး အများစုက ငွေပိုလို့ ဒီမှာလာရင်းနှီးထားတဲ့ သူတွေပဲဆိုတော့ တောင့်ခံနိုင်တဲ့သူတွေက များပါတယ်။ အဲဒီလိုရောင်းတဲ့သူက ၁၀ ဦးမှာ သုံးဦးလောက်ပဲ ရှိပါတယ်" ဟု ၎င်းကပြော သည်။ ရန်ကုန်အိမ်ခြံမြေသည် ဝယ်လိုအား မြင့်တက်မှု ကြာရှည်ခဲ့သည့် အလျောက် ပြန်လည်ဈေးကစားသူများဖြင့် စည်ကားခဲ့ သည့် ဈေးကွက်ဖြစ်ခဲ့သည့်အတွက် ဈေးနှုန်း များမှာလည်း လုပ်ငန်းကောင်းခဲ့သည့် ၂၀၁၁ ကစတင်၍ တစ်စတစ်စ တက်လာခဲ့ရာ ၂၀၁၄ ခုနှစ်ခန့်တွင် အမြင့်ဆုံးအနေအထားများသို့ ရောက်ရှိခဲ့ပြီး အရှေ့တောင်အာရှတွင် ဈေး အကြီးဆုံး အိမ်ခြံမြေဈေးကွက် ဖြစ်ခဲ့သည်။
ထို့ကြောင့် ၂၀၁၄ ခုနှစ် အောက်တိုဘာ လကုန်ထိ ရန်ကုန်အိမ်ခြံမြေဈေးကွက်၏ ဝယ်လိုအား ရောင်းလိုအား ကျဆင်းနေခဲ့ သော်လည်း အိမ်ခြံမြေဈေးနှုန်းများမှာမာနေ ဆဲဖြစ်ပြီး ကျဆင်းလာခဲ့သည်ဆိုသည့် သတင်း စကားများမှာ မမှန်ကန်ခဲ့ဘဲ ဈေးခေါ်မှုများ၊ ဗိုက်နာသူများ၏ ဈေးချရောင်းမှုများကြောင့် သာ ဖြစ်ကြောင်း အိမ်ခြံမြေ အကျိုးဆောင် များကဆိုသည်။ အောက်တိုဘာအတွင်း တန်ဖိုးမြင့် အိမ်၊ ကွန်ဒိုရောင်းချမှုများ၏ ဈေးခေါ်ဆိုမှုများ သည် တစ်စတုရန်းပေလျှင် ကျပ်တစ်သိန်း ဝန်းကျင်မှ ကျပ် ၁၀ သိန်းထိ ဈေးများရှိသည့် အိမ်ခြံမြေ များရှိနေကြောင်း အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
Ref : Myanmar Times
Photo Credit : Panorama
Posted By : Wai Phyoe
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties