By Ra Wai, Shweproperty.com
Updated at 12 June 2020
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံခန့်ခွဲပိုင်ခွင့်ရှိသော မြို့နယ် ၅ မြို့နယ်ရှိ မြေဧကကွက်များကို ထပ်မံ ရောင်းချ သွားမည် ဖြစ်ကြောင်း ဇွန်လ ၉ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
လူနေထိုင်ရန်နှင့် စီးပွားရေး လုပ်ငန်းလုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ ဒဂုံမြို့သစ် အရှေ့ပိုင်း၊ တောင်ပိုင်း၊ ဒဂုံ ဆိပ်ကမ်း မြို့နယ်၊ ရွှေပြည်သာနှင့် မြောက်ဥက္ကလာပမြို့နယ်တို့မှ မြေကွက်ကျယ် ၃၂ ကွက်ကို သတ်မှတ် စည်ပင်စရိတ် ပေး သွင်း၍ မြေအသုံးပြုခွင့်ပေးကာ ရောင်းချခြင်း ဖြစ်သည်။
အဆိုပါ မြေကွက် ဝယ်ယူသူများအနေနှင့် တဦးလျှင် သတ်မှတ်ထားသည့် ဧက အလိုက် တကွက် ရောင်းချပေးမည် ဖြစ်ပြီး ဝယ်သူက လျှောက်လွှာတွင် ဝယ်ယူလိုသော ဈေးနှုန်းကို တင်သွင်း လျှောက်ထားရမည် ဖြစ်ကြောင်း သိရသည်။
ဒဂုံမြို့သစ် တောင်ပိုင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးညီညီက “ထပ်ပြီး လျှောက်လွှာ တင်ခိုင်းတယ် ဆိုတာပဲ ကျနော်တို့ သိထားတယ်။ ပြီးခဲ့တဲ့ တခေါက်က လျှောက်တဲ့ လျှောက်လွှာတွေထဲမှာလည်း ဒီမြေကွက်တွေ လျှောက်ထားတယ်ဆိုရင် ပါလာမှာပါ” ဟု ပြောသည်။
ဆက်လက်၍ ၎င်းက “ပွင့်လင်းမြင်သာမှုကတော့ အရင်ထက် တိုးတက်လာတာပေါ့။ အရင်က လမ်းဆုံ လမ်းဂွနေရာ မျိုးတွေမှာ ကျပ်သိန်း ၁၀၀၊ ကျပ်သိန်း ၉၀ ရောင်းရသလို သိန်းကို သောင်းနဲ့ချီရတဲ့ နေရာမျိုးတွေမှာလည်း သိန်းတရာ လောက်နဲ့ ရောင်းလိုက်တာမျိုးတွေ ရှိတယ်။ အခုကျတော့ ရပ်ကွက်တွင်း မပေါက်တဲ့ ဈေးတောင်ရတယ်လို့ တွေ့ရ တယ်” ဟု ဆိုသည်။
ယခု ရောင်းချမည့် မြေကွက်များမှာ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့ နယ်မှ ၇ ကွက်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မှ ၉ ကွက်၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်မှ ၇ ကွက်၊ ရွှေပြည်သာမြို့နယ်မှ ၈ ကွက်နှင့် မြောက်ဥက္ကလာပ မြို့နယ်မှ ၁ ကွက် ရောင်းချပေးမည်ဖြစ်ပြီး မြေကွက်များမှာ အကျယ်အဝန်းအားဖြင့် ၁ ကွက်လျှင် ၁ ဧက မှ ၁၃ ဧကကျော်အထိ ကျယ်ဝန်းသည်။
ဝယ်ယူရန် စိတ်ဝင်စားသူများ အနေဖြင့် ယခုလ ၃၀ ရက် နောက်ဆုံးထား၍ မြေကွက်တည်ရှိရာ မြို့နယ် စည်ပင်သာ ယာရေး အဖွဲ့ရုံးများထံတွင် လျှောက်လွှာတင်နိုင်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ပြီးခဲ့ ဇန်နဝါရီလအတွင်းက ပထမအသုတ် အနေဖြင့် မြေကွက် ၅၀၀ ကျော်နှင့် မြောင်းတကာ စက်မှုဇုန်မြေကွက် ၁၇၀ ကျော်ကို ရောင်းချခဲ့သည်။
ထိုမြေကွက်များကို ဝယ်ယူလိုသူများအား ၂၀၁၉ ခုနှစ် အောက်တိုဘာလအတွင်းက တိုင်းအစိုးရက လျှောက်လွှာ ၁ စောင်လျှင် ၁၀၀၀၀ ကျပ်နှုန်းဖြင့် ရောင်းချခဲ့ခြင်း ဖြစ်ပြီး လျှောက်လွှာ ရောင်းချမှုမှ ကျပ်သိန်းပေါင်း ၁ သောင်းကျော် ရရှိခဲ့သည်။
ထိုငွေနှင့် မြေရောင်းချခြင်းကြောင့် ရသည့်ငွေများ ပေါင်းကာ ရန်ကုန်တိုင်းအတွင်းရှိ သိမ်းဆည်းခံထားရသည် မူလ မြေပိုင်ရှင်များကို မြေ ၁ ဧကလျှင် ကျပ်သိန်း ၁၀၀ နှုန်းဖြင့် လျော်ကြေး ပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း ဝန် ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားထားသည်။
ပြီးခဲ့သည့် မြေကွက် ၅၀၀ အတွက် ဝယ်ယူရန် လျှောက်လွှာ တင်သွင်းသည့် စောင်ရေမှာ ၁၂၁၇၅ စောင်ရှိပြီး ၎င်းတို့ ကို စိစစ်ဆောင်ရွက်ခဲ့ပြီးနောက် ပထမအသုတ် တင်ဒါအောင်စာရင်း၌ ၁၉ ဦးကို ၂၀၂၀ ဇန်နဝါရီလက လည်းကောင်း၊ ဒုတိယအသုတ် တင်ဒါအောင် စာရင်းမှ၂၇၅ ဦးကို ဇွန်လ ၉ ရက်က ကြေညာထားသည်။
ယင်း မြေဝယ်ယူခွင့် ရရှိသူများအနေနှင့် YCDC နှင့် ဆက်သွယ်ပြီး ၂ လ အတွင်း ငွေပေးသွင်း ဝယ်ယူနိုင်ကြောင်း သိ ရသည်။
သို့သော် တိုင်းအစိုးရ၏ ထုတ်ပြန် ကြေညာချက်များတွင် မြေကွက် ဝယ်ယူခွင့်ရရှိသူများကို အစိုးရအနေနှင့် မည့်သည့် မူဝါဒစနစ်ဖြင့် ရွေးချယ်သည်ကို ပြည်သူများသို့ အတိအလင်း ကြေညာပေးခြင်း မရှိကြောင်း ပြီးခဲ့သည့် အသုတ်၌ လျှောက်လွှာတင်ခဲ့သည့် လုပ်ငန်းရှင်များက ပြောကြသည်။
Ref & Photo Credit: irrawaddy
Posted By: Ra Wai (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties