By Myanmar Times, Shweproperty.com
Updated at 11 May 2016
ခေတ်ဟောင်း စနစ်ဟောင်းမှ အတွေးအခေါ် ဟောင်းများကြောင့် ယခင်အစိုးရများလက်ထက်တွင် ထိန်းသိမ်းကာကွယ်ရန် ပျက်ကွက် ခဲ့သည့်အတွက် ရန်ကုန်မြို့တော်ကို အချိန်မီ ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်နေသည်ဟုရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယခုရက်သတ္တပတ်အတွင်း ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် ဆွေးနွေးပွဲတစ်ခုတွင် ပြောကြားလိုက်သည်။
ရန်ကုန်မြို့တွင် စီးပွားရေးအရ အချက်အချာကျသော အခွင့်အလမ်းကောင်းသောနေရာများတွင် စီးပွားရေးဟူသော ရည်ရွယ်ချက် တစ်ခုတည်းဖြင့် အဆောက်အအုံများ တည်ဆောက်ခဲ့ခြင်း များကြောင့် လက်ရှိတွင် လမ်းပန်းဆက်သွယ်ရေးပိုင်းတွင် အကျပ် အတည်း ဖြစ်နေရပြီး၊ "ကျွန်တော်တို့မြို့ကြီး ကို ပြန်လည်ထူထောင်နိုင်ဖို့အတွက် စံနှုန်းပျက်ကွက်တာတွေ အများကြီးရှိတယ်။ ပါဝင်ဆောင်ရွက်မှုအားနည်းပြီး မြို့ပြရဲ့ စီမံဆောင်ရွက်ခဲ့မှုတွေက ပရမ်းပတာဖြစ်ခဲ့ရပါတယ်"ဟု ၎င်းက ပြောသည်။ ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှုအခြေခံအချက် အလက်များနှင့် ပတ်သက်၍ အဆိုပြုချက်များ ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနှင့် Renaissance Institute တို့ပူးပေါင်း၍ မေလ ၅ ရက်နေ့တွင် မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အတူ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ ရန်ကုန်မြို့တော်ဝန်၊ မြို့ပြစီမံကိန်းပညာရှင်များနှင့် ဆောက်လုပ်ရေး လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။
"ရန်ကုန်မြို့ကြီးက တကယ့်ကို သမိုင်းအစဉ်အလာကြီးမားတဲ့ အဆောက်အအုံတွေ နဲ့ပြည့်နေတဲ့ မြို့တော်ဖြစ်ခဲ့ပေမဲ့ အခုချိန်မှာ ပုံပျက်ပန်းပျက်ဖြစ်နေပါပြီ။ ရန်ကုန်မြို့ ဟောင်းရဲ့ Zoning Plan ရေးဆွဲမှုက အစီအစဉ် ကျခဲ့ပေမဲ့ မြို့တော်ထဲမှာ မဆောက်သင့်တဲ့၊ မလိုက်ဖက်တဲ့ အဆောက်အအုံတွေ တည် ဆောက်ခဲ့တာတွေကြောင့် ပုံစံပျက်ယွင်းနေ ပါပြီ"ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။ ရန်ကုန်မြို့တော်ကို အချိန်မီထိန်းသိမ်းစောင့်ရှောက်ကာ အစိမ်းရောင်ရွှေမြို့တော်ဖြစ်လာစေရန် မြို့ပြပညာရှင်များ၏ အကြံပြုချက်များနှင့် တူ ပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်းလည်း ၎င်းကပြောသည်။
"မြို့ပြစီမံကိန်းရေးဆွဲတဲ့ အခါ ပညာရှင်အမြင်သက်သက်နဲ့ ဆောင်ရွက် လို့ မရပါဘူး။ ပြည်သူတွေရဲ့ ပါဝင်နိုင်မှုက လည်း အရေးကြီး ပါတယ်။ ထိန်းသိမ်းစောင့် ရှောက်ဖို့လည်း လိုပါတယ်။ ပညာရှင်တွေအားလုံးနဲ့ ရန်ကုန်မြို့တော် မြို့ပြစီမံကိန်းကို ပြန်လည်သုံးသပ်ဖို့ လိုပါတယ်"ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။ ရန်ကုန်မြို့တွင် ယာဉ်ကြောပိတ်ဆို့မှုများ၊ ရှေးဟောင်းအမွေ အနှစ်အဆောက်အအုံ များကို ထိန်းသိမ်းရန် လျော့နည်းခဲ့ခြင်းနှင့် ပုံစံ မကျသော ဖွံ့ဖြိုးတိုး တက်ခဲ့ခြင်းမှာ ယခင် အစိုးရလက်ထက်တွင် ပညာရှင်များ၏ အကြံ ပေးချက်များကို လက်မခံခဲ့ခြင်းကြောင့်ဖြစ်သည်ဟု မြို့ပြစီမံခန့်ခွဲရေးပညာရှင်ဖြစ်သူ ဒေါက်တာကျော်လတ်က ပြောသည်။
"ရန်ကုန်မြို့မှာ အခုလိုကြုံနေရတဲ့ ပြဿနာကို ဖြေရှင်းဖို့ ပညာရှင် တွေက အရင် လွှတ်တော် ကိုယ်စားလှယ်တွေ ကို တင်ပြခဲ့ပေမဲ့ လက်မခံခဲ့ဘူး။ အဲဒါ ကြောင့် အခုလွှတ်တော် ကိုယ်စားလှယ်တွေ က စိစစ်ပေးပါ။ ဆောင်ရွက်ကြပါလို့ ပြောချင် ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော်တို့က ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး။ ဆုံးဖြတ်ချက် ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဒါမှမဟုတ် လွှတ်တော်အနေနဲ့ ဒါတွေကို သုံးသပ်ပေးပြီး လက်ခံစေချင်ပါတယ်" ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့်အစိုးရလက်ထက်တွင် ရန်ကုန် မြို့ဧရိယာချဲ့ထွင်ခြင်းများကို တွင်ကျယ်စွာ ဆောင်ရွက်ခဲ့သော်လည်း တိုးချဲ့မြို့သစ်များ တွင် မြေကွက်လွတ်များကို စနစ်တကျ အကျိုး ရှိစွာ အသုံးမပြုခဲ့ဘဲ ရန်ကုန်မြို့တော်၏ လူဦး ရေမှာ လက်ရှိအချိန်တွင် ငါးသန်းခန့် ရှိနေပြီး နောင်နှစ် ၂၀ ခန့်တွင် ၁၀ သန်းမှ ၁၁ သန်း ကြားထိ တိုးပွားလာနိုင်သည့်အတွက် ထိုသို့ တိုးများလာမည့် လူဦးရေအတွက် မြို့သစ် တိုးချဲ့ခြင်းများကို ဆောင်ရွက်ထားရှိရန်လို အပ်ကြောင်း ဒေါက်တာကျော်လတ်က ပြောသည်။ "ရန်ကုန်တိုင်းဒေသကြီး ဧရိယာက ၁၉၈၈ ခုနှစ်မှာ ၈၈ စတုရန်းမိုင်ပဲ ရှိခဲ့ပေမဲ့ အခုချိန် မှာ ၃၀၀ စတုရန်းမိုင် တောင်ကျော်နေ ပါပြီ။ မြို့သစ်ဧရိယာချဲ့ထွင်ခြင်းတွေနဲ့အတူ မြို့သစ် ဧရိယာမှာရှိတဲ့ မြေကွက်လွတ်တွေကို အကျိုး ရှိအောင်သုံးဖို့ စနစ်ကျတဲ့ အစီ အစဉ်တွေ ကြိုဆွဲထားသင့်ပါတယ်။ အခု လက်ရှိ အနီးစပ်ဆုံးကို ပြောရမယ်ဆိုရင် ဒလ တံတားတည်ဆောက်ပြီးပါက ဒလမှာရှိတဲ့ မြေကွက်လွတ် ဧကပေါင်း ၁၅,၀၀၀ ကို အကျိုး ရှိအောင်သုံးနိုင်ဖို့ စီမံကိန်းကြိုဆွဲထား သင့်ပါတယ်"ဟု ၎င်းက ပြောသည်။
တိုင်းဒေသကြီးအစိုးရနှင့် မြို့တော်စည်ပင် သာယာရေးကော်မတီတို့က လက်ရှိအကောင် အထည်ဖော်လျက်ရှိသည့် စီမံကိန်းများမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီတို့ ပူးပေါင်းရေးဆွဲ ထားသည့် ရန်ကုန်မြို့မဟာဗျူဟာစီမံကိန်း ၂၀၄၀ တွင် ပါဝင်သည်ဟု မြို့ပြနှင့် မြေစီမံခန့်ခွဲမှုဌာနမှ မြို့ပြ စီမံကိန်းပညာရှင် ဦးတိုး အောင်က ပြောသည်။ "ရန်ကုန်မြို့မဟာဗျူဟာစီမံကိန်းက လာမည့် နှစ် ၂၀၄၀ ထိ ဆွဲထားတဲ့ စီမံကိန်းကြီး။ အဲဒီအထဲကနေ တစ်ခုပြီး တစ်ခု အကောင်အထည်ဖော်နေတာပဲ။ ဒီစီမံကိန်းကြီးကို အကောင်အထည်မဖော်ရသေးဘူးလို့တော့ ပြောလို့မရဘူး။ ရန်ကုန်မှာ အခုလုပ်နေတဲ့ လုပ်ငန်းမှန်သမျှကလည်း အဲဒီစီမံကိန်းကြီးရဲ့ ဘောင်ထဲကနေ မလွတ်သေးဘူး" ဟု ၎င်းက ပြောသည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties