By Messenger, Shweproperty.com
Updated at 16 December 2015
ယာဉ်ကြော ထိန်းသိမ်းရေး စင်တာ တည်ဆောက်ရေး လုပ်ငန်းများ လုပ်ဆောင်ကာ မီးပွိုင့်များအား အဆင့်မြှင့်တင်ပြီး ယာဉ်ကြော ရှုပ်ထွေးမှု ဖြစ်ပွားနေသော နေရာများအား LED ဘုတ်ဖြင့် ပြသပေးမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
''ရန်ကုန်မြို့မှာ အကြမ်းဖျင်း တွက်ချက်မှု အရ မီးပွိုင့် (၁၆၅)ခုရှိ တယ်။ မီးပွိုင့်တိုင်းမှာ လေးဖက်လေးတန် (Sensor) ဖြတ်ထားမယ်။ ကားတွေကို ထိန်းချုပ် စင်တာကနေ စောင့်ကြည့်မယ်။ ယာဉ်ကြော ရှုပ်ထွေးနေတဲ့ နေရာကို အလွယ်တကူ သိနိုင်အောင် မီးပွိုင့်တိုင်းမှာ LED ဘုတ်နဲ့ ပြပေးထားမယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့မှ ဒုတိယရဲမူးကြီး အောင်ကို ဦးက The Messenger Media သို့ပြောသည်။
လက်ရှိ အစိုးရ လက်ထက်တွင် ရန်ကုန်မြို့တော် ယာဉ်ကြော ပိတ်ဆို့မှု ဖြေရှင်းရေးနှင့် ပတ်သက်၍ အပိုင်း နှစ်ပိုင်းခွဲကာ ပြည်ထောင်စု အစိုးရအဖွဲ့မှ မြန်မာငွေကျပ် (၁၀) ဘီလီယံကို စိုက်ထုတ် ဆောင်ရွက်ခဲ့ပြီး၊ ဒုတိယ လုပ်ငန်းစဉ် ဖြစ်သည့် ယာဉ်ကြော ကျပ်တည်းမှု ဖြေရှင်းရေး အတွက် ကျပ်ငွေ (၂၀)ဘီလီယံ စိုက်ထုတ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ဟု တိုင်းဒေသကြီး အစိုးရ အဖွဲ့ထံမှ သိရသည်။
အဆိုပါ ယာဉ်ကြော ကျပ်တည်းမှု ဖြေရှင်းရေး အတွက် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ကရင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောထွန်းအောင်မှ ဦးဆောင်ပြီး ကွန်ပျူတာ ပညာရှင်များ အဖွဲ့၊ လမ်းတံတား အင်ဂျင်နီယာနှင့် ပတ်သက်၍ နိုင်ငံတကာမှ ပညာရှင်များ၊ ယာဉ်ထိန်း ရဲတပ်ဖွဲ့နှင့် မော်တော်ယာဉ်လိုင်းများနှင့် NGO အဖွဲ့အစည်း အဖြစ် မထသ (ဗဟို) မှ ဥက္ကဋ္ဌ ဦးလှအောင်က အဖွဲ့ဝင် အဖြစ် ပါဝင်ကြောင်း သိရသည်။
'' (EOI) စိတ်ဝင်စားမှု တောင်းခံတဲ့အခါမှာ ယာဉ်ကြော ကျပ်တည်းမှု အများဆုံးဖြစ်တဲ့ မီးပွိုင့်တွေမှာ ဘယ်လိုစနစ်နဲ့ ပြောင်းလဲ လုပ်ကိုင်မလဲဆိုပြီး ဒီဇိုင်း တည်ဆောက်မှုကို နိုင်ငံတကာ ကုမ္ပဏီတွေကို ရေးဆွဲ တင်သွင်းခိုင်းထားတယ်။
ရရှိလာတဲ့ ဒီဇိုင်းအပေါ် မူတည်ပြီး ပစ္စည်းသုံးစွဲမှုနဲ့ ဆော့ဖ်ဝဲလ်ပိုင်း အရေးကြီးတဲ့ အတွက် အဓိကထား ဆောင်ရွက်ထားတယ်၊ မီးပွိုင့် ထိန်းချုပ်ရေး စင်တာအတွက် မြေနေရာကို ရန်ကုန်မြို့တော် စည်ပင်သာယာ အဖွဲ့က ပြည်သူ့ရင်ပြင် ဥယျာဉ်ထဲမှာ တစ်နေရာပေးဖို့ လျာထားတယ်'' ဟု မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင်က ဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ (Traffic Volume ) တွက်ချက်မှု အရ နိုင်ငံဖွံ့ဖြိုး တိုးတက်လာသည်နှင့် အမျှ ယာဉ်ကြော ကျပ်တည်းမှု ပြဿနာမှာ ပူးတွဲပါလာကြောင်း၊ ဒေသအတွင်း နိုင်ငံတွေကို ကြည့်လျှင် သိနိုင်ကြောင်း၊ အားလုံးဖြေရှင်းနိုင်ဖို့ ဆိုလျှင် လေးထပ်၊ ငါးထပ်တံတားများ တည်ဆောက်မှသာ ဖြစ်နိုင်မည်ဟု ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့မှ သစ်တောနှင့် စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောသည်။
''မြေပြင်မှာ မီးပွိုင့်လုံး၀ မရှိဖို့ဆို လေးညှင်းပွင့် ပုံဏ္ဌာန် အထပ်ထပ် တံတားတွေ ဆောက်ဖို့လိုတယ်။ ဆိုလိုတာက ဒီလိုတံတား တည်ဆောက်ဖို့ တာမွေမီးပွိုင့်ကို စာရင်းတွက်ချက်ကြည့်တာ ငါးဆလောက် ပိုကုန်မယ်။ အခု တည်ဆောက်တဲ့ တံတား ကုန်ကျစရိတ်က (၂၂ ဒသမ ၅) ဘီလီယံ ဆိုတော့ ဒီလိုအထပ်မြင့် တံတား တစ်စင်းကို (၁၁၀)ဘီလီယံ ကျော်ကုန်မယ်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ကို ပြည်ထောင်စု အစိုးရအဖွဲ့ ဘတ်ဂျက်ခွဲတမ်း (၈၀) ဘီလီယံ ပေးထားတယ်။ ဒီလို တံတားတစ်စင်း ဆောက်လိုက်တာနဲ့ ကျန်တဲ့ လုပ်ငန်းတွေ လုပ်လို့ရမှာ မဟုတ်ဘူး။ သစ်မရှိခင် စပ်ကြား ဝါးပေါင်း ကွပ်တဲ့အနေနဲ့ ဒီလိုတံတားတွေ တည်ဆောက်ခြင်း ဖြစ်တယ်'' ဟု အဆိုပါဝန်ကြီးက ဆက်ပြောသည်။
ယင်းတံတားများ တည်ဆောက်ခြင်းမှာ လွှတ်တော်နှင့် ပြည်ထောင် စု လွှတ်တော်မှ အတည်ပြုခြင်းကြောင့် တစ်ပြိုင်နက် တည်ဆောက်ခြင်း ဖြစ်ကြောင်း၊ ယာဉ်ကြော ပိတ်ဆို့မှု ဖြေရှင်းနိုင်ရေး အချက် တစ်ချက် အနေဖြင့် လှိုင်သာယာမှ ရန်ကုန်သို့ ရေကြောင်း ခရီးစဉ်သွားလာမှုဖြင့် ပြင်ပကုမ္ပဏီ တစ်ခုမှ ဆောင်ရွက်ခဲ့ကြောင်း၊ စီးမည့်သူ မရှိသောကြောင့် အရှုံးပေါ်၍ ရပ်ဆိုင်းသွားကြောင်း၊ အဆိုပါ လုပ်ငန်း လုပ်ဆောင်လိုပါက ဖိတ်ခေါ်ထားကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။
Ref : Messenger
Photo Credit : Messenger
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties