By Myanmar Builders Guide, Shweproperty.com
Updated at 13 February 2019
ရန်ကင်းအိမ်ရာတည်ဆောက်ရေးစီမံကိန်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ဂျပန်အစိုးရတို့ ပူးပေါင်းတည်ဆောက်မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ကပြော ကြား ထားပါသည်။
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီလ ၁၀ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါတိုက်ခန်းများတွင် လက်ရှိနေထိုင်သူများနှင့် တွေ့ဆုံရာ၌ ၎င်းတို့က ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
ယင်းစီမံကိန်းကို ဂျပန်နိုင်ငံနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်လုပ်ရန် စီစဉ်နေခြင်းဖြစ်ပြီး ၁ ရပ်ကွက်မှ ၆ ရပ်ကွက်အထိ တိုက်ခန်းပေါင်း ၃,၀၀၀ ကျော်ရှိမည့် စီမံကိန်းဖြစ်ကာ ၈ နှစ်မှ ၁၀ နှစ်ကြား ကြာမြင့်မည်ဖြစ်ကြောင်း၊ စီမံကိန်းကာလအတွင်း လက်ရှိနေထိုင်သူများ ယာယီပြောင်းရွေ့နေထိုင်ရန် ပြေင်းရွေ့စရိတ်ကို ထုတ်ပေးမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောကြားထားပါသည်။
" မြို့ပြ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူး ဦးစားပေးအနေနဲ့ ရန်ကင်းအိမ်ရာစခန်း စီမံကိန်းကို ဆောင်ရွက်တာပါ။ ရန်ကုန်မြို့က လူဦးရေ ဆယ်သန်းလောက် ဖြစ်လာမဲ့အချိန်မှာ မြို့ဟောင်း ဧရိယာတွေကို ကြိုတင်တိုးချ့ဲတာပါ။" ဟု ၎င်းက ပြောကြားထားပါသည်။
လက်ရှိ ရန်ကင်းအိမ်ရာများသည် နှစ်သက်တမ်း ၅၀ ကျော်ရှိနေပြီဖြစ်၍ အဆောက်အအုံများ၏ ကြံခိုင်မူပိုင်း အားနည်းလာပြီဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပညာရှင်များကပြောကြားထားပါသည်။
ရန်ကင်းတိုက်ခန်းများတွင် လက်ရှိ နေထိုင်သူများအနေနှင့် အဆိုပါ စီမံကိန်းနှင့်ပက်သတ်၍ မူလ တိုက်ခန်းဧရိယာအကျယ်အတိုင်း ပြန်မရမည်ကိုစိုးရိမ်နေကြပြီး ပြေင်းရွေ့စရိတ် ထုတ်ပေးမည့်အပေါ်လည်း တိတိကျကျ မသိရသည့်အတွက် ဝေဖန်မူများလည်းရှိနေပါသည်၊
" ရွေ့ပြောင်းတဲ့အခါမှာ ဒီမိသားစုတွေနေဖို့ နေရာရှိရဲ့လား။ အဲ့ဒါလည်း စဉ်းစားပေးရမှာပါ။ ရန်ကုန်မှာ တိုက်ခန်းဌားနေဖို့ အခက်အခဲ ရှိနေတယ်" ဟု ရန်ကင်းဒေသခံတစ်ဦးကပြောကြားထားပါတယ်။
ရန်ကင်းမြို့နယ် ၁ ရပ်ကွက်မှ ၆ ရပ်ကွက်အထိ တိုက်ခန်းပေါင်း ၃,၂၆၁ ခန်းရှိသည့်အနက် ကျူးကျော်အဖီဆွဲထားသည့် တိုက်ခန်းပေါင်း ၁,၀၈၉ ခန်းရှိပြီး ကျူးကျော်အဆောက်အဦးမှာ ၆၀၀ ကျော်ရှိကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကောက်ယူထားသည့် စာရင်းများအရ သိရှိရပါသည်။
" တိုက်ခန်း တော်တော်များများက အသစ်ပြန်ဆောက်ဖို့လိုနေပြီ။ ဘာကြောင့်လည်းဆိုတော့ ရေမြောင်းစနစ်တွေ မကောင်းတော့ဘူး။ မိလ္လာစနစ်တွေ မကောင်းတော့ဘူး။ အမိုးတေါ မကောင်းတော့ဘူး။ အဆောက်အအုံကတော့ ခိုင်ခိုင်ခန့်ခန့် ရှိပါသေးတယ်" ဟု ရန်ကုန်မြို့နယ် ၃ ရပ်ကွက်တွင်နေထိုင်သည့် အငြိမ်းစား လက်ထောက်ညွန်ကြားရေးမှူးတစ်ဦးက ထောက်ပြထားပါသည်။
လက်ရှိ ရန်ကင်းအိမ်ရာ တိုက်ခန်းများကို အစိုးရက တစ်ခန်းလျှင် တစ်စတုရန်းပေအတွက် ၁၂ ကျပ်နှုန်းဖြင့် ကောက်ခံနေခြင်းဖြစ်ပြီး အိမ်ရာစီမံကိန်း ဖော်ဆောင်ပြီးပါက တိုက်ခန်းတစ်ခန်းလျှင် ၂၅ ကျပ်နှုန်း ကောက်ခံရန်စီစဉ်ထားကြောင်းသိရှိရပါသည်။
ယခုဖော်ဆောင်မည့် စီမံကိန်းဧရယာ အကျယ်အဝန်းမှာ ဧက ၉၀ နီးပါးရှိကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနထံမှသိရှိရပါသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties