By နိုနိုအောင်, Shweproperty.com
Updated at 19 February 2013
လှိုင်သာယာမြို့နယ်၌ အိမ်ငှားခများဈေးတက်မည်ဟူသော သတင်းကြောင့်ဟုဆိုကာ ပီမိုးနင်းလမ်းရှိ တန်ဖိုးနည်းအိမ်ရာဆောက်လုပ်မည့် မြေကွက်တွင်ကျူးကျော်နေထိုင်ကြရာမှ အဆိုပါကျူးကျော် နေထိုင်သူများ က လာရောက်တားဆီးသူ ဌာနဆိုင်ရာဝန်ထမ်းများကိုလက်နက်များဖြင့် ခြိမ်းခြောက်မောင်းထုတ်မှု ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်ဖြစ်ပွားခဲ့သည်။
ရာနှင့်ချီသော နေထိုင်သူများသည်မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် Star Light ဟုဆိုသော ကုမ္ပဏီတို့ပူးပေါင်းဆောင်ရွက်သည့် ၁၆ ဧကရှိသည့် တန်ဖိုးနည်းအိမ်ရာစီမံကိန်းမြေပေါ်တွင် နေထိုင်ရန် ဇန်နဝါရီလ ၃၁ ရက်နေ့ည ၈ နာရီခန့်က ရောက်ရှိလာကြသည်ဟု ကိုယ်တိုင်မြင်တွေ့သူများကပြောသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့မနက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများက ၎င်းတို့ဆောက်ထားသော အိမ်များကိုဖျက်စေခဲ့ကြောင်း သိရသည်။
သို့သော် နေ့လယ်အချိန်ခန့်တွင်နေထိုင်သူများက အိမ်များကို ပြန်လည်ဆောက်နေကြပြီး တာဝန်ရှိသူများဒုတိယတစ်ကြိမ် လာရောက်တားဆီးရာတွင် ဝါးရင်းတုတ်များ၊ ဓားမများကိုင်၍ခြောက်လှန့်ခဲ့ကြသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်က ရဲတပ်ဖွဲ့ဝင်များ လာရောက်တားဆီးချိန် တွင်မူ အဆိုပါနေထိုင်သူများက တာဝန်ရှိသူများအား လိုက်လံရိုက်နှက်သည် အထိ အခြေအနေတင်းမာခဲ့သည်။
''မနေ့ညကစပြီး ဒီလူတွေ ရောက်လာကြတယ်။ အိမ်တွေလည်း စဆောက်ကြတယ်။ အစက အဲဒီလောက် မဟုတ်သေးပါဘူး။ ဒါပေမဲ့ တဖြည်းဖြည်း များလာပြီး မိုးလည်းလင်းရော အိမ်တွေ တစ်ကွင်းလုံး အပြည့်ဖြစ်နေတာပဲ။ အနည်းဆုံး လူ၃ဝဝ လောက်တော့ရှိတယ်'' ဟု အမှတ်(၆)ရပ်ကွက်တွင်နေထိုင်သူ ဒေါ်မာဦးက ပြောသည်။
အခြားသော မျက်မြင်သက်သေတစ်ဦးကမူ အဆိုပါ ကျူးကျော်နေထိုင်သူ များသည် လှိုင်သာယာမြို့နယ် တွင်အိမ်လခများ ဈေးတက်မည်ဟု သတင်းကြား၍ အိမ်လခမတတ်နိုင်တော့သဖြင့် လာရောက်ကျူးကျော်နေထိုင်ခြင်းဖြစ်သည်ဟု ဆိုသည်။
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties