By Emg, Shweproperty.com
Updated at 8 January 2013
အိုးအိမ်ဦးစီးဋ္ဌာနမှ လက်တလော ဆောက်လုပ်မည့် အိမ်ခန်း ၁၇၀၀၀ ကျော်ပါ ဧရာဝဏ်နှင့် ရတနာအိမ်ရာ စီမံကိန်းအတွင်း ရှိနေသည့် နှစ် ၆၀ မြေဂရံကိုင်ဆောင်ထားသူ ခြံဝန်းပိုင်ရှင်များအား စီမံကိန်းတိုက်ခန်းများ ပြီးစီးသည့် အချိန်တွင် ဦးစားပေးရောင်းချပေးရန် စီစဉ်ထားကြောင်း မြို့ရွာနှင့် အိုးအိမ်ဦးစီးဋ္ဌာနမှ ဒုတိယညွှန်ကြားရေးမှုး ဒေါ်အေးအေးမြင့်က ပြောပါသည်။
အထက်လူကြီးတွေကလည်း ပိုင်ဆိုင်မှု ပြထားနိုင်တဲ့ မူရင်းမြေကွက်ပိုင်ရှင်တွေကို ဦးစားပေးရောင်းချဖို့ လုပ်ရမယ်လို့ ပြောထားပါတယ်'' ဟု ဒေါ်အေးအေးမြင့်က ဇန်နဝါရီလ ၇ရက်နေ့က သတင်း မီဒီယာများနှင့် တွေ့ဆုံစဉ် တရားဝင် ပြောကြားခဲ့ပါသည်။
ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ်တွင် စတင်ဆောက်လုပ်သွားမည့် ဧ ရာဝဏ်နှင့် ရတနာအိမ်ရာစီမံကိန်း ၂ ခုအတွင်း နှစ် ၆၀ မြေဂရမ်ပိုင်ဆိုင်ထားသူများ ရှိနေပြီး အဆိုပါ မြေပိုင်ရှင်များအနေဖြင့် ပေါင်နှံခွင့်၊ ရောင်းချခွင့်၊ ပြန်လည် ပိုင်ဆိုင်ခွင့် ရရှိလိုကြောင်း သတင်းရရှိပါသည်။
အဆိုပါ အိမ်ရာစီမံကိန်း မြေနေ ရာအား ၁၉၉၁ ခုနှစ်တွင် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေး ဦးစီးဋ္ဌာနမှ မြေ ဧက ၂၂၀ခန့်အပေါ်တွင် မြေကွက်ပေါင်း ၄၄၀၀အား ရောင်းချပေးခဲ့ပြီး တိုက်ခန်းတစ်ခန်းလျင် ကျပ်သုံးသိန်း ဝန်းကျင်သာရှိသည့် မြေကွက်တစ်ကွက်အတွက် ကျပ် ၂သိန်းနှင့် ကျပ်တစ်သိန်းခွဲစသည့် မြေအနေအထားအလိုက် ပေးချေခဲ့ရကြောင်း မြေကွက်ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးမင်းတလဉာဏ်က ပြောပါသည်။
''အိုးအိမ်က မြေကွက်တွေ ရောင်းချပေးပေမဲ့ မီးမရှိဘူး၊ ရေမရဘူးဆိုတော့ မနေတဲ့သူတွေ ရှိသလို နေတဲ့သူတွေလည်း ရှိခဲ့ပါတယ်။ နေတဲ့သူတွေဆိုလည်း မြေကွက်တစ်ကွက်အတွက် လမ်းခင်းဖို့ဆိုပြီး ကျပ် ၇၅၀၀၀ ထပ်မံ ပေးသွင်းခဲ့ရပါသေးတယ်'' ဟု ဦးမင်းတလဉာဏ်က ပြောပါသည်။
ထိုကဲ့သို့ တရားဝင်ရောင်းချခဲ့သည့် မြေကွက်များအား ၂၀၀၁ ခုနှစ်တွင် နိုင်ငံတော် စီမံကိန်းအရဆိုကာ မူလပေးသွင်းမြေကွက်တန်ဖိုးများအား ပြန်လည်ထုတ်ပေးခဲ့သည့်အတွက် လမ်းခင်းကြေးပေးရခြင်း၊ အိမ်ဆောက်ခြင်း၊ ခြံခတ်ခြင်း စသည့်စီမံမှုများ ပြုလုပ်ထားသူများမှာ ပြန်လည်အပ်နှံမှု မရှိဘဲ မြေချ ပါမစ်များအား ဆက်လက်ကိုင်ဆောင်ကာ ပြန်လည်အပ်နှံမှု မပြုခဲ့ကြောင်း မြေကွက်ပိုင်ရှင်တစ်ဦး ဖြစ်သူ ဦးဘသန်းက ပြောပါသည်။
အဆိုပါမြေကွက်ပေါ်တွင် ပြုလုပ်မည့် နိုင်ငံတော်စီမံကိန်းမှာလည်း နေပြည်တော်သို့ ရွှေ့ဆိုင်းသွားခဲ့ပြီး စီမံကိန်းဆောက်လုပ်မှု မရှိတော့သည့် မြေကွက်များအား အများပြည်သူသို့ ပြန်လည်ပေးအပ်မှု မရှိဘဲ ဋ္ဌာနဆိုင်ရာဝန်ထမ်းများကိုသာ ပြန်လည်ပေးအပ်ခဲ့ကြောင်းလည်း ဦးဘသန်းက ဆက်လက်ပြောပါသည်။
ကျန်မြေကွက်ပိုင်ရှင်များမှာ စီမံကိန်း အကောင်အထည်မဖော်သည့်အပြင် ဋ္ဌာနဆိုင်ရာ ဝန်ထမ်းများ မြေကွက်ပြန်လည်ရရှိသည့်အတွက် အဆောက်အအုံ ဆောက်လုပ်ခွင့်၊ ပြန်လည်ရောင်းချခွင့်များ တင်ပြခဲ့သော်လည်း အိုးအိမ်မှ ခွင့်ပြုမှု မရှိခဲ့ကြောင်း နှစ် ၆၀ မြေဂရံကိုင် ဆောင်ထားသူများမှ တညီတညွတ် ပြောကြားခဲ့ပါသည်။
လက်ရှိကာလတွင် အဆိုပါ စီမံကိန်းနှင့် အနီးဝန်းကျင်ရှိ မြေကွက်များမှာ ကျပ်သိန်း ၃၀၀၀ ဝန်းကျင် အထိရှိနေပြီး မြေကွက်ပိုင်ရှင်များအနေဖြင့် ယင်းမြေကွက်များအား ပြန်လည် ပိုင်ဆိုင်လိုနေကြောင်းလည်း ပြောကြားခဲ့ပါသည်။
တန်ဖိုးနည်း အိမ်ရာစီမံကိန်းအဖြစ် ဆောက်လုပ်မည့် ဧရာဝဏ်အိမ်ရာစီမံကိန်းတွင် မြေဧက ၁၂၀ ခန့် ပါဝင်ပြီး အထပ် ၁၈ထပ်မြင့်သည့် တိုက်ပေါင်း ၃၅လုံး ပါဝင်မည်ဖြစ်ကာ စုစုပေါင်း တိုက်ခန်းအရေအတွက် ၉၅၂၀ ရှိမည်ဖြစ်ပြီး ရတနာ အိမ်ယာစီမံကိန်းမှာ တိုက်ပေါင်း ၂၉ လုံး ပါဝင်မည်ဖြစ်ကာ စုစုပေါင်း တိုက်ခန်းအရေအတွက် ၇၈၈၈ ပါဝင်မည်ဖြစ်ကာ လေးထပ်တိုက် လူနေ ၄ခန်းတွဲ ဈေးဆိုင်ခန်း ၆၄ ခန်းလည်း ပါဝင်မည် ဖြစ်ကြောင်း သိရှိရပါသည်။
အဆိုပါ အိမ်ခန်းများအနက်မှ ကျူးကျော်နေအိမ်အဖြစ် ဆောက်လုပ်နေထိုင်ခဲ့ပြီး နှစ်ပေါင်းများစွာ နေထိုင်လာသူများအား တန်ဖိုးနည်းတိုက်ခန်းများ အရစ်ကျ ဝယ်ယူခွင့်အား ဦးစားပေး ဝယ်ယူခွင့်ပြုမည် ဖြစ်ကြောင်းလည်း ဦးအောင်ကျော်ဦးက ပြောပါသည်။
Source : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties