By Eleven Media Group, Shweproperty.com
Updated at 7 December 2015
ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင် ဒဂုံမြောက်မြို့နယ် ၄၁ တိုးချဲ့ရပ်ကွက် ငမိုးရိပ်ချောင်းနံဘေးရှိ အိမ်ခြေ ၆၀ ကျော်အား ကျူးကျော် နေထိုင်သည်ဟု ဆိုကာ ဖျက်သိမ်းဖယ်ရှားပေးရန် အကြောင်းကြားစာ ပေးပို့ထားကြောင်း သိရသည်။
ယင်းသို့ ကျူးကျော်နေထိုင်သည်ဟုဆိုကာ မြို့နယ်စည်ပင်မှ ဒီဇင်ဘာ ၁၀ ရက်တွင် နောက်ဆုံးထား ဖယ်ရှားရန် အကြောင်းကြားစာ ပေးပို့ထားသော်လည်း ယင်းနေရာတွင် ကုမ္ပဏီတစ်ခုမှ အိမ်ရာဆောက်လုပ်ရန် သိရှိ ထားကြောင်း ဒေသခံများထံမှ သိရသည်။
“ အန်တီဒီကို နာဂစ်မုန်တိုင်းပြီးကတည်းက ရောက်လာတာပါ။ ဒီကိုရောက်ခါစက ချုံတွေကြီးပဲ။ ကျူပင်တွေကို ရှင်းပြီးတော့ တဲလေးတွေ ထိုးနေကြတယ်။ အန်တီတို့ ဒီမှာနေတာ ရှစ်နှစ်လောက်ရှိပါပြီ။ စ နေတုန်းက အုပ်ချုပ်ရေးမှူးအဖွဲ့တွေက လာပြောတယ်။ အန်တီတို့ကလည်း အသနားခံစာ တင်လိုက်တော့ နေခွင့်ပေးလိုက်ပါတယ်။အန်တီတို့ နေတုန်းကတော့ အိမ်ခြေနှစ်ဆယ် လောက်ရှိပါတယ်။ အန်တီတို့အနေနဲ့ တောင်းဆိုသွားမှာက ဒီနေရာလေးက ကျောတစ်နေရာစာအတွက် အဆင်လည်းပြေတယ်။ ကလေးတွေလည်း ကျောင်းပညာရေးအတွက် အဆင်ပြေတော့ ဘယ်ကိုမှ မသွားချင်ပါဘူး။ ဒီနေရာလေးမှာပဲ နေချင်ပါတယ်လို့ တောင်းဆိုသွားပါမယ်”ဟု ယင်းရပ်ကွက်တွင် နေထိုင်သူ ဒေါ်မာမာအေးက ဆိုသည်။
ထိုသို့ မြို့နယ်စည်ပင်မှ ဖယ်ပေးရန် အကြောင်းကြားစာများ ပေးပို့ထားသော်လည်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ ဖယ်ရှားရန် အကြောင်းအကြားစာများ ပေးပို့ခြင်း မရှိသေးကြောင်း ၄၁ တိုးချဲ့ရပ်ကွက် အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့သည်။
ယင်းသို့ ဖယ်ရှား ဖျက်သိမ်းပေးရန် အကြောင်းကြား ပေးပို့မှုနှင့် ပတ်သက်ပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမြင့်ခင်က“ကျွန်တော်က ဒီရပ်ကွက်ကို ၂၀၁၀ ကစပြီး ရပ်ကွက် အုပ်ချုပ်ရေးမှူးလုပ်ခဲ့တာပါ။ ကျွန်တော်တို့ဆီကို စည်ပင်သာယာကနေပြီးတော့ ဒီရပ်ကွက်ထဲမှာ ရှိတဲ့ စည်ပင်မြေပေါ်က တည်ဆောက်ထားတဲ့ ကျူးကျော်တွေကို ရက်အကန့်အသတ်နဲ့ ဖယ်ရှားချင်လို့ ဆိုပြီး စာရွက်ဝေဖို့လာပြောလို့ ၃ ရက်နေ့က စာရွက်ဝေတာကို သိခဲ့ရပါတယ်။ ဒီနေရာကို ဘယ်ကုမ္ပဏီက ရထားတယ်ဆိုတာလည်း ကျွန်တော်မသိပါဘူး။ စည်ပင်သာယာက ဖျက်မယ်ဆိုတာပဲ ကျွန်တော် သိရတာပါ။ ဒီနေ့ကျတော့ ကုမ္ပဏီက ခြံစည်းရိုးတွေ ဘာတွေခတ်မယ်လုပ်တော့ ရပ်ကွက်နေသူတွေက အကြောင်းကြားတာနဲ့ ရောက်လာတာပါ။ ကျွန်တော်ရောက်လာတော့ ကုမ္ပဏီက တာဝန်ခံဆိုတဲ့သူကို အထောက်အထားတွေ၊ စာရွက်စာတမ်းတွေ ပြပါဆိုတော့မပြနိုင်ပါဘူး”ဟု ပြောကြားသည်။
ယင်းသို့ စည်ပင်သာယာမှ ကျူးကျော်များကို ဖျက်သိမ်းရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ရောက်ရှိသော်လည်း မြို့နယ်အုပ်ချုပ်ရေးမှူးက မသိရှိကြောင်း၊ ထို့ကြောင့် ခြံစည်းခတ်ခြင်းကို ရပ်ဆိုင်းထားပေးဖို့ လာရောက်ပြောကြားခဲ့ကြောင်း ၎င်းကဆက် လက် ပြောကြားသည်။
ထို့အပြင် ဖယ်ရှားပေးရန် အကြောင်းကြားစာ ပေးပို့ထားသည့်နေရာ၌ မြစ်ကမ်းဘေးတွင် အုတ်၊ သဲ၊ ကျောက်လုပ်ငန်း လုပ်ကိုင်ရန် သက်ဆိုင်ရာ မြို့နယ်စည်ပင်သာယာ လိုင်စင်အခွန် ပေးဆောင်ထားသော အုတ်၊ သဲ၊ ကျောက်လုပ်ငန်းလုပ်ကိုင်ရန် နေရာလည်းပါဝင်ကြောင်း သိရသည်။
“ကျွန်တော်က ဒီမှာမြစ်ကမ်းဘေး ပေ ၁၅၀ မှာ အုတ်၊ သဲ၊ ကျောက် လုပ်ငန်းလုပ်ကိုင်ဖို့ကို သက်ဆိုင်ရာ အစိုးရအဖွဲ့၊ မြို့နယ်၊ ရပ်ကွက်၊ စည်ပင်တွေကို တင်ပြပြီးတော့ သဘောတူညီချက် တောင်းခံခဲ့တယ်။ သက်ဆိုင်ရာ စည်ပင်ကလည်း ခွင့်ပြုတဲ့ လိုင်စင် ထုတ်ပေးခဲ့တယ်။ အခွန်ဌာနကိုလည်း ပေးဆောင် ခဲ့ပြီးပါပြီ။ ဒီလို ဖယ်ရှားပေးဖို့ကို မြို့နယ်စည်ပင်ရုံးကတော့ ဒါကို အထက်ကညွှန်ကြားလို့ လုပ်တာလို့ပြောပါတယ်”ဟု အဆိုပါ ရပ်ကွက်မြစ်ကမ်းနံဘေးတွင် အုတ်၊ သဲ၊ ကျောက် လုပ်ငန်းလုပ်ကိုင်မည့် ဦးဌေးဦးက ပြောကြားသည်။
ယင်းဒဂုံမြောက်မြို့နယ် ၄၁ တိုးချဲ့ရပ်ကွက် ငမိုးရိပ်ချောင်းဘေးတွင် အိမ်ခြေ ၆၀ ကျော်နှင့် လူဦးရေ ၃၀၀ ကျော်နေထိုင်လျက် ရှိကာ အများစုမှာ လက်လုပ်လက်စား လုပ်ကိုင်သူများ ဖြစ်ကြောင်း ယင်းရပ်ကွက်နေသူများ၏ ပြောပြချက်အရ သိရသည်။
Ref : Eleven Media Group
Photo Credit : EMG
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties