By The Voice, Shweproperty.com
Updated at 17 November 2012
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) က ဆောင်ရွက်မည့် တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို အစိုးရသစ်သက်တမ်းအတွင်း ၂ဝ၁၅ မကုန်မီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတွဲဖက်အတွင်းရေးမှူး ဦးကျော်စိုးဦးက ပြောကြားသည်။
နိုဝင်ဘာလ ၁၄ရက်နေ့က မြို့တော်ခန်းမတွင် ပြုလုပ်ခဲ့သော တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရေးအတွက် ပါဝင် လုပ်ကိုင်လိုသော ပြည်တွင်း၊ ပြည်ပဆောက်လုပ်ရေးလုပ်ငန်းရှင်များ၊ ဘဏ်လုပ်ငန်းရှင်များကို တွေ့ဆုံဆွေးနွေးပွဲ တွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ အိမ်ရာစီမံကိန်းများမှာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တွင် ဗိုလ်ဗထူးအိမ်ရာစီမံကိန်း၊ ဗိုလ်မင်းရောင် အိမ်ရာစီမံကိန်း၊ ပင်လုံအိမ်ရာစီမံကိန်း စုစုပေါင်း အိမ်ရာစီမံကိန်းသုံးခု၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ဧရာဝဏ် အိမ်ရာစီမံကိန်းနှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်တွင် Housing Estate at University အမည်ဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း မြို့ပြစီမံကိန်းဌာန ဒီဇိုင်းရေးဆွဲရေးအဖွဲ့ဝင် ဒေါ်ခင်မိုးကိုက ရှင်းပြသည်။
အဆိုပါစီမံကိန်းများကို မြေဧက ၁၉ဝ ဒသမ ၂၉တွင် အထပ်မြင့်တိုက် ခြောက်ထပ်မှ ၁၂ ထပ် အဆောက်အအုံ ပေါင်း ၃၅၄ လုံး၊ အခန်းပေါင်း ၉၅၂၈ ခန်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ယင်းစီမံကိန်းများအရ သိရသည်။ ''အခန်းဈေးနှုန်းက ခန့်မှန်း သိန်း ၅၅ဝ ကနေ နေရာအကျယ်အဝန်းအပေါ် မူတည်ပြီး သိန်း ၄ဝဝ အစားစားရှိမှာ ပါ'' ဟု ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အခွန်ဌာန လက်ထောက်ဌာနမှူး ဦးဝင်းလှိုင်ထွန်းက ပြောကြားသည်။
ရန်ကုန်မြို့တော်တွင် နေထိုင်သူလူဦးရေ တိုးလာသည်နှင့်အမျှ အိမ်ရာလိုအပ်ချက်များ ရှိနေကြောင်း၊ အဆိုပါ အိမ်ရာစီမံကိန်းများကို စတင်အကောင်အထည်ဖော်ပါက အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်သည်သာမက အိမ် ငှားရမ်းနေထိုင်သူများလည်း လစဉ်အရစ်ကျပေးသွင်းရုံဖြင့် နေအိမ်ပိုင်ဆိုင်နိုင်ကြောင်း၊ ယင်းအပြင် အိမ်ပွဲစားများ ဈေးကစားသောကြောင့် မြေဈေးမြင့်မှုများကို အထိုက်အလျောက် ထိန်းနိုင်မည်ဖြစ်ကြောင်း ဦးကျော်စိုးဦးက ပြော ကြားသည်။
တန်ဖိုးနည်းအိမ်ရာ စီမံကိန်းများကို တင်ဒါခေါ်ယူ၍ ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခွင့် ပေးသွား မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်စိုးဦးက ဆိုသည်။ အဆိုပါ တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ရေးအတွက် ပါဝင်လုပ်ကိုင်လိုသော ပြည်တွင်း၊ ပြည်ပ ဆောက်လုပ် ရေး လုပ်ငန်းရှင်များ ဘဏ်လုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးပွဲကို ဆောက်လုပ်ရေးကုမ္ပဏီအများစု စိတ်ဝင်စားကြပြီး မည်ကဲ့သို့ လုပ်ကိုင်မည်ဆိုသည်မှာ ပြတ်သားမှုမရှိသည့်အပြင် ကုမ္ပဏီဘက်က မည်မျှလုပ်ကိုင်ရမည်၊ နိုင်ငံတော် ဘက်က မည်သို့ကျခံမည်ဆိုသည်မှာ မပါဝင်ကြောင်း ဗိုလ်တထောင်မြို့နယ်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီမှ အသက် ၅ဝ အရွယ် ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောဆိုသည်။
''အပန်းဖြေဧရိယာ၊ Shopping Mall တွေပါမှတော့ ဘယ်လိုမှ Low Cost မဖြစ်နိုင်ဘူး။ ဆင်းရဲသားတွေ အတွက် မဖြစ်နိုင်ဘူး။ သူတို့ကို ဘဏ်က ဘယ်လိုချေးမှာလဲ''ဟု ၎င်းက ပြောကြားသည်။
Souce : The Voice Weekly
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties