By Myanmar Times, Shweproperty.com
Updated at 17 June 2015
လူနေထိုင်မှု ပိုမိုသိပ်သည်းလာသည့် ရန်ကုန် မြို့တော်အတွက် လာမည့်နှစ် ၃၀ ကျော်တွင်ပိုမိုတိုး လာမည့်လူဦးရေကို မှန်းဆကာ မြေ ဧက ၁၀၀,၀၀၀ ကျော်ကို အသုံးပြုကာ မြို့သစ်များတည်၍ အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မြို့တော်ဝန် ဦးလှမြင့်က အသေးစိတ်အစီရင်ခံစာကို တင်သွင်းခဲ့ပြီးအဆိုပါအစီရင်ခံစာအပေါ် လာမည့် ဇွန် ၁၉ ရက်နေ့တွင် လွှတ်တော်တွင် ဆွေးနွေးသွားမည်ဖြစ်သည်။
လာမည့်အနာဂတ်တွင် Mega City ဖြစ်လာမည့် ရန်ကုန်မြို့တော်အတွက် မြို့သစ်များ တည် မည်ဖြစ်ကာ တိုးချဲ့မြေ စုစုပေါင်း ၁၁၈,၇၃၂ ဧက (စတုရန်းမိုင်ပေါင်း ၁၈၅ ဒသမ ၅၄) ရှိပြီး လူဦးရေ ၁၀ သန်းခန့် အခြေချနိုင်မည်ဖြစ်ကာ ယင်းအတွက် စုစုပေါင်းကုန်ကျငွေ ကျပ် ၈,၁၇၇ ဒသမ ၅၁ ဘီလျံ ကုန်ကျမည်ဖြစ်ကြောင်း အဆိုပါအစီရင်ခံစာတွင် ဖော်ပြပါရှိသည်။ ရန်ကုန်မြို့တော်ဝန်က အသေးစိတ် တင်ပြခဲ့သည့် ယင်းအစီရင်ခံစာသည် ၂၀၁၃ ခုနှစ်တွင် ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီနှင့် Japan International Cooperation Agency(JICA) တို့ ပူးပေါင်း၍ မူကြမ်းရေးဆွဲပြီးစီးခဲ့သည့် ရန်ကုန် မြို့ဟာဗျူဟာစီမံကိန်း ၂၀၄၀ (Yangon Strategic Plan 2040) ၏ အသေးစိတ်စီမံကိန်း လည်း ဖြစ်သည်။
ထိုနေ့တွင်တင်သွင်းခဲ့သည့် အစီရင်ခံစာ ၌ မြို့သစ်များတိုးချဲ့ခြင်းအပြင် အခြေခံအဆောက်အအုံ အဆင့်မြှင့်တင်ခြင်းဖြစ် သည့် လမ်း၊ မြစ်ကူးတံတားနှင့် မြေအောက်တူးမြောင်းများ ဖောက်လုပ်ခြင်း များလည်း ပါရှိသည်။
မြို့သစ်တိုးချဲ့ခြင်းများတွင် ဦးစားပေး ခုနစ်ခုဖြင့် ရန်ကုန်မြို့၏ အရှေ့မြောက်ပိုင်း၊ အနောက်တောင်ပိုင်း၊ ဒလမြို့နယ်၊ သန်လျင်မြို့နယ်၊ ထန်းတပင်မြို့နယ်၊ မှော်ဘီမြို့နယ်နှင့် လှည်းကူးမြို့နယ်များတွင် တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဦးလှမြင့်က ပြောသည်။
"အဲဒီစီမံကိန်းတွေကို အကောင်အထည် ဖော်တဲ့အခါမှာ လက်ရှိဒေသတွင်း ကျေးရွာ များတွေကို အဆင့်မြှင့်ပြီး ဝင်ငွေများတဲ့ သူတွေအတွက် အထပ်မြင့်လူနေရပ်ကွက်၊ အသင့်အတင့်ရှိသူတွေအတွက် အထပ် အလတ်ရှိ အဆောက်အအုံတွေရှိတဲ့လူနေ ရပ်ကွက်နဲ့ စိမ်းလန်းမြေနေရာတွေ၊ စီးပွားရေး နဲ့ စက်မှုလုပ်ငန်းသုံးမြေနေရာတွေကို လုပ်ဆောင်ဖို့ အသေးစိတ်ရေးဆွဲထားပါတယ်" ဟု မြို့တော်ဝန်က အဆိုပါအစည်းအဝေးတွင် ပြောသည်။
ဦးစားပေး (၁) မှာ ရန်ကုန် အရှေ့ မြောက်ပိုင်းမြို့သစ်ဖြစ်ပြီး မြေဧက ၁၇,၃၇၅ ဧက ပေါ်တွင်တိုးချဲ့ မည်ဖြစ်ပြီး ငွေကျပ် ဘီလျံ ၄၉၁ သမ ၁၃ ခန့်ကုန်ကျမည် ဖြစ်သည်။ လက်ရှိအချိန်တွင်လူနေထိုင်မှု နည်းပါးလျက်ရှိသော ရန်ကုန် အရှေ့ မြောက်ပိုင်းသည် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း၊ သီလဝါအထူးစီးပွားရေးဇုန် နှင့် ဟံသာဝတီလေဆိပ်အကြား ကုန်စည် ပို့ဆောင်ရေး အချက်အချာ နေရာရှိခြင်း အပြင် ဆောက်လုပ်ရန် ပြင်ဆင်လျက်ရှိသည့် ရေသန့်စင်စက်ရုံ စီမံကိန်းများရှိခြင်းတို့ ကြောင့် ရေဖြန့်ဝေနိုင်မည်ဖြစ်သည့် အတွက် ဦးစားပေး (၁) အနေနဲ့ ဆောင်ရွက်သင့်ခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။
ဦးစားပေး (၂) ဖြစ်သည့် ရန်ကုန်အနောက် တောင်ပိုင်းတွင် မြို့သစ်တည်ရန်အတွက် မြေဧက ၁၁,၇၁၆ ဧကကို အသုံးပြုသွားမည်ဖြစ်ကာ ကုန်ကျငွေ ကျပ် ဘီလျံ ၃၀၇၀ ဒသမ ၆၀ ကုန်ကျမည်ဖြစ်သည်။ ယင်းမြို့သစ်တည်ထောင်ဖြစ်ပါက လူဦးရေ ၂,၀၄၆,၀၀၀ ကျော်နေထိုင်နိုင် မည်ဖြစ်ပြီး အိမ်ပေါင်း ၄၈၇,၁၈၀ ခန့် အခြေချဆောက်လုပ်နိုင်မည်ဖြစ်သည်။
ယင်းကဲ့သို့ ရန်ကုန်မြို့၏ အနောက် တောင်ပိုင်းအား ဦးစားပေး (၂) အဖြစ် မြို့သစ်တည်ရန် စီစဉ်ရခြင်းသည် မြို့နှင့်အနီးဆုံး တွင် တည်ရှိပြီး မြစ်ခြားနေသော်လည်း လှိုင်သာယာကတစ်ဆင့် သွားလာနိုင်ခြင်း၊ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၂၀ ခန့် မြင့်သဖြင့် မြို့ပြစီမံကိန်းဆောင်ရွက်နိုင်ခြင်း၊ ပန်းလှိုင်မြစ်အားဖြတ်ကူးရန် မြစ်ကူးတံတားနှစ်စင်း၊ ရန်ကုန်မြစ်ကို ဖြတ်ကူးရန် မြေအောက် လှိုဏ်ခေါင်း နှစ်စင်း၊ စသည်တို့ကို ဆောက်လုပ်ပေးခြင်းဖြင့် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ပြီး လျင်မြန်စွာ ဖွံ့ဖြိုးလာနိုင်သည့် အတွက် ဆောင်ရွက်သင့်ကြောင်း ယင်း အစီရင်ခံစာတွင် ပါရှိသည်။
ဦးစားပေး (၃) အတွက် သန်လျင်ကို ရွေးချယ်ခဲ့ပြီး သန်လျင်မြို့သစ်အဖြစ် မြေဧကပါင်း ၂၁,၁၉၃ကို တိုးချဲ့ပြီး၊ လူပေါင်း ၂,၀၂၃,၄၂၆ ခန့် နေထိုင်အခြေချနိုင်မည့် အနေအထား ဖြစ်သည်။ ယင်းမြို့သစ် အတွက် ငွေကျပ် ဘီလျံ ၉၂၆ ဒသမ ၅၄ ကုန်ကျမည်ဖြစ်ကာ သန်လျင်မြို့သစ်၏ မြေနေရာအနေ အထားသည် ရန်ကုန်မြို့နှင့် ဆက်သွယ်ထားသည့် တံတား နှစ်စင်းရှိသည့်အတွက်လမ်းပန်းဆက် သွယ်ရေး ကောင်းမွန်မည်ဖြစ်သည်။ ထို့ပြင် ထပ်မံ၍တံတားနှစ်စင်း ဆောက်လုပ်ရန် ပြင်ဆင်လျက်ရှိခြင်း အတွက် အဆိုပါတံတားများပြီးစီးပါက ကုန်စည်ပို့ဆောင်ရေးအတွက် များစွာအထောက် အကူပြုနိုင်မည်ဖြစ်ကာ သီလဝါ အထူး စီးပွားရေးဇုန်အတွက်လည်း အထောက်အကူပြုနိုင်မည့် ဖြစ်သောကြောင့် မြို့သစ်တိုးချဲ့ရန် လိုအပ်ခြင်းဖြစ်ကြောင်း ပါရှိသည်။
ထို့ပြင် လွန်ခဲ့သည့်နှစ်များကပင် ဖွံ့ဖြိုး သည့် မြို့တစ်ခုအဖြစ် လုပ်ဆောင်ရန် စီစဉ်ခဲ့ဖူးသည့် ရန်ကုန်မြို့လယ်ကောင်နှင့် အနီးကပ်ဆုံးတွင်ရှိသည့် ဒလမြို့နယ်သည် လည်း ယခုစီမံကိန်းတွင် မြို့သစ်တစ်ခု တည်ထောင်သင့်သည့် ဦးစားပေး နံပါတ်(၄) တွင် ပါရှိခဲ့သည်။ ဒလမြို့သစ်အတွက် မြေဧကပေါင်း ၁၅,၁၇၃ ဧက အသုံးပြုတိုးချဲ့ မည်ဖြစ်ကာ လူဦးရေပေါင်း ၁,၄၀၄,၈၁၆ ခန့် နေထိုင်နိုင်မည်ဖြစ်သည်။
"ဒလမြို့သစ်နေရာဟာ ရန်ကုန်မြို့လယ် ဘုံစီးပွားရေးဇုန်နဲ့ အနီးဆုံးမှာရှိပြီး မြစ်ကူးမြေအောက် လိုဏ်ခေါင်း တည်ဆောက်မယ် ဆိုရင် ဖွံ့ဖြိုးလာမယ့်မြို့တစ်မြို့ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒလမြို့ရဲ့ ပထဝီအနေထားက ပင်လယ်ရေမျက်နှာပြင်အထက် ၁၀ ပေခန့်သာရှိတဲ့အတွက် မြေဖို့ခြင်းတွေ၊ တမံတွေတည်ဆောက်ခြင်းတွေ၊ ရေစီးရေလာစနစ်တွေကို ဦးစားပေးဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒလမြို့သစ်အတွက် ငွေကျပ်ပေါင်း ဘီလျံ ၁၈၆၈ ဒသမ ၇၇ ခန့် အကုန်အကျခံ တည်ဆောက်ရပါမယ်" ဟု မြို့တော်ဝန် ဦးလှမြင့်က ပြောသည်။
ဦးစားပေး (၅) မှာ ထန်းတပင်မြို့သစ် ဖြစ်ကာ ယင်းမြို့သစ်မြေနေရာသည် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး အကြားတွင် တည်ရှိသည့်အတွက် စီးပွားရေး အချက်အချာကျသည့် နေရာဖြစ်လာနိုင်ပြီး အမျိုးသားပညာရေးအတွက် အရေးပါသည့် ရန်ကုန် အနောက်ပိုင်းတက္ကသိုလ်နှင့် နည်း ပညာတက္ကသိုလ်ရှိသဖြင့် ကောင်းမွန်သော မြို့ပြပတ်ဝန်းကျင် ဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း အဆိုပါအစီရင်ခံစာတွင်ပါရှိသည်။ သို့သော် ဥပဒေမဲ့ ကျူးကျော်ဝင်ရောက်မှုများကိုလည်း ဟန့်တားရန်လိုအပ်ကြောင်းနှင့် မြေဧက ၂၄,၇၄၈ ခန့် တို့ချဲ့မည်ဖြစ်ပြီး လူဦးရေ ၂,၄၃၄,၇၀၆ ဦးခန့် အခြေချနိုင်မည်ဖြစ်သည်။ ယင်းမြို့သစ်အတွက် ကုန်ကျ ငွေမှာ ငွေကျပ် ဘီလျံ ၁,၂၆၂ ဒသမ ၈၇ ဖြစ်သည်။ ဦးစားပေး (၆) ဖြစ်သည့် မှော်ဘီမြို့သစ် အတွက် မြေဧကမှာ ၁၁,၅၉၄ ဧက အသုံးပြု မည်ဖြစ်ကာ လူဦးရေ ၄၀၀,၀၀၀ ကျော် လာရောက်နေထိုင်မည်ဖြစ်သည်။ ထို့ပြင် ၂၇၁ ဒသမ ၉၇ ဘီလျံ ကုန်ကျခံမည်ဖြစ်ကာ အချက်အချာကျသည့် လမ်းကွန်ရက်ပေါ် တွင် တည်ရှိခြင်းနှင့် မြေနေရာနှင့် အခြားနည်း အသုံးပြုမှုများ၊ စက်မှုလုပ်ငန်းငယ်များ များစွာ ပျံ့နှံ့ပေါ်ပေါက်လာနိုင်ခြင်းကြောင့် မြို့သစ်တစ်ခုပေါ်ထွက်သင့်ခြင်း ဖြစ်သည်။ နောက်ဆုံး ဦးစားပေး (၇) မှာ လှည်းကူး မြို့သစ်ဖြစ်ပြီး မြေ ၆,၉၃၃ဧက ခန့်ကျယ်ဝန်း မည်ဖြစ်ပြီး လူဦးရေ ၃၆၆,၁၅၆ ဦးခန် ့ နေထိုင်နိုင်မည်ဖြစ်ကာ ကျပ်ဘီလျံ ၂၈၅ ကုန်ကျမည်ဖြစ်သည်။ ယင်းမြို့သစ်မြေနေရာ၏ ပတ်ဝန်းကျင် နေရာများသည် အခြေချနေထိုင်မှု များပြား လာခြင်း၊ စက်မှုလုပ်ငန်းများ တိုးပွားလာခြင်းတို့ကြောင့် စနစ်တကျဖြင့် မြို့ပြပတ်ဝန်းကျင် ဖော်ထုတ်နိုင်မည်ဟု သုံးသပ်ထားသည်။ ယင်းကဲ့သို့ ရန်ကုန်တိုင်း မြို့တော်ဝန်တင်ပြခဲ့သည့် အစီရင်ခံစာတွင်ပါရှိသော မြို့သစ်ခုနှစ်ခုတို့သည် ယခင်ကမူကြမ်းရေးဆွဲခဲ့သည့် ရန်ကုန်မြို့ဟာ ဗျူဟာစီမံကိန်း ၂၀၄၀ (Yangon Strategic Plan 2040) တွင် လည်း ပါရှိကာ ယခုကဲ့သို့ အသေးစိတ် စနစ်တကျဖြင့် မြို့သစ်တည်ထောင်ပါက တိုးချဲ့ တည်ဆောက်သင့်သည့် မြို့သစ်များဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူတစ်ဦးဖြစ်သည့် မြို့ပြပညာရှင်ဖြစ်သူ ဦးတိုးအောင်က ပြောသည်။
"၂၀၁၃ ထဲက ဒီအစီအစဉ်ကို ဆွဲထားတာ ပါ။ အခု အသေးစိတ်ဆွဲတဲ့ အစီအစဉ်ကလည်း တကယ်ဖြစ်သင့်ပါတယ်။ တကယ် ကောင်းပါတယ်" ဟု ၎င်းက ပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties