By Myanmar Times, Shweproperty.com
Updated at 10 March 2016
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်းနေထိုင်သည့် ပြည်သူများ၏ အခက် အခဲများကို အမြန်ဆုံး ဖြေရှင်းပေးနိုင်မည့် ပြည်သူလူထု ဆက်သွယ်တိုင်ကြား လက်ခံရေးအဖွဲ့ (Complainant Section) ကို မတ် ၄ ရက်မှစတင်၍ ရန်ကုန်မြို့တော်ခန်းမ၊ မြေညီထပ်ရှိ ယခင် စီမံရေးရာဌာန၊ လုပ်ငန်းရေးရာ ဌာနရုံးခွဲတွင်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။
''ပြည်သူအချင်းချင်းဖြစ်တဲ့ ပြဿနာတွေ၊ပြည်သူနဲ့ စည်ပင်က ဌာနတွေ အချင်းချင်း ဖြစ်တဲ့ ပြဿနာတွေကို အမြန်ဆုံး ဖြေရှင်းလို့ ရအောင်လို့ ဖွင့်တာပါ၊ ပြည်သူတွေနဲ့လည်း များများ ထိတွေ့လို့ရပြီး ပြည်သူတွေရဲ့ အမှန်တကယ် ဖြစ်ပျက်နေတဲ့ အောက်ခြေက ပြဿနာတွေကိုလည်း လူကြီးတွေ တိုက်ရိုက်သိအောင် ကော်မတီဝင်တွေကိုယ်တိုင် အဲဒီရုံးခန်းမှာ ထိုင်ပြီး ဖြေရှင်းပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဖွင့်တာပါ။ လောလောဆယ်တော့ လူသိပ်မသိသေးပါဘူး''ဟု မြို့တော်စည်ပင်သာယာရေး ကော်မတီဝင် အမှတ် ၉ဦးခင်မောင်တင့်က မြန်မာတိုင်း(မ်)ကို ပြောသည်။
၂ဝ၁၆ ခုနှစ်၊ မတ် ၁ ရက် ရက်စွဲဖြင့်ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီက ထုတ်ပြန်ခဲ့သည့် စာအမှတ် ၁ဝ၁ /ဝ၃ ( ၇၉၉ ) စသက ဖြင့် မတ်လ ၄ ရက်မှစတင်၍ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့ များ၌ အသစ်ဖွင့်လှစ်ထားသည့် အဆိုပါရုံးခန်းတွင် ပြည်သူလူထု၏ အခက်အခဲများကို ဖြေရှင်း ပေးနိုင်ရန်ကော်မတီဝင်များကိုယ်တိုင် နံနက် ၉ နာရီခွဲမှစတင်ကာ ညနေ၄ နာရီခွဲအထိ ရုံးထိုင်ရန် ညွှန်ကြားထားခဲ့ပြီး ဖြစ်သည်။
''အရင်တုန်းက ပြဿနာတွေ၊ လူထုမကျေနပ်ချက်တွေကို ဌာနတွေကိုယ်တိုင်၊ အဆင့်ဆင့်တင်နဲ့ အချိန်ကြာ တဲ့အတွက် လုပ်ငန်းတွေ ထိရောက်အောင်လို့ ကျွန်တော်တို့ အပါအဝင် ဌာနပေါင်းစုံက အရာရှိတွေစုပြီး ပြည်သူတွေ အခက်အခဲကို အမြန်ဆုံး ဖြေရှင်းနိုင်ဖို့ လုပ်တာပါ''ဟု ၎င်းက ပြောသည်။
အများပြည်သူများ၏ အခက်အခဲများကို အမြန်ဆုံး ဖြေရှင်းနိုင်ရန် အလှည့်ကျကော်မတီဝင်များနှင့်အတူ၊ ဈေးများဌာန၊အင်ဂျင်နီယာဌာန (လမ်းတံတား)၊ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)၊ အင်ဂျင်နီယာ ဌာန (အဆောက်အအုံ)၊ မြို့ပြစီမံကိန်းနှင့်မြေ စီမံခန့်ခွဲမှုဌာနနှင့် ကော်မတီ၏ ဥပဒေအကြံပေးအဖွဲ့တို့က အရာရှိတစ်ဦးစီကိုပါ ပူးတွဲတာဝန်ချထားကာ လုပ်ဆောင်ပေးသွားမည်ဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၅ မြို့နယ်ရှိသည့်အနက် ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက မြို့နယ်ပေါင်း ၃၃ မြို့နယ်အတွင်း နေထိုင်သည့်ပြည်သူများအတွက် လိုအပ်လျက် ရှိသည့် ဝန်ဆောင်မှု လုပ်ငန်းများအားလုံးနီးပါးကို တာဝန်ယူ လုပ်ဆောင်လျက်ရှိပြီး ၃ဝ၆ စတုရန်းမိုင် ကျယ်ဝန်းသည့် ရန်ကုန်မြို့တော်တွင် နေထိုင်သူ ၅ ဒသမ ၂၁ သန်းခန့်ရှိကြောင်း ၂ဝ၁၄ ခုနှစ်တွင် ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းပါ စစ်တမ်းများတွင် ဖော်ပြထားသည်။
''ပြဿနာဖြစ်လို့ရှိရင် ဘယ်သူ့ကိုဘယ်လို တိုင်ရမှန်းမသိဘူးဖြစ်နေတယ်။ အခုလိုစည်ပင်ကိစ္စတွေ ကို လူကြီးတွေဆီကို တိုက်ရိုက်တိုင်ကြားလို့ ရတဲ့ နေရာတစ်ခု ဖွင့်ပေးတာ ကို ကြိုဆိုပါတယ်။ လူတွေများများသိဖို့တော့ လိုအပ်တယ်၊ ကျွန်တော်တို့ဆို နေ့တိုင်းနီးပါး စည်ပင်နဲ့ ခဏခဏ စကားများရတယ် '' ဟု အနော်ရထာလမ်းမတွင် လျှပ်စစ်ပစ္စည်း ရောင်းချနေသည့် ဈေးသည် ကိုညီဦးက ပြောသည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Htet Mhuu
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties