By emg, Shweproperty.com
Updated at 25 July 2014
ရန်ကုန်မြို့တွင် အသစ်ဆောက်လုပ်မည့် အထပ် ၂ဝ၊ ၃ဝ စသည့် အဆောက်အအုံကြီးများအတွက် ရေမပေးဝေနိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရေနှင့် သန့်ရှင်းမှုဌာနမှ သိရသည်။
ယင်းသို့မပေးဝေနိုင်ခြင်းမှာ ရေမလုံလောက်ခြင်းကြောင့်ဖြစ်ပြီး အဆိုပါအဆောက်အအုံများအား ကိုယ်ပိုင်အဝီစိတွင်း တူး၍သာ သုံးစွဲရမည်ဖြစ်ကြောင်း သိရသည်။
“ရန်ကုန်မြို့မှာ အသစ်ဆောက်မယ့် အထပ်မြင့်အဆောက်အအုံကြီးတွေအတွက် ရေမပေးနိုင်ပါဘူး။ ရေမလောက်လို့ပါ။ သူတို့ အစီအစဉ်နဲ့ ကိုယ်ပိုင်အဝီစိတွင်းတူးပြီးပဲ သုံးရပါမယ်”ဟု ရန်ကုန်မြို့တော်စည်ပင်သာ ယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရန်ကုန်မြို့နေလူထုအတွက် လက်ရှိ တစ်နေ့ရေဂါလန် ၂ဝ၅ သန်း ပေးဝေနေပြီး ယင်းပမာဏမှာ လုံလောက်မှု မရှိသေးကြောင်း၊ ရေလုံလောက်စွာ ပေးဝေနိုင်ရေးအတွက် ရေအရင်းအမြစ်သစ်များကို ရှာဖွေလျက်ရှိကြောင်း၊ ဒဂုံမြို့သစ်လေးမြို့နယ်၊ သာကေတနှင့် ဒေါပုံမြို့နယ်တို့အပြင် သီလဝါအထူးစီးပွားရေးဇုန်ကိုပါ ရေပေးဝေနိုင်မည့် လဂွန်းပြင်ရေပေးဝေရေး စီမံကိန်းကို အကောင်အထည်ဖော်လျက်ရှိရာ ၂ဝ၁၅ ခုနှစ်တွင် ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်ကို ရေစတင်ပေးဝေနိုင်မည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းအထိ ရန်ကုန် မြို့တော်တွင် အထပ် ၂ဝ နှင့်အထက် အဆောက်အအုံ ၂၄ လုံးနှင့် အထပ် ၃ဝ နှင့်အထက် အဆောက်အအုံ သုံးလုံးဆောက်လုပ်ခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ဆောက်လုပ်ခွင့်ပြုခဲ့သည့် အထပ် ၂ဝ နှင့်အထက် အဆောက်အအုံ ၂၄ လုံးမှာ အရှေ့မြင်းပြိုင်ကွင်းလမ်း တာမွေမြို့နယ်တွင် အထပ် ၂ဝ တစ်လုံး၊ အင်းစိန်လမ်း လှိုင်မြို့နယ် တွင် ၂၁ ထပ် သုံးလုံး၊ ကမ်းနားလမ်းတွင် ၂၂ ထပ်တစ်လုံး၊ ကမ်းနားလမ်းပေါ်၌ပင် ၂၇ ထပ်တစ်လုံး၊ ယခင်စက်မှု-၁ ဝင်းအတွင်း ၂၈ ထပ်နှင့် ၂၃ ထပ် တစ်လုံးစီ၊ ပေါ်ဆန်းမွှေးလမ်း သင်္ဃန်းကျွန်းမြို့နယ်တွင် ၂၈ ထပ် တစ်လုံး၊ တပ်မတော်ပိုင် ဆင်ဖြူရှင်ရိပ်သာ ပြည်လမ်းပေါ်တွင် ၂၉ ထပ် တစ်လုံး၊ ကမ္ဘာအေးစေတီလမ်းနှင့် ဆရာစံလမ်းထောင့်တွင် ၂၇ ထပ် တစ်လုံး၊ ကမ်းနားလမ်း၌ပင် ၂၁ ထပ်တစ်လုံး၊ ရန်ကုန်-အင်းစိန်လမ်းပေါ်တွင် ၂၇ ထပ်နှင့် ၂၁ ထပ် တစ်လုံးစီ၊ ဆရာစံလမ်းတွင် အထပ် ၂ဝ တစ်လုံး၊ လှိုင်မြို့နယ် ပြည်လမ်းတွင် ၂၆ ထပ်ခွဲ တစ်လုံး၊ ဆရာစံလမ်း၌ပင် ၂၅ ထပ်တစ်လုံး၊ ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်တွင် ၂၅ ထပ် တစ်လုံး၊ ဗဟိုလမ်း အလုံမြို့နယ်တွင် ၂၁ ထပ်နှင့် ၂၂ ထပ် တစ်လုံးစီ၊ ရန်ကုန်-အင်းစိန်လမ်း၌ ၂၁ ထပ်တစ်လုံးနှင့် ပြည်လမ်းမရမ်းကုန်း မြို့နယ်တွင် ၂၈ ထပ် တစ်လုံးစီတို့ဖြစ်ကြောင်း သိရသည်။
အထပ် ၃ဝ နှင့်အထက် အဆောက်အအုံ သုံးလုံးမှာ ကမ္ဘာအေးစေတီလမ်းပေါ်တွင် အထပ် ၃ဝ တစ်လုံး၊ ဖိုးစိန်လမ်းတွင် ၃၁ ထပ်တစ်လုံးနှင့် ရန်ကုန်-အင်းစိန်လမ်းတွင် ၃၁ ထပ် တစ်လုံးတို့ဖြစ်ကြောင်း ယင်းအဆောက်အအုံများကို စည်ပင်ရေပေးနိုင်ခြင်းမရှိဘဲ ကိုယ်ပိုင်အဝီစိတွင်းတူး၍သာ သုံးစွဲရမည် ဖြစ်ကြောင်း သိရသည်။
Ref : EMG
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties