By Eleven Media Group, Shweproperty.com
Updated at 8 March 2016
ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ဒီဇိုင်းပုံစံကို ဒေသခံများ၏ လိုအပ်ချက်များထည့်သွင်း၍ ဂျပန်နိုင်ငံရှိ မြို့ပြအဖွဲ့တစ်ခုက ရေးဆွဲနေပြီး စီမံကိန်းတစ်ခုလုံးမှာ စုစုပေါင်း ၁၀ နှစ် မှ ၁၅ နှစ်အထိ ကြာမြင့်မည်ဖြစ်ကြောင်း ရန်ကုန်မြို့သစ်စီမံကိန်းအား အကောင်အထည်ဖော်မည့် ကုမ္ပဏီတစ်ခုဖြစ်သော ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေးအများနှင့် သက်ဆိုင်သော ကုမ္ပဏီမှ ဒါရိုက်တာ ဦးခင်မောင်သန့်က ပြောကြားသည်။
ရန်ကုန်မြို့သစ်စီမံကိန်း ယခုနှစ်လယ်ပိုင်းတွင် စတင် အကောင်အထည်ဖော်မည်ဖြစ်ပြီး စီမံကိန်းအား ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေးအများနှင့် သက်ဆိုင်သောကုမ္ပဏီ၊ Business Capital City Development Ltd နှင့် ရွှေသံလွင်ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပါး အပြည်ပြည်ဆိုင်ရာဆောက်လုပ်ရေး ကုမ္ပဏီလိမိတက်တို့အား ပူးပေါင်းအကောင်အထည်ဖော်ခွင့်ကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ခွင့်ပြုလိုက်ခြင်းဖြစ်သည်။
ရန်ကုန်မြို့သစ်စီမံကိန်းအား လက်ရှိ ရန်ကုန်မြို့၏ အနောက်ဘက်၊ ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းအကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေးကားလမ်းအကြား မြေနေရာများကို လျာထားပြီး ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ တွံတေးမြို့နယ်ရှိ မြေနေရာများ ပါဝင်သည်။
ရန်ကုန်မြို့သစ်စီမံကိန်းတွင် မြစ်ကူးတံတားများ၊ တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ အငှားအိမ်ရာစီမံကိန်းများ၊ ကျောင်းများ၊ ဘိုးရွားရိပ်သာ၊ အဝေးပြေးယာဉ်ရပ်နားစခန်း၊ ပြတိုက်များ စသည်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
“ရန်ကုန်မြို့သစ်စီမံကိန်းကို ယခုနှစ်လယ်ပိုင်းမှ စတင် အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။ စီမံကိန်းမှာ စီးပွားရေးဗဟိုခွဲ လေးခုလောက် ပါမယ်။ တံတားတွေ၊ လမ်းတွေလုပ်တာနဲ့တင် သုံးနှစ်လောက်ကြာမှာ။ စီမံကိန်းတစ်ခုလုံးဆို စုစုပေါင်း ၁၀ နှစ်ကနေ ၁၅ နှစ်လောက် ကြာမြင့်နိုင်တယ်။ အစိုးရအဆက်ဆက် လုပ်သွားရမှာပေါ့” ဟု ရန်ကုန်အနောက်တောင်ဒေသဖွံ့ဖြိုးရေးအများနှင့် သက်ဆိုင်သော ကုမ္ပဏီမှဒါရိုက်တာ ဦးခင်မောင်သန့်က ပြောကြားသည်။
“ဒေသခံတွေရဲ့ လိုအပ်ချက်က ကိုယ့်ဒေသနားမှာ ကိုယ်နေချင်တယ်။ သာသနိကအဆောက်အအုံတွေ၊ သမိုင်းဝင်အဆောက်အအုံတွေ မဖျက်ချင်ဘူး။ အဲဒီလိုပြောထားတော့ အဲဒီအချက်အလက်တွေနဲ့ ကိုက်ညီအောင် ဂျပန်အဖွဲ့က မြို့ပြပုံစံ ရေးဆွဲနေပါတယ်။ ဂျပန်က သီလဝါအထူးစီးပွားရေးဇုန်ကို ရေးဆွဲတဲ့အဖွဲ့ပဲ။ နာမည်တော့ သေချာမသိဘူး”ဟု ဦးခင်မောင်သန့်က ဆက်လက်ပြောကြားသည်။
ရန်ကုန်မြို့သစ်စီမံကိန်း လုပ်ဆောင်ရာတွင် လယ်မြေဧက သုံးသောင်းခန့်တွင် လုပ်ဆောင်ရန် စီစဉ်ထားရာ ဒေသရှိ လယ်မြေတစ်ဧက အတွက် လျော်ကြေးအဖြစ် မြို့ပြေအဖြစ် ပြောင်းလဲပြီး ဂရန်ရှိမြေကွက် နှစ်ကွက်နှင့် တိုက်ခန်း တစ်ခန်း ပေးအပ်သွားမည်ဖြစ်ကြောင်း၊ သို့ရာတွင် ဒေသခံလယ်သမားများ မဟုတ်ဘဲ ပြင်ပမှ လာရောက်ဝယ်ယူသည့် သူများအတွက်မူ လျော်ကြေးအဖြစ် ဂရန်ရှိမြေကွက် နှစ်ကွက်ကိုသာ လျော်ကြေးအဖြစ် ပေးမည်ဖြစ်ပြီး တိုက်ခန်းတစ်ခန်း မပါဝင်ကြောင်း သိရသည်။
လျော်ကြေးပြန်ပေးမည့် မြေကွက်များမှာလည်း ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်နေသည့် ဧရိယာအတွင်း၌သာ ဖြစ်ကြောင်း သိရသည်။
လက်ရှိ ရန်ကုန်မြို့သစ်စီမံကိန်းဧရိယာအတွင်း လယ်မြေဈေးနှုန်းများ ပြန်လည်မြင့်တက်လာသော်လည်း စီမံကိန်း အကောင်အထည်ဖော်တော့ မည်ဖြစ်၍ ဒေသခံများက လုံးဝရောင်းချခြင်း မရှိတော့ဟု စုံစမ်းသိရသည်။
ပွင့်လင်းမြင်သာမှုမရှိခြင်းကြောင့် အဘက်ဘက်မှ ဝေဖန်ခြင်းကို ခံခဲ့ရသည့် ရန်ကုန်မြို့သစ်စီမံကိန်းအား ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်က တရားဝင်ရုပ်သိမ်းခဲ့ပြီး ဖြစ်သော်လည်း ၂၀၁၅ ခုနှစ်တွင် တစ်ကျော့ပြန် အကောင်အထည်ဖော်ရန်ဖစ်လာခဲ့ပြီး ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းက တင်ဒါများ စတင်ခေါ်ယူခဲ့ခြင်းဖြစ်သည်။
Ref : Eleven Media Group
Photo Credit : Irrawaddy
Posted By : Myat Minn
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties