By Myanmar Times, Shweproperty.com
Updated at 23 April 2015
ရွာသာကြီးဟု ဆိုပါက မသိသူမရှိလောက်အောင် သိသောနေရာတစ်ခုဟု ဆိုလျှင်မှားမည်မထင်ပါ။ အလွန်လှပသော ပန်းခြံများ၊ ကစားကွင်းများကြောင့် လူသိများခြင်းမျိုးမဟုတ်ဘဲ ရွာသာကြီးတွင် တည်ရှိသော ရန်ကုန် မြို့၏ တစ်ခုတည်းသော စိတ်ရောဂါကုဆေးရုံ ကြောင့် လူသိများကြခြင်းဖြစ်သည်။ ယခင်က ရွာသာကြီးသည် လူသူအရောက် နည်းပါးပြီး လူနေထိုင်မှု သိပ်မရှိသည့်နေရာတစ်နေရာဖြစ်ခဲ့၍ ပတ်ဝန်းကျင်မှာ ခြောက်ကပ်ခဲ့ သော်လည်း ယခုအချိန်တွင်စီးပွားရေးလုပ်ငန်း တွင်ကျယ်မှုများဖြင့် စည်ကားလျက်ရှိပြီး ယင်းနေရာရှိ အိမ်ခြံမြေများကိုလည်း ဈေးနှုန်း သင့်တင့်မှုများကြောင့် စိတ်ဝင်စားမှုများကာ လူနေထိုင်မှုများပြားလာကြောင်း ဒေသခံအိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။ ရွာသာကြီးသည်၉၇ ဒသမ ၀၃ စတုရန်းကီလိုမီတာရှိသော ဒဂုံမြို့သစ် (အရှေ့ပိုင်း မြို့နယ်) ၏ ရပ်ကွက်၅၄ ခုအနက်မှ ရပ်ကွက် တစ်ကွက်ဖြစ်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်စိတ်ရောဂါကုဆေးရုံကြီးနှင့် ရွာသာ ကြီး စက်မှုဇုန်တို့ကြောင့် ထင်ရှားသောနေရာတစ်ကွက်ဖြစ်လာခဲ့ပါသည်။ ရွာသာကြီးရပ်ကွက်မှ မြို့ခံတစ်ဦးဖြစ်သူ ဒေါ်ခင်မေက"ရွာသာကြီးက အရှေ့ဒဂုံ မှာတော့တခြားရပ်ကွက်တွေထက်ကြီးတယ်။ စီးပွားရေးတက္ကသိုလ်၊ စိတ်ရောဂါကုဆေးရုံ တို့ကြောင့်လည်း ထင်ရှားလာတာပါ။ အရင်ကတော့ ဆေးရုံတို့၊ ကျောင်းနားတို့လောက်ပဲ စည်ကားတာဖြစ်ပေမယ့် အခုချိန်မှာရွာသာ ကြီးရဲ့ နေရာတိုင်းလိုလို စည်ကားနေပြီလို့ ပြောလို့ရနေပါပြီ"ဟု ပြောသည်။ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်ရှိ အိမ်ခြံ မြေများကို ၂၀၁၂ နောက်ပိုင်းတွင် ပြည်သူများစိတ်ဝင်စားမှုများပြီး စတင်စည်ကားလာ ကာ ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ် လမ်းမတန်းများကိုလည်း ထိုအချိန်က စတင်စိတ် ဝင်စားခဲ့ကြောင်းနှင့် လက်ရှိအချိန်တွင်ဒဂုံ မြို့သစ် (အရှေ့ပိုင်း)မြို့နယ်အတွင်း မြေဈေး နှုန်း မကြီးမြင့်သေးသောနေရာများ၊အထူး သဖြင့် ရွာသာကြီးနားတစ်ဝိုက်ကိုလည်း နေထိုင်သူများ စိတ်ဝင်စားလာခဲ့ကြောင်းအိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။ "အခုအချိန်မှာ ဒဂုံမြို့သစ်မြို့နယ်ရဲ့ အိမ် ခြံမြေတွေကိုသာမန်ပြည်သူအများစုက နေထိုင်ဖို့စိတ်ဝင်စားလာကြပါတယ်။ မြောက်ဒဂုံမြို့သစ်တွေနဲ့ သူနဲ့နီးတဲ့ ဒဂုံမြို့သစ် လမ်းမတန်းတွေကတော့ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစပြီး ဝယ်လိုသူတွေရဲ့ အာရုံစိုက်မှုကို စရခဲ့ပါတယ်။ အဲဒီအချိန်တုန်းက အိမ်ခြံမြေဈေးလည်း မကြီးမြင့်သေးတဲ့ အရှေ့ ဒဂုံမြို့နယ် ရွာသာကြီးရပ်ကွက်ကအိမ်ခြံမြေတွေကို ဝယ်လိုသူတွေ ပိုစိတ်ဝင်စားလာကြတယ်"ဟု မြို့ခံအိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ ဦးသောင်းက ပြောသည်။ ထို့ပြင် ဒဂုံမြို့သစ်လေးမြို့နယ်တွင် တစ်ခု အပါအဝင်ဖြစ်သည့်ဒဂုံမြို့သစ် (အရှေ့ပိုင်း) သည်လည်း ယခုအခါတွင် မြို့ပြအင်္ဂါရပ်များ အနည်းငယ် ဖွံ့ဖြိုးလာသည့်အတွက် ယခင်က ထက် လူနေပိုမိုထူထပ်လာခဲ့ကာ အိမ်ခြံမြေ ဈေးကွက်လည်းအသင့်အတင့်ကောင်းမွန် လာကြောင်း ဒေသခံအိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။ "အခု အရှေ့ဒဂုံက ကားလမ်းတွေလည်း ကောင်းလာတယ်။ လျှပ်စစ်မီးတွေလည်း နေရာတော်တော်များများမှာ ရလာတယ်။ အရင် တုန်းက အရှေ့ဒဂုံက လူနေနည်းပေမဲ့ အခု တော်တော်များများ ပြောင်းပြီးနေလာကြ တယ်။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ဈေး မြေဈေး တွေက တခြားမြို့နယ်တွေလောက်ဈေးမမြင့်တော့ လာပြီးနေကြတယ်။ မြို့က အရင်ထက် ပိုပြီး စည်ကားလာတယ်" ဟု ဒဂုံမြို့သစ်(အရှေ့ပိုင်း) တွင်နေထိုင်ကာ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်လျက်ရှိ သည့် မအိကပြောသည်။ ဒဂုံမြို့သစ် (အရှေ့ပိုင်း) နှင့် အခြားမြို့နယ်များဖြစ်သည့် ဒဂုံမြို့သစ် (မြောက်ပိုင်း)သို့ တိုက်ရိုက်ဆက်သွယ်ထားသည့် ဗိုလ်မှူးဗထူးလမ်းမမှာလည်း နှစ်လမ်းသွားမှ လေးလမ်းသွားလမ်းများတိုးချဲ့ခဲ့ပြီး ရပ်ကွက်တွင်းရှိလမ်းသွယ်များမှာလည်း ကွန်ကရစ်လမ်းများ ဖြစ်ပေါ်လာသည့်အတွက် ယခင်ကထက် လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်ခဲ့ ကာ လူနေထိုင် မှုများလာခဲ့ကြောင်း ၎င်းက ပြောသည်။ "ဗိုလ်ဗထူးလမ်းကြီး လမ်းမကြီးချဲ့ပြီးက တည်းက အရှေ့ဒဂုံဘက်က တဖြည်းဖြည်း စည်လာတာ။ နောက်ပိုင်း လမ်းသွယ်တွေက လည်း လမ်းတွေကောင်းလာသလို ဘတ်စ်ကားလိုင်းတွေကလည်း ပိုများလာတော့ သွားရေး လာရေးကလည်း အဆင်ပြေလာတယ်။ အခု ဆို ဒီဘက်ကို တော်တော်များများ ပြောင်းပြီး နေလာတာကို တွေ့ရတယ်။ အိမ်ငှားတွေလည်း များလာသလို ဝန်ထမ်းတွေနေတာများတယ်" ဟု ၎င်းကပြောသည်။ ထို့ပြင်လျှပ်စစ်မီးများမှာလည်း အရှေ့ ဒဂုံမြို့နယ်၏ မြို့ပြင်ဘက်ကျသော ရွာသာကြီးနှင့်အခြားနီးနားပတ်ဝန်းကျင်ရပ်ကွက်များအထိလျှပ်စစ်မီးများရရှိလာသည့်အတွက်ယင်းနေရာများသည်လည်းလူလာရောက်နေထိုင်မှု များရှိလာကြောင်း မအိက ပြောသည်။ "အခု လျှပ်စစ်မီးတွေကလဲ ရလာတော့ အခြေချနေထိုင်လိုသူတွေ နေထိုင်ဖို့ စိတ်ဝင်စားလာကြတယ်။ မြေဈေးကလည်း မြောက်ဒဂုံမြို့သစ်နဲ့ ယှဉ်ရင်တောင် သိသိသာသာ ဈေးနည်းနေသေးတဲ့အတွက် လက်လုပ်လက်စားလူတန်းစားတွေ၊ သာမန်ဝန်ထမ်းတွေ ဝယ်နိုင်တယ်။ ရွာသာကြီးဘက်ကိုပြောင်းတဲ့သူတွေ များလာတော့ စည်လာသလို စီးပွား ရေးလုပ်ဖို့ အခွင့်အလမ်းလည်းပိုကောင်းလာတော့ ပြောင်းချင်သူများလာတယ်"ဟု ၎င်းကပြောသည်။ လက်ရှိတွင် ဒဂုံမြို့သစ် (အရှေ့ပိုင်း)ရှိ အိမ်ခြံမြေဈေးနှုန်းများမှာ သိန်း ၁၀၀ ကျော်မှသိန်း ၄၀၀ နှင့် ၅၀၀ ကျော်အထိရှိပြီး လမ်းသွယ် များရှိ ယင်းဈေးနှုန်းများမှာ လွန်ခဲ့သည့်နှစ်နှစ်ခန့်မှရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်ကောင်းချိန်တွင် စတင်မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ဒဂုံ မြို့သစ် (အရှေ့ပိုင်း)ရှိ အိမ်ခြံမြေများမှာ ကျပ် သိန်း ဆယ်ဂဏန်း အတွင်းသာရှိကြောင်း ရွှေကံမြေ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း မှ ဦးခင်မောင်အေးက ပြောသည်။ ရွာသာကြီး ရပ်ကွက်တွင်မှု ယခုလက်ရှိ အိမ်ခြံမြေ ပေါက်ဈေးမှာပေ ၄၀x၆၀ အကျယ်ရှိမြေတစ်ကွက်လျှင် ကာလပေါက်ဈေးကျပ်သိန်း ၄၀ နှင့် ၅၀ ကြားတွင်သာ ရှိသည့် အတွက်လာရောက်ဝယ်ယူနေထိုင်လိုသူ များပြားကြောင်း အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။
Ref : Myanmar Times
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties