By Myanmar Tmes, Shweproperty.com
Updated at 7 December 2015
အိမ်ခြံမြေဈေးကွက်မှာ လတ်တလောဝင်ရောက် ရင်းနှီးမြှုပ်နှံထားလိုသူတွေ အနေနဲ့ဈေးနှုန်း အလယ်အလတ်တန်းစား ကို ဦးစားပေး အလုပ်လုပ်ခြင်းက အမှားအယွင်း နည်းပါးနိုင်ကြောင်း အတွေ့အကြုံ ရှိတဲ့ အိမ်ခြံမြေအကျိုးဆောင်တချို့က ပြောပါတယ်။
လက်ရှိ အိမ်ခြံမြေဈေးကွက် အနေအထားဟာ အရောင်းအဝယ် သိပ်မဖြစ်ဘဲ တန်ဖိုးမြင့်တဲ့ အကွက်အကွင်းတွေကတော့ အလုပ်မဖြစ်သလောက် ရှိနေကြောင်း ဈေးကွက်သတင်းတွေအရ သိရပါတယ်။ ဒီလိုအနေအထားမှာ နိုင်ငံရေးအခြေအနေ ပြောင်းလဲမှုအပေါ်မူတည်ပြီး ဈေးကွက်မှာ အလုပ်လုပ်ရတဲ့ အခြေအနေ ကောင်းလာ နိုင်တယ်လို့ မှန်းဆ သုံးသပ်တာမျိုး ရှိပေမယ့် ရှေ့အလားအလာကို ပီပီပြင်ပြင် အကဲခတ်နိုင်တာမျိုးတော့ မရှိပါဘူး။
ဒီလိုအခြေအနေ ရှိနေပေမယ့် လတ် တလောမှာ အိမ်မြေဈေးကွက်မှာသာ ရင်းနှီးမြှုပ်နှံဖို့ စဉ်းစားနေတယ်ဆိုရင် တော့ ကျပ်သိန်း ၁,၀၀၀ နဲ့ ၁,၅၀၀ ကြား ဈေးနှုန်း အလယ် အလတ်ကို ရွေးချယ် အလုပ်လုပ်တာက အကျိုးအမြတ်ရှိနိုင် တယ်လို့ အကျိုးဆောင် တချို့က သုံးသပ် ကြပါတယ်။
ဈေးနှုန်း အလယ်အလတ်တန်းစား အိမ်ခြံမြေ အကွက်အကွင်းတွေအတွက် လူဦးရေ တိုးပွားလာမှုက အခရာကျပြီး ဒီအချက်က သူ့ရဲ့ ဈေးကွက်ကို အချိန်ကြာလာတာနဲ့အမျှ မြှင့်တင်ပေးနိုင်လိမ့်မယ်လို့ သုံးသပ်ကြပါတယ်။ အလယ်အလတ် ဈေး နှုန်းထားဖြစ်လို့အမှန်တကယ် နေထိုင်စရာ လိုအပ်တဲ့ လူလတ်တန်းစားအလွှာနဲ့ ရင်းနှီး မြှုပ်နှံထားလိုတဲ့ ငွေကြေးတတ်နိုင်သူတွေ စိတ်ဝင်စားစရာ အကွက်အကွင်းအဖြစ် ရှိနေနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို အကွက်အကွင်းမှာ အလုပ်လုပ် မယ်ဆိုရင် အရေးကြီးတာက အကွက်အကွင်းကို ရွေးချယ်တာ မှန်ကန်ဖို့ပဲဖြစ်ပါတယ်။
လူနေခွင်ဧရိယာတွေနဲ့ အတတ်နိုင် ဆုံး နီးကပ်တာ၊ မြေကွက်မျက်နှာပြုတာတွေ အားသာတာကို ရွေးချယ်ဖို့ လိုအပ်သလို၊ ကိုယ်မှန်းထားတဲ့ ငွေပမာဏထက် အနည်း ငယ် ပိုလိုက်ရင် အနေအထား ပိုကောင်းတာကို ရနိုင်မယ့် မြေကွက်မျိုးဆိုရင်လည်း ဆုံးဖြတ်ချက် မှားမသွားအောင် အလုပ်လုပ်တတ်ဖို့လိုကြောင်း အကျိုးဆောင်တချို့က အကြံပြုပါတယ်။ လတ်တလောအနေအထားမှာ အိမ်ခြံ မြေဈေးကွက် အရောင်းအဝယ် ပြန်သွက်လက်လာဦးမယ် ဆိုရင်တောင် ဈေးနှုန်းအမြင့်တန်းတွေဟာ အထနှေးဦး မှာဖြစ်ပြီး မြို့တွင်း အိမ်ခြံမြေဈေးကွက်ဟာ အငှား ဈေးကွက်ကိုသာ ဆက်လက် အားထားရ ဖွယ် ရှိနေပါတယ်။ အလယ်အလတ် ဈေးနှုန်းတန်း အိမ်ခြံမြေအကွက် အကွင်းတွေကတော့ ခပ်သွက်သွက် လည်ပတ်နိုင်စွမ်းရှိကြမယ်လို့ အကျိုးဆောင် အများစုက သုံးသပ်ကြပါတယ်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Moe Thae'
Property Sales Event
နောက်ဆုံးရ သတင်းများ
Sign up for Maximum Exposure, Maximum Leads and Maximum Sales
For Sale
For Rent
New Homes
other properties