By Ra Wai, Shweproperty.com
Updated at 20 April 2020
"မြေနဲ့ အိမ်ဝယ်ဖို့ သွားကြည့်တဲ့အခါ အိမ်က နှစ်ထပ်တိုက်ဖြစ်ပေမယ့် မြေက ဂရန်သက်တမ်းကုန်နေတယ်၊ ဂရန် သက်တမ်း ကုန်နေတဲ့ မြေကွက်ကို တရားဝင် ဝယ်လို့ရပါသလား''တဲ့။
''မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်းတွေဖြစ်တဲ့ မြေ၊ အိမ်တို့ကိုဝယ်ရင် မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုမှ တရားဝင် ပိုင်ဆိုင်ခွင့် ရှိတယ်လို့ ဥပဒေအရ သတ်မှတ်ထားပါတယ်။ ဒါကြောင့် တရားဝင်ပိုင်ဆိုင်ဖို့ဆိုရင် မှတ်ပုံတင်အရောင်းအဝယ် စာချုပ်ချုပ်ဆိုနိုင်တဲ့ ပစ္စည်းမျိုးဖြစ်ဖို့လိုတယ်''
''အချို့က မှတ်ပုံတင် အရောင်းအဝယ်စာချုပ် ပြုလုပ်ရန် အခွန်ဆောင်ရမှာဖြစ်လို့ မှတ်ပုံတင်စာချုပ် မလုပ်တော့ပဲ ဝယ်ယူ နေထိုင်ကြတာတွေရှိတယ်လို့လည်း သိရတယ်''
''မှန်ပါတယ်၊ အိမ်၊ မြေ ရောင်းသူက ရောင်းခွန်ပေးရမှာ ရှောင်ချင်တာရယ်၊ ဝယ်သူက ဝယ်ခွန်ပေးဆောင်ရမှာကို ရှောင်ချင်တာနဲ့ ရောင်းသူထံမှ ကိုယ်စားလှယ်လွှဲစာ ရယူထားပြီး ဝယ်ယူနေထိုင်တာတွေရှိပါတယ်။ ဒါကတော့ ရောင်းသူက မြေဂရန်အမည်ပေါက် ဖြစ်ဖို့လိုပါတယ်။ မြေဂရန် အမည်ပေါက်သူထံမှ ကိုယ်စားလှယ်လွှဲစာ ရရှိမှသာ အဆိုပါ မြေကွက်နဲ့ ပတ်သက်တဲ့ လုပ်ပိုင်ခွင့်ကို ဝယ်သူက အမည်ပေါက်သူကိုယ်စား ဆောင်ရွက်ခွင့် ရှိလာမှာဖြစ်တယ်''
''ရောင်းသူ အမည်မပေါက်တဲ့ မြေကွက်တွေကို ဝယ်ထားပြီး ဘာပြဿနာမှမဖြစ်ပဲ နေတဲ့ သူတွေလည်း ရှိနေတယ်မဟုတ်လား''
''ဟုတ်တော့ဟုတ်ပါတယ်၊ ဒါပေမယ့် ပြန်လည်ရောင်းချတဲ့အခါမှာ မိမိအမည်မပေါက် တော့ ကာလပေါက်ဈေးအတိုင်း၊ ရောင်းဖိုးငွေ မရနိုင်တာတွေရှိတတ်တယ်။ အိမ်အသစ်ပြန်ဆောက်မယ် ဆိုရင်လည်း ဂရန်အမည်မပေါက်တော့ ဆောက်လုပ်ခွင့် လျှောက်ထားရာမှာ အခက်အခဲ တွေရှိတတ်တယ်၊ ဒါကြောင့် ရောင်းသူအမည်ပေါက်ဂရန် မြေကွက်ကို ဝယ်ရင်တော့ မှတ်ပုံတင် အရောင်း စာချုပ်ချုပ်ဆိုနိုင်ပြီး၊ ဥပဒေနဲ့အညီ တရားဝင်ပိုင်ဆိုင်ခွင့်ရမှာဖြစ်တယ်''
''ဒါဆို ဂရန်သက်တမ်းကုန် မြေကွက် အခြေအနေမှာ မှတ်ပုံတင် အရောင်းစာချုပ် ချုပ်လို့ရ ပါသလား''
''တရားရုံးချုပ် အထူးအယူခံခုံရုံးက ဆုံးဖြတ်ခဲ့တဲ့ ဦးဝင်းမောင် ပါ ၂ ဦးနှင့် ဒေါ်ငွေခိုင် (ခ) ဒေါ် လှမေ (၎င်း၏ အထွေထွေကိုယ် စားလှယ် စာရသူ ဒေါ်ရင်ရင်ထွန်း) ၂ဝ၁၄ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၁၆၇ စီရင်ထုံးတွင် မြေဂရန် ဆိုသည်မှာ
- မြေကိုအသုံးပြုနိုင်သော အခွင့်အရေး ဖြစ်သည်။
- အဆိုပါ အခွင့်အရေးသည် ဂရန်စာချုပ်တွင် ခွင့်ပြုထားသည့် သက်တမ်းအတွင်းသာ အကျိုးခံစားခွင့်ရရှိနိုင်ပါသည်။
- ဂရန်သက်တမ်းကုန်ဆုံးသွားသည့်အခါ ဂရန်ရရှိထားသူသည် ၎င်းရရှိထားသည့် မြေ အသုံးပြုပိုင်ခွင့် အခွင့်အရေးသည်လည်း ကုန်ဆုံးသွားသည့်အတွက်
- ထိုမြေတွင် ၎င်းအနေဖြင့် အခွင့်အရေးတစ်စုံတစ်ရာ မရှိတော့ ဟု ဆိုရပေမည် ဖြစ်ကြောင်း ဆုံးဖြတ်သုံးသပ်ထား တာကို တွေ့ရပါတယ်''
''ဒါဆို ဂရန်မြေနဲ့ ပတ်သက်လို့ ရောင်းချလွှဲပြောင်းပေးကမ်းရင် တရားမဝင်တဲ့ သဘောပေါ့''
''ယေဘူယျခြုံပြောရရင်တော့ ဥပဒေအရ ဒီသဘောပဲလို့ဆိုရမှာ ဖြစ်တယ်၊ ဒါပေမယ့် အစိုးရဂရန်ရရှိထားသူသည် ကျူးကျော်နေထိုင်သူအား မြေဂရန်သက်တမ်းအတွင်းတွင် မြေကွက်မှ ဖယ်ရှားပေးရန် တရားစွဲဆိုရာ အမှုအတောအတွင်း မြေဂရန်သက်တမ်း ကုန်ဆုံးသွားစေကာမူ လက်ရောက်ရပိုင်ခွင့်ရှိသည်ဟု ဦးအောင်သိန်းပါ ၂ ဦးနှင့် ဒေါ်မမ ကြီး ၁၉၆၄ ခုနှစ်မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၂၆၉ အမှုမှာ ဆုံးဖြတ်ထားတာတွေ့ရတယ်။ ဒါကြောင့် ဂရန်သက်တမ်းမကုန်သေးမီ အရောင်းအဝယ် မှတ်ပုံတင်စာချုပ် ချုပ်ဆိုခြင်းကို တစ်စိတ်တစ်ပိုင်း ဆောင်ရွက်နေဆဲဖြစ်ရင် ဆက်လက်အတည်ပြု ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်''
''မြေဂရန်သက်တမ်းတိုး ပြီးမှ ဝယ်ရင် ပိုကောင်းတဲ့ သဘောပေါ့''
''မှန်ပါတယ်၊ မိမိဝယ်ယူမယ့် မြေကွက်ဟာ ဂရန်သက်တမ်း ကုန်နေပြီဆိုရင်တော့ သက်တမ်း အရင်တိုးပြီးမှ ဝယ်ယူခြင်းက အကောင်းဆုံး ဖြစ်ပါတယ်''
''တကယ်လို့ ဂရန်သက် တမ်းတိုးဖို့ အမည်ပေါက်ကွယ်လွန်သွားရင် ဘယ်လိုဆောင်ရွက်နိုင်သလဲ''
''ဒါကတော့ ဂရန်အမည်ပေါက် ကွယ်လွန်သူရဲ့ အမွေဆက်ခံသူက အဆိုပါ မြေကွက်နဲ့ ပတ်သက်လို့ စီမံခန့်ခွဲနိုင်ရန် သက်ဆိုင်ရာ တရားရုံးမှာ အမွေထိန်းစာ လျှောက်ထားရပါတယ်။
- တရားရုံးက အမွေထိန်းစာ ထုတ်ပေးခဲ့ရင်၊ အမွေထိန်းစာရသူက အဆိုပါ မြေကွက်ကို ဂရန်သက်တမ်းတိုးခွင့် လျှောက်ထားခြင်း၊ ရောင်းချခြင်းတို့အတွက် တရားရုံးရဲ့ခွင့်ပြုချက်ကို ရယူပြီး သက်ဆိုင်ရာ အစိုးရရုံးများမှာ ဆက်လက်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်''
''အခုလို ရှင်းပြမှပဲ ဂရန်သက်တမ်းကုန်မြေကွက်တွေကို ဝယ်ယူရာမှာ တရားဝင်ဖြစ်အောင် ဆောင်ရွက်နိုင်တယ် ဆိုတဲ့ အချက်တွေသိရပြီး စိတ်ထဲရှင်းသွားတော့တယ်''
''မှန်ပါတယ်၊ ဥပဒေဆိုတာ ပြည်သူတွေ မနစ်နာအောင် အခွင့်အရေးတွေ ပေးထားပါတယ်။ ဥပဒေ ဘောင်အတွင်းမှာ ဥပဒေနှင့်အညီ ဆောင်ရွက်မယ်ဆိုရင် အခက်အခဲမရှိဘူးလို့ ပြောချင်ပါတယ်''
Ref By: ထီယု (ဥပဒေတိုင်ပင်ခံ)
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ