By mm-homedecor, Shweproperty.com
Updated at 17 July 2020
တစ်နေ့သ၌ ကျွနု်ပ်ထံသို့ ဒေါ်လှချောဆိုသူ အသက်ငါးဆယ်ကျော်အရွယ် မိန်းမကြီးတစ်ဦး ရောက်ရှိလာလေ၏။ ၎င်းသည် လွန်စွာ လျှာရှည်လှသောကြောင့် ကျွနု်ပ်က ဒေါ်ဝါယောဟုသာ ခေါ်လေတော့၏။ ကျွနု်ပ်က “ပျောက်လှချေလား ဒေါ်ဝါယောရေ . . . ဟု မေးလိုက်သောအခါ ဒေါ်ဝါယောကြီးက“ ပျောက်နေရင် စိတ်ချမ်းသာပေတော့ဆရာရေ . . .၊ ကိုယ့်ဟာကိုယ် အဆင်ပြေလို့ ပျောက်နေတာမှတ်ပါ …၊ အဟဲ … အခုလို ပေါ်လာပြီဆိုရင်တော့ တစ်ခုခု အဆင်မပြေလို့လို့သာ မှတ်ပေတော့ ဆရာရေ . . . ဟု ပြန်ပြောလေ၏။ ကျွနု်ပ်လည်း ၎င်းအား မနောမယလက်ဖက်ရည်ဖြင့် ဧည့်ခံရလေ၏။
ထို့နောက် ကျွနု်ပ်က “ဆိုစမ်းပါဦး၊ ဘာတွေများ အဆင်မပြေလို့လဲ … . . ဟု မေးလိုက်ရာ ဒေါ်ဝါယောကြီးက “အဆင်မပြေတာက ကျွန်မမဟုတ်ဘူး ဆရာရဲ့၊ တူမလေးတစ်ယောက် အဆင်မပြေတာပါ၊ သို့ပေသော်လည်းပဲ အဲဒီတူမလေးက ကျွန်မကို ပေးကမ်းထောက်ပံ့နေတာဆိုတော့ သူအဆင်မပြေခြင်းဟာ ကျွန်မရဲ့အဆင်မပြေခြင်းပဲပေါ့၊ အဲဒီတော့ . . .သူအဆင်ပြေပါမှ ကျွန်မအဆင်ပြေမယ့် ကိစ္စပေါ့ဆရာရယ် .. . . ဟု ပြောလေတော့၏။ ကျွနု်ပ်လည်း ခေါင်းကိုကုပ်ရင်း “ရှင်းရှင်းပြောစမ်းပါ ဒေါ်ဝါယောရယ် ”ဟု ပြောလိုက်ရ၏။
ဒေါ်ဝါယောကြီးက နှုတ်ခမ်းကိုမဲ့ရင်း “ဆရာ နားရှုပ်မှာစိုးလို့ကိုပဲ အစကတည်းက မရှင်းရှင်းအောင်ဆိုပြီး ရှုပ်နိုင်တဲ့ကိစ္စကို ရှင်းအောင် တစ်ချက်ခြင်း ရှင်းရှင်းလေး ပြောလိုက်တာလေ ဆရာရဲ့ ဆရာတို့လည်း ခက်ပါတယ် … . .ဟု ပြောပြန်သဖြင့် ဟု ပြောပြန်သဖြင့် ကျွနု်ပ်လည်း – “ဟုတ်ပါပြီဗျား၊ ခင်ဗျားတို့ပဲ လွယ်ပါတယ်၊ ကဲ . . .ပြောကြည့်ပါဦး၊ ဘာကိစ္စလဲ . . .”ဟု ပြောလိုက်ရလေ၏။ ထိုအခါ ဒေါ်ဝါယောကြီးက “အဲဒီကိစ္စက အစတုန်းကတော့ အဆင်ပြေနေတာ ဆရာရဲ့ ၊ ဒီနောက်ပိုင်းကျမှ သိသိသာသာ အဆင်မပြေဖြစ်လာတာ၊ ဘာကိစ္စလဲဆိုတော့ တူမလေးရဲ့ မုန့်ဟင်းခါးဆိုင်ကိစ္စ၊ တူမလေးက သူ့အိမ်ရှေ့မှာပဲ မုန့်ဟင်းခါးဆိုင်လေး တစ်နိုင်တစ်ပိုင်ဖွင့်ပြီးရောင်းတာ၊ တော်တော့်ကို အဆင်ပြေခဲ့တာ၊ သူတို့ရပ်ကွက်ထဲမှာတော့ နာမည်ကိုကြီးသွားတာပဲ၊ တော်တော်ကိုရောင်းရတာ၊ သူ့မုန့်ဟင်းခါးဆိုရင် အဖိုးကြီး အဖွားကြီးတွေကလည်းကြိုက်တယ်၊ ကလေးတွေကလည်း အရမ်းကြိုက်တာ ဆရာရဲ့” ဟု ပြောရာ ကျွနု်ပ်က -“ အဲဒီလောက် အဆင်ပြေနေတာများ ကျုပ်စားဖို့လည်း မုန့်ဟင်းခါးလေးထည့်ယူလာခဲ့ပါတော့လားဗျာ . . .” ဟု ပြောလိုက်လေ၏။
ထိုအခါ ဒေါ်ဝါယောကြီးက -“ အဲဒါက ဟိုအရင်တုန်းကပြောတာ ဆရာရဲ့ ၊ အခု အဲဒီလိုမဟုတ်တော့ဘူး၊ အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီ . . .” ဟု ပြောသောကြောင့် ကျွနု်ပ်က -“ သြော် . . .အဲဒါဆို ကျုပ်ကတောင် လမ်းထိပ်ကနေ မုန့်ဟင်းခါးဝယ်ပြီး ခင်ဗျားကိုပြန်ထည့်ပေးလိုက်မယ့် အပေါက်မျိုး ဖြစ်နေပြီထင်တယ် . . .” ဟု ပြောလိုက်ရာ ဒေါ်ဝါယောကြီးက ခေါင်းကလေးကို တွင်တွင်ညိတ်ရင်း – “ ကောင်းတယ် ကောင်းတယ်၊ ဆရာ့အစီအစဉ်မဆိုးဘူး . . .”ဟု ပြောလေ၏။
ထို့ကြောင့် ကျွနု်ပ်က – “ ကဲပါ ဒေါ်ဝါယောရယ် . . .ခင်ဗျားတူမဆိုင်က ဘာဖြစ်နေလို့လဲ ဆိုတာလေးပဲ လိုရင်းကိုရောက်အောင် ပြောစမ်းပါဗျာ . . .” ဟု တိုက်တွန်းရလေ၏။ ထိုအခါ ဒေါ်ဝါယောကြီးက –
“ ဒီလို ဆရာရဲ့ . . . သူ့ဆိုင်လေးက တော်တော့်ကို ရောင်းကောင်းခဲ့တာ၊ ကျွန်မလည်းစိတ်ချမ်းသာရတာပေါ့လေ၊ ဒီနောက်ပိုင်း သိသိသာသာ ရောင်းအားကျသွားတယ်၊ သူ့ဆိုင်ကိုအားပေးနေကျ ပုံမှန်ဖောက်သည်တွေပါ တဖြည်းဖြည်းပျောက်သွားကြတယ်၊ ကျွန်မသတိထားမိတဲ့အတိုင်းဆိုရင်တော့ . . .သူတို့ဆိုင်နဲ့ မျက်နှာချင်းဆိုင်က အခန်းကို လူအသစ်တွေပြောင်းလာပြီးကတည်းက မှတ်မှတ်ရရ အဲဒီလိုဖြစ်သွားတာပဲ . . .” ဟု ပြောပြလေ၏။ ထိုအခါ ကျွနု်ပ်က -“ အဲဒီပြောင်းလာတဲ့မိသားစုဟာ တော်တော့်ကို ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံး၊ ကြင်ကြင်နာနာရှိကြဟန်တူတယ်ဗျ . . .” ဟု ပြောလိုက်ရာ ဒေါ်ဝါယောကြီးသည် ရင်ဘတ်ကိုလက်ဖြင့် ဖြတ်ကနဲ ဖိ၏။ မေးစေ့ကို ရှေ့သို့ထိုး၍ နှုတ်ခမ်းကိုမဲ့၏။
ပြီးနောက် – “ အောင်မယ်လေးတော် . . .အဲဒီမိသားစုလောက် ရန်သတ်တာ၊ အဲဒီမိသားစုပဲ ရှိမယ်ထင်ပါရဲ့၊ ပြီးကို မပြီးနိုင်တော့ဘူး၊ နှစ်လေးဆယ် စစ်တိုက်ခဲ့ကြတယ်ဆိုတဲ့ ဗမာဘုရင် အင်းဝမင်းခေါင်နဲ့ မွန်ဘုရင် ရာဇဓိရာဇ်တို့ တစ်မိသားစုထဲမှာ ဝင်စားလာကြသလား အောက်မေ့ရတယ်၊ သတ်လိုက်ကြတဲ့ရန်ဆိုတော့ ဆရာရယ် . . .၊ သံဃာတော်တွေ အရုဏ်ဆွမ်းခံ မကြွခင်ကနေ ညကာလသားတွေ အိမ်ပြန်ရောက်တဲ့အထိ သူတို့အိမ်မှာက ပတ်လည်လှည့်ပြီး ရန်သတ်နေကြတာ ဆရာရေ . . .” ဟု မဲ့ကာရွဲ့ ကာနှင့် ပြောနေသောကြောင့် ကျွနု်ပ်လည်း တခစ်ခစ်နှင့် ရယ်နေမိလေတော့၏။ ထို့နောက်တွင်မှ – “ ဒီလိုရှိတယ် ဒေါ်ဝါယောရဲ့ ၊ ကိုယ့်အိမ်တို့ ၊ ဆိုင်တို့ရဲ့ ခေါင်းရင်းဘက်တွေ၊ ရှေ့မျက်နှာစာတွေ ဆိုတာဟာ ကိုယ့်ရဲ့ မင်္ဂလာယူရာ အရပ်တွေဗျ . . .၊ အဲဒီဘက်တွေကနေ ဘုရားသံ၊ တရားသံတို့ ၊ ကြည်နူးချမ်းမြေ့စရာတို့ မြင်လေလေ၊ ကြားလေလေ၊ ကြုံလေလေ ကိုယ်အိမ်၊ ကိုယ့်ဆိုင်မှာလည်း နိမိတ်ကောင်းပြီး လာဘ်ရွှင်စီးပွားတက်လေ ဖြစ်တတ်တယ်ဗျ . . .။
အဲဒီလိုမဟုတ်ဘဲ အဲဒါနဲ့ပြောင်းပြန် ရှေ့မျက်နှာစာတို့၊ ခေါင်းရင်းဘက်တို့ကနေ ဆဲကြ၊ ဆိုကြ၊ သတ်ကြ၊ ပုတ်ကြ၊ ငိုကြ၊ ယိုကြ … မကောင်းတာတွေ မြင်ရ၊ ကြားရ၊ ကြုံရမယ်ဆိုရင်တော့၊ သူတို့ဆီက မကောင်းခြင်းတွေဟာ ကိုယ့်အတွက်ပါ မကောင်းနိမိတ်အဖြစ် လာပြီးသက်ရောက်တတ်တယ်ဗျို့ . . .၊ ဟိုဘက်က ရန်သတ်လေလေ၊ ဒီဘက်ကလည်း နေရင်းထိုင်ရင်း လာဘ်ပိတ်လေလေတွေ ဖြစ်ကုန်တတ်တယ် . . .”ဟု ပြောလိုက်ရာ ဒေါ်ဝါယောကြီးက အလျင်စလိုဖြင့် –
“ ဟုတ်တယ်ဆရာရေ့ ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်မက သေသေချာချာကို သတိထားမိနေတာ၊ ဟိုတလောလေးတုန်းက အဲဒီမိသားစု တစ်စုလုံး ခရီးထွက်သွားကြတာ လေးရက်လောက် ပျောက်သွားကြတယ်၊ အဲဒီလေးရက်လောက်မှာ လူပါးနေတဲ့ တူမလေးရဲ့ ဆိုင်ဟာလေ ကြိတ်ကြိတ်တိုး လူတွေပြန်ပြည့်သွားတယ် ဆရာရဲ့ ၊ သူတို့တွေလည်းပြန်ရောက်လာရော ကျွန်မတူမရဲ့ ဆိုင်ကလေးလည်း အရင်းပြုတ်ရော ဖြစ်တော့တာပါပဲ ဆရာရဲ့ ၊ အဲဒီတော့ ဘယ်လိုလုပ်ရမှာလဲ၊ အဲဒီမိသားစု အမြဲတမ်းခရီးထွက်နေအောင် ဆရာ့အနေနဲ့ ဓါတ်ရိုက်ဓါတ်ဆင်လေးလုပ်ပေးပါလား . . . ဟု ပူဆာလေတော့၏။
ကျွနု်ပ်က ရယ်၍ – “ အောင်မယ်လေး ဒေါ်ဝါယောရယ် . . .၊ သူများမိသားစုကိစ္စက ခင်ဗျားနဲ့ဘာဆိုင်လို့လဲ၊ ကိုယ့်တူမဆိုင် အဆင်ပြေရေးကိုပဲ ခင်ဗျားက လုပ်ရမှာလေ၊ ဒီလိုလုပ်ဗျာ . . .၊ ဟိုဘက်က ဆဲသံ၊ ဆိုသံ၊ ရန်ဖြစ်သံကြားလေလေ ကိုယ့်ဘက်ကလည်း ဘုရားတရားကြည်ညိုခြင်းကို ပိုပြီး လုပ်လေလေ ဆိုတာမျိုးဖြစ်အောင် ကြိုးစားပါ၊ ပြီးတော့ ခေါင်းရင်းတို့၊ မျက်နှာချင်းဆိုင်တို့ကနေ ဆဲသံ၊ ငိုသံ၊ ရန်ဖြစ်သံလိုဟာမျိုး ကြားလိုက်ပြီဆိုတာနဲ့ ကိုယ့်ဆိုင်တို့ ၊ အိမ်တို့ရဲ့ နောက်ဖေးဘက်မှာရှိတဲ့ အိမ်သာတံခါးတို့ ၊ မီးဖိုချောင်တံခါးတို့ စသည်ဖြင့် နောက်ဖေးဘက်မှာ ဆူဆူညံညံအသံထွက်သွားအောင် ခြေထောက်နဲ့ ကန်ကျောက်လိုက်တာမျိုး လုပ်လိုက်ပါ၊ အဲဒါဆိုရင် ကိုယ့်အတွက် လာပြီးခိုက်စေမယ့် နိမိတ်ဆိုးဟာ နိမိတ်ကောင်းအဖြစ် ပြောင်းသွားပြီး ဟိုဘက်က မကောင်းတဲ့ အသံဗလံတွေ ထွက်လေလေ ကိုယ့်ဆီမှာ လာဘ်ပွင့်လေလေ ဖြစ်လာပါလိမ့်မယ်တဲ့ဗျား . . .”ဟု ပြောပြလိုက်ရလေ၏။
ဒေါ်ဝါယောကြီးက – “ အဲဒါလောက်လေးနဲ့ အဆင်ပြေပါ့မလား ဆရာရယ် . . .” ဟု မယုံမရဲလေသံကလေးဖြင့် မေးလေ၏။ ထို့ကြောင့် ကျွနု်ပ်က – “အဆင်ပြေတဲ့အပြင် ဟိုဘက်ကိုတောင် လွန်သွားပါလိမ့်ဦးမယ် ဒေါ်ဝါယောရေ . . .၊ အဲဒီလို အဆင်ပြေတဲ့အကြောင်း သက်သေပြတဲ့အနေနဲ့ နောက်တစ်ပတ် ဆယ်ရက်ကြာတဲ့အခါ ခင်ဗျားတူမဆိုင်က မုန့်ဟင်းခါးလေး ပါဆယ်နှစ်ထုပ်လောက်ဆွဲလာပြီး ဝမ်းသာအားရ လာပြောလှည့်ပေတော့ဗျို့ . . .” ဟု ပြောလိုက်ရလေတော့သတည်း … ။
Ref By: mm-homedecor
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ