By Zaygwet ထီယု (ဥပဒေအတိုင်ပင်ခံ), Shweproperty.com
Updated at 25 November 2017
''ဆွေမျိုးတော်စပ်မှုမှာ အမွေမ မီမြေးဆိုတာရှိပါသလား''
''ဦးတင်မြင့်ကတော့ ဈေးသက်သာမယ့်မြေကွက်ကို တွေ့ထားပြန်ပြီ ထင်တယ်''
စာရေးသူက အရွှမ်းဖောက် ပြောလိုက်ပါသည်။
ဦးတင်မြင့်မှာ အိမ်ဝယ်ရောင်း လုပ်နေသူတစ်ဦးဖြစ်သဖြင့် သူ အခက်အခဲရှိပြီဆိုလျှင် စာရေးသူထံ ရောက်လာစမြဲဖြစ်သည်။
''ဒီတစ်ခါက ကျွန်တော်ဝယ်ဖို့ မဟုတ်ဘူး။ ကန့်ကွက်ရမယ့်အပိုင်း ဖြစ်နေလို့''
''ပြောပါဦး၊ ဘယ်လိုဆက်စပ်မှု ရှိလာလို့လဲ''
''ကျွန်တော့် မိန်းမရဲ့အဘွားဖြစ်သူ ကွယ်လွန်သွားတယ် ဆရာ။ မြေးဖြစ်တဲ့ ကျွန်တော့်ဇနီးက အမွေ ရနိုင်ပါသလား''
''ဦးကျော်မြင့်ရဲ့ ဇနီးမှာမောင်နှမ ဘယ်နှယောက်ရှိသလဲ''
''မောင်နှမမွေးချင်းမရှိဘူး ဆရာ တစ်ဦးတည်းသော သမီး''
''မိဘတွေရှိသေးလား''
''အမေတော့ရှိတယ်။ အဖေကတော့ ဆုံးသွားတာ နှစ်နှစ်လောက်ရှိ ပြီ''
''အခု ကွယ်လွန်သွားတာက အဖေဘက်က ဖြစ်မှာပေါ့''
''ဟုတ်ပါတယ်။ အဖေကွယ်လွန်ပြီးမှ အဘွားဖြစ်သူက ကွယ်လွန် သွားတယ်ဆိုတော့ ဘယ်လိုတော်စပ်သွားသလဲ''
''မြေးတော်စပ်တာကတော့ မပြောင်းလဲပါဘူး။ ဥပဒေအရ ပြောရရင်တော့ သားဖြစ်သူက ကျန်ရစ်သူ မိဘမကွယ်လွန်မီ ကွယ်လွန်သွားတာကြောင့် သားမှမွေးဖွားတဲ့ သားသမီးတွေဟာ အမွေမမီမြေးတွေဖြစ်သွားတယ်''
''အမွေမမီမြေးက အမွေရခွင့်ရှိပါသလား''
''မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရတော့ အမွေမမီမြေးတွေဟာ အဘိုးအဘွားရဲ့ ကျန်ရစ်ပစ္စည်းပေါ်မှာ အမွေရပိုင်ခွင့်ရှိပါတယ်။ အခုအဖြစ်အပျက်က ဘယ်လိုဖြစ်တာပဲ''
''အဘိုးအဘွားမှာ မြေနဲ့အိမ်တစ်လုံးရှိတယ်''
''သူတို့နှစ်ယောက်အမည် ပေါက်မြေကွက်လား''
''ဟုတ်ပါတယ်။ သမီးဖြစ်သူတွေနဲ့ နေတယ်။ သမီးကြီးက အပျိုကြီး၊ သမီးငယ်ကတော့ အိမ်ထောင်ရှိတယ်။ သူတို့အတူနေကြတယ်။ ဇနီးသည်ရဲ့ ဖခင်က ဒုတိယမြောက်ဖြစ်တယ်''
''အခု အဘွားကြီးကွယ်လွန်တော့ မြေနဲ့ အိမ်ကို ရောင်းမယ်ပေါ့''
''ဟုတ်တယ်။ ရောင်းမယ်လို့ ကြားတာနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးမှာတော့ ကန့်ကွက်လွှာတင်ထားတယ်။ ရပိုင်ခွင့်ရှိရင်တော့ သတင်းစာထဲမှာ ကန့်ကွက်လွှာထည့်ထားရင် ကောင်းမလားလို့ အကြံလာတောင်းတာဆရာ''
''အမှန်တကယ် အဘိုးအဘွားပိုင်မြေနဲ့ အိမ်ဖြစ်တယ်ဆိုရင်တော့ အမွေမမီမြေးအနေနဲ့ အမွေဆက်ခံခွင့်ရှိမှာဖြစ်တယ်''
''အဘွားကြီးက သူမကွယ်လွန်မီ သမီးနှစ်ယောက်ကို အဲဒီအိမ်နဲ့ မြေပေးခဲ့တယ်လို့ ပြောသံကြားတယ်''
''အမွေရှင်အနေနဲ့ မိမိကွယ်လွန်သွားတဲ့အခါ အမွေစားအမွေခံများ ဆုံးရှုံးစေရန် သဘောနှင့် မိမိနှစ်သက်သူကိုသာ ပေးကမ်းသွားလျှင် ပျက်ပြယ်သည်ဟု မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ ဒါကြောင့် ကျန်အမွေစားအမွေခံများ မခံစားရအောင် သမီးနှစ်ဦးတည်းကိုပဲ အိမ်နဲ့ မြေကို အပေးစာချုပ်ပြုလုပ် ချုပ်ဆိုလို့မရပါဘူး။ ချုပ်ဆိုခဲ့ရင်လည်း ပျက်ပြယ်သွားမှာဖြစ်ပါတယ်''
''ဒါဆိုရင်အခု အိမ်နဲ့မြေအပေါ် ကျွန်တော့်ဇနီးက ခံစားခွင့်ရှိမှာပေါ့နော်''
''မှန်ပါတယ်။ အမွေမမီမြေးအဖြစ် အမွေရပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်''
''ဒါဆိုရင် သတင်းစာထဲမှာ အရောင်းအဝယ်မလုပ်ဖို့ ကန့်ကွက်စာ ထည့်လို့ရနိုင်တယ်ပေါ့နော်''
''ဟုတ်ပါတယ်။ အရောင်းအဝယ် မလုပ်ရသေးဘူးဆိုတော့ အမွေဆိုင်အိမ်နဲ့ မြေဖြစ်ကြောင်းနဲ့ မြေးဖြစ်သူရဲ့ သဘောတူညီမှုမရဘဲ ရောင်းချခြင်း မပြုရန်တားမြစ်ထားရင်တော့ ကောင်းတာပေါ့''
''တကယ်လို့များ ဆရာရယ်၊ အဘွားကြီးက သမီးနှစ်ဦးကို အပေးစာချုပ်နဲ့ မြေနှင့်အိမ်ကို ပေးခဲ့ကြောင်း မှတ်ပုံတင်အပေးစာချုပ် ချုပ်ထားမယ်ဆိုရင် ရနိုင်ပါဦးမလား''
''မှတ်ပုံတင် အပေးစာချုပ် ချုပ်ဆိုထားတယ်ဆိုရင်တော့ တရားစွဲဆို ရမယ့်အဆင့်ရောက်သွားမှာဖြစ်တယ်''
''အမွေရလိုမှုစွဲရမှာပေါ့နော်''
''မှတ်ပုံတင် အပေးစာချုပ်ကို ဖျက်သိမ်းပေး၍ အမွေပုံစီမံခန့်ခွဲပေး စေလိုမှုစွဲဆိုရမှာဖြစ်တယ်''
''ဝယ်တဲ့သူက စရန်ပေးထားရင် ဘယ်လိုဖြစ်နိုင်သလဲ''
''ဦးတင်မြင့်တို့ဘက်က အမွေဆိုင်အိမ်နဲ့မြေဖြစ်ကြောင်း ကန့်ကွက် ကြော်ငြာစာထည့်ပြီးရင်တော့ အရောင်းအဝယ်ရပ်တန့်သွားမှာပါ။ စရန်ငွေကိစ္စကတော့ ငွေယူထားတဲ့သူနဲ့ပဲ ဖြေရှင်းရမှာဖြစ်တယ်''
''နှစ်ဖက်ညှိနှိုင်းပြီး ခွဲဝေကြမယ်ဆိုရင် အမွေမမီမြေးက ဝေစုဘယ် လောက်ရနိုင်မလဲ''
''မြန်မာ့ဓလေ့ထုံးတမ်းဥပဒေမှာ ဗုဒ္ဓဘာသာဝင်ဘိုးဘွားတို့၏ အမွေကို သြရသနှင့် အကြီးဆုံး သားသမီးမှ မွေးဖွားသည့် အမွေမမီမြေး နှင့် ၎င်းတို့၏ ဦးကြီး၊ ဦးလေး၊ ဒေါ်ကြီး၊ ဒေါ်လေးတို့သည် အညီအမျှခွဲဝေရရှိသည်လို့ ပြဋ္ဌာန်းထားပါတယ်''
''အခု ကျွန်တော့် ယောက္ခထီးပေါ့ဗျာ၊ သူက အကြီးဆုံးသားမဟုတ်ဘူး။ ဒုတိယသားဖြစ်နေတော့ အဒေါ်တွေနဲ့အညီအမျှရပါ့မလား''
''ဒါနဲ့ ပတ်သက်လို့ကတော့ မောင်ရွှေရေးနှင့် မောင်ဖိုးမြ၊ ရန်ကုန် အတွဲ ၃- စာမျက်နှာ ၄၆၄ စီရင်ထုံးမှာ သြရသနှင့် အကြီးဆုံးသားသမီးမှ မွေးဖွားခြင်းမဟုတ်ဘဲ ကျန်သားသမီးများမှ မွေးဖွားသည့် အမွေမမီ မြေးများသည် ဘိုးဘွားကွယ်လွန်စဉ် မိမိတို့၏ မိဘများအသက်ထင်ရှားရှိ ခဲ့လျှင် ရရှိရမည့် ဝေစု၏ လေးပုံတစ်ပုံ ရခွင့်ရှိတယ်လို့ ဆိုပါတယ်''
''ဒါဆိုရင် ဇနီးသည်အနေနဲ့ အဒေါ်ဖြစ်သူနှစ်ဦးနဲ့ အညီအမျှမ ရနိုင်ဘူးပေါ့''
''မှန်ပါတယ်။ ဥပဒေနဲ့အညီရပိုင်ခွင့်ရှိမှာဖြစ်ပါတယ်။ အကောင်းဆုံးကတော့ အမှန်တကယ် အရောင်းအဝယ်ဖြစ်မယ်ဆိုရင် အားလုံးညှိနှိုင်း ခွဲဝေခြင်းက အကောင်းဆုံးပါပဲ''ဟု အကြံပြုဆွေးနွေးလိုက်ပါသည်။
တစ်ဆက်တည်း တင်ပြလိုသည်မှာ အိမ်မြေဝယ်မည့်သူအနေဖြင့်လည်း အမည်ပေါက် ကွယ်လွန်သွားသည့် မြေကွက်ဖြစ်လျှင် အမွေဆက် ခံခွင့်အဆင့်ဆင့် မြေးအဆင့်အထိ သေချာစုံစမ်းပြီးမှ ဝယ်သင့်ပါကြောင်း အကြံပြုရေးသားလိုက်ပါသည်။
Ref : Zaygwet ထီယု (ဥပဒေအတိုင်ပင်ခံ)
Photo Credit : Easy Property
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ