By Ko Zaw ( Nat Mauk), Shweproperty.com
Updated at 28 November 2017
လိုင်စင်မြေ အစိုးရမှစီမံချထားနိုင်သောမြေ(Land of the disposal of Government)များကို အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေပုဒ်မ ၁၆(ခ)အရ အခွန်တော်အရာရှိက ခေတ္တယာယီသဘော လိုင်စင်ထုတ်ပေးနိုင်ခွင့် ရှိပါသည်။ မြေငှားဂရန်တွင် ပစ္စည်းလွှဲပြောင်းပေးပိုင်ခွင့်သဘော ပါရှိပြီး လိုင်စင်တွင်မူ ပစ္စည်းလွှဲပြောင်းပေးပိုင်ခွင့် မရှိဘဲ ခေတ္တအသုံးပြုခွင့် သက်သက်မျှသာ ပေးထားခြင်း ဖြစ်ပါသည်။ လိုင်စင်ထုတ်ပေးထားတဲ့မြေကို နှစ်တို၊ နှစ်ရှည် ဂရန်ရရှိရန် လျှောက်ထားတဲ့အခါ ၎င်းအား လိုင်စင်ရပြီးဖြစ်၍ မြေငှားစာချုပ် ထုတ်ပေးရမည်ဟု ဥပဒေပြဌာန်းချက် မရှိပါဘူး။ ဥပဒေက ပေးထားသော အခွင့်အရေးမျှကိုသာ လိုင်စင်သမားမှ ရရှိနိုင်ပြီး လိုင်စင်ပါ အခွင့်အရေးထက် ပို၍ တောင်းပိုင်ခွင့် မရှိပါ။ ပါမစ်မြေ ပါမစ်မြေကတော့ ဂရန်(သို့မဟုတ်)လိုင်စင် မလျှောက်ထားမချင်း ကျူးကျော်ပါပဲ။ မြေကွက်မှာ သတ်မှတ်ကာလအတွင်း အိမ်မဆောက်ရင်တောင် အလိုအလျောက်(Automatic)ကို ပြန်အသိမ်းခံရတဲ့ မြေအမျိုးအစားပါ။ အစိုးရမှချထားပေးပိုင်ခွင့်ရှိသော Disposal Land ကို အသုံးပြုနိုင်မည့်အခွင့်အရေး Right in Land မှာ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ ပုဒ်မ- ၄(၇)၊ ပုဒ်မ- ၇(က)နဲ့ ပုဒ်မ- ၁၆(က)၊ (ခ)တို့အရ Grant၊ Lease၊ License ဟူ၍ (၃)မျိုးဖြင့်သာ သုံးစွဲခွင့် ရရှိနိုင်ပါသည်။ ပါမစ်ဆိုတာဟာ မြေနေရာချထားပေးသည့် အမိန့်သာဖြစ်ပြီး တရားဝင်မြေအသုံးပြုခွင့် အမိန့်၊ မြေပိုင်ဆိုင်ခွင့် အမိန့် မဟုတ်ပါဘူး။ မြို့မြေအတွင်း မြေပိုင်ဆိုင်ခွင့်၊ နေထိုင်ခွင့်နဲ့ပတ်သက်လို့ ၁၈၉၈ ခုနှစ် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာမြေများ အက်ဥပဒေ အခန်း- ၂၊ ပုဒ်မ- ၇၊ ပုဒ်မ- ၈ နဲ့ ပုဒ်မ- ၁၆ တို့အရ သတ်မှတ်ထားရာမှာ ပါမစ်ကို ဖော်ပြထားတာ မတွေ့ပါဘူး။ အစိုးရမြေကို အသုံးပြုနိုင်ဖို့က သတ်မှတ်ကာလတစ်ခုအတွက် မြေငှားရမ်းသုံးစွဲခွင့် ရရှိဖို့ ဂရန်စာချုပ် ချုပ်ဆိုငှားရမ်းရပါတယ်။ အစိုးရကိုယ်စား မြို့နှင့်ကျေးရွာမြေများအက်ဥပဒေပါ အမိန့်ကြော်ငြာစာများအရ ခန့်အပ်တာဝန်ပေးထားတဲ့ အခွန်တော်အရာရှိနဲ့ မြေအသုံးပြုမဲ့ ကာယကံရှင်အကြား လက်မှတ်ရေးထိုး ချုပ်ဆိုထားတဲ့ မြေငှားရမ်းသုံးစွဲခွင့် ဂရန်စာချုပ်၊ အငှားစာချပ် လိုအပ်ပါတယ်။ ပါမစ်မြေဟာ ဂရန်အဆင့်မဟုတ်ပါဘူး။ ပါမစ်ရသူဟာ မြေကွက်မှာ နေထိုင်တယ်လို့ ချထားခံရသူသာဖြစ်ပြီး၊ အစိုးရမြေကို တရားဝင်သုံးစွဲခွင့် မရရှိသေးဟု ဆိုနိုင်ပါတယ်။ လိုင်စင်ကမှ မြေကို ခေတ္တအသုံးပြုခွင့် ၃ နှစ်လို့ ပါရှိသေးတာမို့ ပါမစ်ဟာ လိုင်စင်လောက်တောင် အာနိသင် မရှိပါဘူး။ ပါမစ်နဲ့ မြေချထားရာမှာ သတ်မှတ်ကာလအတွင်း ချထားမြေကွက်ကိုအဆောက်အဦ မဆောက်ရင် မြေချထားမှုကို ပြန်ဖျက်သိမ်းနိုင်ပါသည်။ မြေချထားခံရသူ၊ ပါမစ်ရရှိသူက မိမိအမည်နှင့် မြေကို တရားဝင်သုံးစွဲခွင့် ရလိုရင်ဖြင့် အငှားဂရန်၊ ဂရန်၊ ဒါမှမဟုတ် လိုင်စင်တစ်ခုခု ထပ်လျှောက်ရမှာ ဖြစ်ပါတယ်။ ပါမစ်နဲ့ ချထားမြေကွက်များကို အမွေဆက်ခံခွင့်၊ လွှဲပြောင်းပိုင်ခွင့် မရှိပါဘူး။ ပါမစ်မြေကို ရောင်းဝယ်လွှဲပြောင်းရာတွင် တရားဝင် စာချုပ်စာတမ်းတောင် လုပ်ခွင့် မပေးရပါဘူး။
Ref : Ko Zaw ( Nat Mauk)
Photo Credit : Social
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ