By Win Kyaw Kyaw (ShweProperty.com), Shweproperty.com
Updated at 27 June 2018
စုပေါင်းပိုင်အဆောက်အအုံ မှတ်ပုံတင်ခြင်း နှင့် ပတ်သက်ပြီး စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ ဥပဒေ
အခန်း(၆) တွင် အောက်ပါအတိုင်းပြဌာန်းထားသည်။
မှတ်ပုံတင်ခြင်း
၁၆။ (က) ဝန်ကြီးဌာနသည် စုပေါင်းပိုင်မြေနှင့် စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ စာချုပ်စာတမ်းနှင့် စာတမ်းအမှတ်အသားများကို ဤဥပဒေနှင့်အညီ မှတ်ပုံတင်ပေးရန် သက်ဆိုင်ရာ စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာ မှတ်ပုံတင်အရာရှိများကို ခန့်အပ်တာဝန်ပေးရမည်။
(ခ) တည်ထောင်သူသည် စုပေါင်းပိုင်အဆောက်အအုံတည်သည့် စာချုပ်စာတမ်းကို သက်ဆိုင်ရာ မှတ်ပုံတင်အရာရှိထံတွင် မှတ်ပုံတင်ရမည်။
(ဂ) မှတ်ပုံတင်အရာရှိသည် စုပေါင်းပိုင်အဆောက်အအုံတည်သည့် စာချုပ်စာတမ်းကို စိစစ်ပြီး သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ပေးရမည်။
(ဃ) စုပေါင်းပိုင်မြေကို မူလပိုင်သူက စုပေါင်းပိုင်မြေအဖြစ် အမည်လွှဲပြောင်းရေးအတွက် သက်ဆိုင်ရာ စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ဆောင်ရွက်ရမည်။
၁၇။ စုပေါင်းပိုင်မြေအဖြစ် သက်ဆိုင်ရာစာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ပြီးသော မြေသည် မည်သည့်ဌာန၊ အဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်၏အမည်နှင့် ပိုင်ဆိုင်ခွင့်မရှိစေဘဲ စုပေါင်းပိုင်သူအားလုံးနှင့် အကျိုးသက်ဆိုင်သော စုပေါင်းပိုင်မြေအဖြစ်သာလျှင် တည်ရှိစေရမည်။
၁၈။ တည်ထောင်သူသည် စုပေါင်းပိုင်အဆောက်အအုံ ဆောက်လုပ်ပြီးစီး၍ တည်ဆဲဥပဒေနှင့် အညီ နေထိုင်ခွင့်ရရှိပါက စုပေါင်းပိုင်အဆောက်အအုံတည်သည့် စာချုပ်စာတမ်းနှင့် စာတမ်း အမှတ်အသားများကို မှတ်ပုံတင်အရာရှိထံတွင် မှတ်ပုံတင်ရမည်။
၁၉။ မှတ်ပုံတင်အရာရှိသည် စုပေါင်းပိုင်အဆောက်အအုံ တည်သည့် စာချုပ်စာတမ်းနှင့် စာတမ်းအမှတ်အသားများကိုလည်းကောင်း၊ စုပေါင်းပိုင်အဆောက်အအုံရှိ အိမ်ခန်းများကိုလည်းကောင်း သတ်မှတ်ချက်များနှင့်အညီ မှတ်ပုံတင်၍ အိမ်ခန်းအလိုက် အိမ်ခန်းမှတ်ပုံတင်လက်မှတ်များကို တည်ထောင်သူအားထုတ်ပေးပြီး အိမ်ခန်းမှတ်ပုံတင်လက်မှတ်မိတ္တူကို ထိန်းသိမ်းထားရမည်။
တည်ထောင်သူသည် ယင်းအိမ်ခန်းများကို ပုဒ်မ ၂၀ အရ လွှဲပြောင်းသည့်အခါ အိမ်ခန်းလက်ခံရရှိသူသို့ သက်ဆိုင်ရာ အိမ်ခန်းမှတ်ပုံတင်လက်မှတ်ကို လွှဲပြောင်းပေးရမည်။
၂၀။ မှတ်ပုံတင်ထားသော အိမ်ခန်းကို အောက်ပါနည်းလမ်းတစ်ရပ်ရပ်ဖြင့် ဆောင်ရွက်သည့်အခါ လွှဲပြောင်းပေးသူနှင့် လွှဲပြောင်းလက်ခံရရှိသူတို့သည် လွှဲပြောင်းသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း သက်ဆိုင်ရာ မှတ်ပုံတင်အရာရှိထံတွင် လွှဲပြောင်းသည့် စာချုပ်စာတမ်းကို သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ရမည်-
(က) ပေးကမ်းခြင်း ၊ စွန့်လွှတ်ခြင်းနှင့် လဲလှယ်ခြင်း ၊
(ခ) ရောင်းချခြင်း၊
(ဂ) နောက်ဆုံးအတည်ဖြစ်သည့် တရားရုံး၏ အမိန့် သို့မဟုတ် ဒီကရီအရ ပိုင်ဆိုင်ခွင့် လွှဲပြောင်းခြင်းနှင့် လွှဲအပ်ခြင်း။
၂၁။ (က) တည်ထောင်သူသည် သက်ဆိုင်ရာစာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်သည့် စုပေါင်းပိုင်မြေနှင့် စုပေါင်းပိုင်အဆောက်အအုံအဖြစ် သက်ဆိုင်ရာမှတ်ပုံတင်အရာရှိထံတွင် မှတ်ပုံတင်သည့် စာချုပ်စာတမ်းအတွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေအရ သတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရမည်။
(ခ) ပုဒ်မ ၂၀ ပါလွှဲပြောင်းခြင်းတစ်ရပ်ရပ်ဖြင့် အိမ်ခန်းကို လွှဲပြောင်းလက်ခံရရှိသူသည် လွှဲပြောင်းသည့် စာချုပ်စာတမ်းအတွက် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေအရ သတ်မှတ်ထားသည့် တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ရမည်။
၂၂။ ပုဒ်မ ၂၀ ပါ လွှဲပြောင်းခြင်းတစ်ရပ်ရပ်ဖြင့် လွှဲပြောင်းသည့် စာချုပ်စာတမ်းများကို မှတ်ပုံတင်သည့်အခါ-
(က) လွှဲပြောင်းလက်ခံရရှိသော စုပေါင်းပိုင်သူသည် သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်ခကို ပေးရမည်။
(ခ) မှတ်ပုံတင်အရာရှိသည် အိမ်ခန်းလွှဲပြောင်းသည့် စာချုပ်စာတမ်းများကို သီးခြားမှတ်ပုံတင် စာအုပ်ဖွင့်လှစ်ပြီး သတ်မှတ်ချက်များနှင့် အညီ မှတ်ပုံတင်၍ အိမ်ခန်းမှတ်ပုံတင်လက်မှတ် ထုတ်ပေးရမည်။
၂၃။ စုပေါင်းပိုင်သူသည် မိမိပိုင်အိမ်ခန်းကို ပုဒ်မ ၂၀ ပါ လွှဲပြောင်းခြင်းတစ်ရပ်ရပ်ဖြင့် လွှဲပြောင်းပြီးနောက် လွှဲပြောင်းသည့် စာချုပ်စာတမ်းကို သတ်မှတ်သည့် ကာလထက်ကျော်လွန်ပြီးမှ မှတ်ပုံတင်လျှင် မှတ်ပုံတင်ခအပြင် သက်ဆိုင်ရာ စီမံခန့်ခွဲရေးကော်မတီက သတ်မှတ်သော ဒဏ်ကြေးကိုလည်း ပေးရမည်။
Ref : Win Kyaw Kyaw (ShweProperty.com)
Photo Credit : Pakistaneconomist
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ