By U Kyaw Zay Ya (Law), Shweproperty.com
Updated at 16 November 2017
ယခုအခါ အရပ်ဘက်တွင် စာချုပ်အမျိုးမျိုး ချုပ်ဆိုနေကြသည်ကို တွေ့ရပါသည်။ ငှားရမ်းသည့်ကိစ္စ၊ အရောင်းအဝယ်ကိစ္စ၊ ငွေချေးသည့်ကိစ္စ၊ အပေးအယူ သဘောတူကတိပြုကြသည့်ကိစ္စ စသည်တို့ဖြစ်ပါသည်။
ထိုသို့ ချုပ်ဆိုရာတွင် ဗဟုသုတ အတွေ့အကြုံ အတန်အသင့်ရှိသူများက စာချုပ်ရေးသားလေ့ ရှိပါသည်။ အချို့မှာမူ အခြားသူများ ရေးသားချုပ်ဆိုထားခဲ့ပြီးဖြစ်သော စာချုပ် နမူနာများကို ကြည့်ရှု၍ ရေးသားကြပါသည်။ အချို့မှာမူ အသင့် ရိုက်နှိပ်ထားပြီးဖြစ်သော စာချုပ်ပုံစံများကို အသုံးပြုကြသည်ကို တွေ့ရပါသည်။
ထိုသို့ ချုပ်ဆိုကြရာတွင် အရှုပ်အရှင်း တစ်စုံတစ်ရာမရှိကြောင်းဖြင့် ထည့်သွင်းချုပ်ဆိုသော အရောင်းအဝယ်စာချုပ်များအကြောင်းလည်း ပါရှိကြမည် ဖြစ်ပါသည်။ ထိုအကြောင်းနှင့်စပ်လျဉ်းသည့် အဖြစ်အပျက်ကလေးတစ်ခုကို သတိပြု သင်ခန်းစာယူနိုင်ကြစေခြင်းငှာ တင်ပြပါမည်။ အရောင်းအဝယ် သဘောတူကတိစာချုပ်တစ်ခုတွင် ဖြစ်ပါသည်။ ဝယ်ယူသူက စရန် သတ်ပါသည်။ စရန် သတ်ချိန်တွင် ရောင်းသောပစ္စည်းနှင့်ပတ်သက်၍ အရှုပ်အရှင်း ရှိ/မရှိ မေးပါသည်။ ရောင်းသူက မရှိကြောင်း ဖြေပါသည်။ ရောင်းသူ၏ အာမခံချက်ဖြင့် စာချုပ်ချုပ်သောအခါ စာချုပ်တွင် အောက်ပါအတိုင်း ဖော်ပြ ချုပ်ဆိုပါသည်။ ``ရောင်းသူက ရောင်းသောပစ္စည်းနှင့် စပ်လျဉ်း၍ အရှုပ်အရှင်း တစ်စုံတစ်ရာ မရှိကြောင်း တာဝန်ယူ ဝန်ခံကတိပြုပါသည်´´ဟူ၍ ဖြစ်ပါသည်။
ဝယ်သူသည် အဆိုပါ အရောင်းအဝယ် သဘောတူ ကတိပြုစာချုပ် ပြုလုပ်ထားပြီးသည့် နောက်တွင် အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်ဝယ်ယူရန် ဆန္ဒမရှိ ဖြစ်လာပါသည်။ သို့မဟုတ် ငွေရေးကြေးရေး အခက်အခဲကြောင့် ချိန်းဆိုသတ်မှတ်သည့် နေ့တွင် ငွေအကျေမချေနိုင်သည့် အခြေအနေ ဖြစ်နေပါသည်။ ငွေဆက်လက် မချေနိုင်ပါက စရန်အဆုံး ဖြစ်တော့မည် ဖြစ်သည်။
စရန်လည်း မဆုံးအောင်၊ မိမိ၏ ပျက်ကွက်မှုကြောင့် မဖြစ်ရလေအောင် ဝယ်သူသည် ဤသို့ ပြုမူဆောင်ရွက်လာပါသည်။ ကြားလူတစ်ယောက်၏ အမည်ဖြင့် အရောင်းအဝယ်ကိစ္စကို ကန့်ကွက်ကြောင်း သတင်းစာမှာ ထည့်သွင်း ကြေညာပါသည်။ ဝယ်သူထံသို့လည်း ကန့်ကွက်ကြောင်းစာ ပေးပို့စေပါသည်။ ပိုင်ရေးဆိုင်ခွင့် အထောက်အထားများနှင့် ကန့်ကွက်ခြင်း မဟုတ်ဘဲ သာမန် ကန့်ကွက်သည်ဆိုသည့်သဘော ဖျက်မြင်းအနေဖြင့် ကန့်ကွက်ခြင်း ဖြစ်ပါသည်။
ယင်းကန့်ကွက်စာကိုပြပြီး ဝယ်သူက ရောင်းသူကို ဤသို့ တောင်းဆိုပါသည်။ ရောင်းစဉ်က အရှုပ်အရှင်း မရှိဟုဆိုပြီး ရောင်းသည်။ ယခုမူ အရှုပ်အရှင်းဖြစ်ပေါ်နေပြီ ဖြစ်သည်။ ပြောသည့်အတိုင်း မဟုတ်သည့်အတွက် ဆက်လက် မဝယ်လိုတော့ပါ။ စရန်ငွေကိုသာ ပြန်လည် ပေးအပ်ပါရန် တောင်းဆိုသည်။
ကန့်ကွက်ခြင်းသည် အခြေအမြစ်မရှိ ကန့်ကွက်ခြင်း ဖြစ်သည်။ ယင်းကိစ္စကို ဖြေရှင်းဆောင်ရွက်ပေးပါမည်ဟု ရောင်းသူက ပြောသော်လည်း စာချုပ်တွင် အောက်ဖော်ပြပါအတိုင်း နောက်ဆက်တွဲ အပြည့်အစုံ ဖော်ပြချုပ်ဆိုထားခြင်း မရှိခဲ့သည့်အတွက် ဝယ်သူ လှည့်သည့်အတိုင်း၊ ဝယ်သူ စရန် ပြန်တောင်းသည့်အတိုင်း ရောင်းသူက လိုက်လျောလိုက်ရပါသည်။
``ရောင်းသူက ရောင်းသောပစ္စည်းနှင့် စပ်လျဉ်း၍ အရှုပ်အရှင်းတစ်စုံတစ်ရာ မရှိကြောင်း၊ အကယ်၍ အရှုပ်အရှင်း တစ်စုံတစ်ရာ ပေါ်ပေါက်ပါက ရောင်းသူက မိမိစရိတ်ဖြင့် အကုန်အကျခံ ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ထိုသို့ ဖြေရှင်းဆောင်ရွက်ပေးပါလျက် ဝယ်သူ နစ်နာဆုံးရှုံးမှုဖြစ်ရပါက ယင်းနစ်နာမှုအတွက် ရောင်းသူက ပေးလျော်မည်ဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။´´ဟူ၍ မဖော်ပြခဲ့သည့်အတွက် ဖြစ်ပါသည်။
Ref : U Kyaw Zaya (Law)
Photo Credit : Google
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ