By Zaykwet ထီယု (ဥပဒေအတိုင်ပင်ခံ), Shweproperty.com
Updated at 13 December 2017
စာရေးသူ ရုံးခန်းသို့ ရောက် သည့်အခါ မိတ်ဆွေတစ်ဦးရောက်နှင့်နေပါသည်။
''လာဗျာ။ ဦးတင်မြင့် မတွေ့တာ အတော်ကြာပြီ''
စာရေးသူက နှုတ်ဆက်စကား ပြောလိုက်ပါသည်။
''အိမ် ခြံ မြေ ကိစ္စ ဆွေးနွေးချင်လို့''
''အိမ် မြေ ဝယ်မယ် စိတ်ကူးထားတာရှိလို့လား''
''ဟုတ်တယ်။ သွားကြည့်တော့လည်း အဆင်ပြေတယ်''
''ဘာအခက်အခဲရှိနေလို့လဲ။ ဂရန်မြေပဲလား။ အမည်ပေါက်ကိုယ် တိုင် ရောင်းမှာပဲ မဟုတ်လား''
''ဂရန်မြေဖြစ်ပြီး အမည်ပေါက်က ဖခင်အမည်ပေါက်ဖြစ်နေတယ်။အိမ် အကျိုးဆောင်ပြောတာတော့ ဖခင်ကွယ်လွန်သွားပြီဖြစ်လို့ သားဖြစ်သူက ရောင်းတယ်လို့ ပြောပါတယ်''
''သားသမီး ကျန်ခဲ့တာ ဘယ်နှယောက်ရှိလဲ''
''အစကတော့ အခုရောင်းမယ့် သားတစ်ယောက်တည်းလို့ ပြောတယ်''
''အခုနောက်ပိုင်း ကန့်ကွက်သူ ပေါ်လာလို့လား''
''စရန်ငွေပေးမယ့်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ကန့်ကွက်စာတင်ထားတယ်ဆိုပြီး အိမ်အကျိုး ဆောင်အမျိုးသမီး ဖုန်းဆက်လာတယ်''
''သူငယ်ချင်းက သက်ဆိုင်ရာ ရပ်ကွက်ရုံးမှာသွားမစုံစမ်းဘူးလား''
''သွားစုံစမ်းပါတယ်''
''ထူးခြားချက်က ဘာဖြစ်လာသလဲ''
''သားတစ်ယောက်က ကန့်ကွက်ထားတယ်လို့ ပြောတယ်''
''ဘယ်လိုဖြစ်ပြီး သားတစ်ယောက်က ပေါ်လာပြန်သလဲ''
''ဒီမြေကွက်က မိဘလက်ထက် ပိုင်မြေကွက်ဖြစ်တယ်။ မိခင်ကွယ် လွန်သွားပြီး အခုကန့်ကွက်တဲ့ သားကလည်း အိမ်ထောင်ကျလို့ အိမ်ခွဲနေတယ်။ ဖခင်နဲ့အတူနေ သားက မူလအိမ်ကို ဖျက်ပြီး တိုက်ဆောက် လိုက်တယ်''
''ဒါကြောင့် သူ့အိမ်ဆိုပြီး ရောင်းတဲ့သဘောပေါ့။ ဒါပေမယ့် မြေကွက်က ဖခင်အမည်ပေါက်ဆိုတော့ သားနှစ်ယောက်လုံးက အမွေဆက်ခံခွင့်ရှိတာပဲလေ။ အိမ်တန်ဖိုး သက်သက်ထားပြီး ရောင်းရင်ဖြစ်တာပဲ''
''အင်း-အစကတော့ ဒီလိုပဲ ယူဆမိတာပေါ့။ နောက်ပိုင်းကျမှ ဖခင်ဖြစ်သူက မကွယ်လွန်မီမှာ ရဟန်း ဘောင်ကိုအပြီးကူးပြောင်းသွားတယ်''
''ကွယ်လွန်တော့ ရဟန်းအဖြစ်နဲ့ ပဲကွယ်လွန်တာလား''
''ဟုတ်တယ်။ ရဟန်းအဖြစ်နဲ့ပဲ ကွယ်လွန်သွားတယ်။ အတူနေခဲ့တဲ့သားက ဖခင်အနေနဲ့ ရဟန်းဘောင် အပြီးကူးပြောင်းသွားတာကြောင့် မြေကိုလည်း ပိုင်ဆိုင်ခွင့်မရှိတော့ဘူး။ ဒါကြောင့် သားတွေက အမွေဆက်ခံ ခွင့် မရှိဘူးဆိုပြီးပြောတယ်''
''လက်ရှိ အိမ်ဆောက်နေထိုင်သူက မြေကို လက်ဝယ်ရခွင့်ရှိတဲ့ သဘော ပြောတာဖြစ်မယ်''
''တရားစွဲဆိုတဲ့ အဆင့်မျိုး ရောက်မယ်ဆိုရင် မဝယ်တော့ဘူး ဆုံးဖြတ်ထားတယ် သူငယ်ချင်း''
''ဒီအခြေအနေဆိုရင်တော့ အိမ်ထောင်ခွဲသွားတဲ့ သူက တရားရင်ဆိုင်ချင် ရင်ဆိုင်လာနိုင်တယ်လို့ ပြောရမယ် သူငယ်ချင်း''
''ရဟန်းဘောင်ကို အပြီးကူးပြောင်းသွားရင် သူပိုင်ပစ္စည်းတွေကို စွန့်လွှတ်ရမယ်ဆိုတာ မြန်မာ့ဓလေ့ ထုံးတမ်းမှာရှိတယ်လို့ ပြောတယ်။ အဲဒါဟုတ်ပါသလား''
''မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေအရဆိုရင်တော့ လင်ယောကျ်ားက ရဟန်းဘောင်သို့ ကူးပြောင်းသွားလျှင် လင်ခန်းမယားခန်း အလိုအလျောက် ပြတ်စဲပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ရဟန်းဘောင်သို့ ကူးပြောင်းတယ်ဆိုရာမှာ ဒုလ္လဘရဟန်းမဟုတ်ဘဲ ရဟန်းဘောင်သို့ ကွယ်လွန်သည့်အထိ အပြီးတိုင်ကူးပြောင်းခြင်းကို ဆိုလိုတာဖြစ်တယ်။ တစ်ဆက်တည်း မှာပဲ ရဟန်းဘောင်ဝင်သွားရင် သူပိုင်ပစ္စည်းများကို စွန့်လွှတ်သွားရ တယ်ဆိုပြီး ဆုံးဖြတ်ထားတဲ့ တရားစီ ရင်ထုံးတွေရှိတယ်''
''ဒါဆိုရင် အခုရောင်းမယ်ဆိုတဲ့မြေကွက်က ဖခင်အမည်ပေါက်ဖြစ်ပေမယ့် ရဟန်းဘဝကူးပြောင်းသွား လို့ ဖခင်မပိုင်တော့ဘူးဆိုတဲ့ သဘောလား''
''ဒီနေရာမှာ အဓိပ္ပာယ်လွဲမှား နေကြတာရှိတယ်။ လူတစ်ယောက် ရဟန်းပြုသွားရင် လူအဖြစ်နဲ့ ပိုင်ဆိုင်ခဲ့တဲ့ ပစ္စည်းများအပေါ် ပိုင်ဆိုင်ခွင့် မရှိတော့ဘူးဆိုတာတော့ ဥပဒေအရ မှန်ကန်ပါတယ်။ ဒါပေမယ့် ရဟန်းပြုသွားတဲ့သူ ပိုင်ဆိုင်တဲ့ပစ္စည်းကို အမွေဆက်ခံခွင့်မရှိလို့တော့ ဥပဒေက ပိတ်ပင်မထားဘူး''
''ဒါဆိုရင် အမွေဆက်ခံခွင့် ရှိတယ်ပေါ့''
''မှန်ပါတယ်။ လင်ဖြစ်သူ ရဟန်းဘောင်သို့အပြီးကူးပြောင်းသွားတဲ့အတွက် လင်မယားပူးတွဲပိုင် ပစ္စည်းအပေါ် ဇနီးဖြစ်သူက အမွေ ဆက်ခံခွင့်ရှိသွားမှာ ဖြစ်ပါတယ်''
''ဒါဆိုရင် အခုကိစ္စမှာလည်း အိမ်ထောင်ခွဲသားဖြစ်သူက အမွေ ဆက်ခံခွင့်ရှိမှာပေါ့''
''ဟုတ်ပါတယ်။ သူငယ်ချင်းကို ရှင်းအောင်ပြောရရင် တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးမြရွှေနှင့် ဦးသာထွန်း၊ ၁၉၉၂ ခုနှစ်၊ မြန်မာ နိုင်ငံ တရားစီရင်ထုံး စာမျက်နှာ - ၁၁၅ အမှုမှာ ဖခင်ဖြစ်သူရဟန်း ဘောင်သို့ ကူးပြောင်းသွားပြီး ကွယ်လွန်သွားသဖြင့် ရဟန်းဘောင်မဝင်မီ ၎င်းပိုင်ဆိုင်သော ပစ္စည်းများကို သားသမီးတို့က အမွေရခွင့်ရှိသည်လို့ ဆုံးဖြတ်ထားတာတွေ့ရပါတယ်။ ဒါကြောင့် ယခုကိစ္စမှာလည်း ရဟန်းဘဝနဲ့ ကွယ်လွန်သွားတဲ့ ဖခင်အမည်ပေါက် မြေကွက်ကို ညီအစ် ကိုနှစ်ဦးလုံးက သားအဖြစ် အမွေ ဆက်ခံခွင့်ရှိမှာ ဖြစ်ပါတယ်''
''အိမ်ကတော့ အစ်ကိုဖြစ်သူက ဆောက်ထားတယ်ဆိုတော့ အိမ်တန်ဖိုးနုတ်ပြီး၊ အမွေခွဲဝေရင် ဖြစ်နိုင်တာပေါ့နော်''
''အိမ် မြေ အကျိုးဆောင် အမျိုးသမီးမှတစ်ဆင့် ညှိနှိုင်းလို့ အဆင်ပြေရင်တော့ ဝယ်လိုက်ပါ သူငယ်ချင်း'' ဟု အကြံပေးဆွေးနွေးလိုက်ပါသည်။
Ref : ထီယု (ဥပဒေအတိုင်ပင်ခံ)
Photo Credit : Telegraph
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ