By Zaygwet ထီယု (ဥပဒေအတိုင်ပင်ခံ), Shweproperty.com
Updated at 9 November 2017
''ကျွန်တော်တို့နေတဲ့ ရပ်ကွက်ကနေ တိုက်ခန်းရောင်းပြီး ပြောင်းသွားကတည်းက ဆရာနဲ့ မတွေ့ဖြစ်တာ အတော်ကြာပြီနော်''
ဟုတ်ပါသည်။ လွန်ခဲ့သည့် ခြောက်နှစ်ခန့်က စာရေးသူအနေဖြင့် မိတ်ဆွေတို့ နေထိုင်သော ရပ်ကွက်တွင် နေထိုင်ခဲ့ဖူးပါသည်။
''ရုံးခန်းတည်နေရာမှတ်မိလို့ တော်သေးတာပေါ့ဗျာ''
''ဆရာရေးတဲ့ ဆောင်းပါးတွေ ဖတ်ရတယ်။ အဲဒီကနေတစ်ဆင့် စုံစမ်းလို့ရတယ် ဆိုပါတော့''
''ကဲ-ပြောပါဦး၊ ဘာကိစ္စများ ဆွေးနွေးစရာ ပြဿနာရှိလို့လဲ''
''အိမ် ခြံ မြေ ကိစ္စပါပဲ''
''ဝယ်ဖို့ တွေ့ထားလို့လား''
''ဝယ်ဖို့ မဟုတ်ဘူး ဆရာ၊ ရောင်းဖို့ကိစ္စ ဆွေးနွေးချင်လို့''
''များသောအားဖြင့်က ဝယ်သူတွေကပဲ ဆွေးနွေးကြတာများကြတယ်။ ရောင်းဖို့ကိစ္စဆိုတော့ ထူးထူးဆန်းဆန်းဖြစ်သွားတယ်။ ကဲ-ပြောပါဦး''
''ကျွန်တော်တို့မှာ မောင်နှမ ငါးယောက်ရှိတယ်။ မိဘတွေ ပိုင်ဆိုင်တဲ့ အမွေဆိုင် ဆိုပါတော့။ အိမ်နဲ့မြေရှိတယ်။ အခု အဖေ၊ အမေနှစ်ယောက်လုံး ကွယ်လွန်သွားကြပြီဖြစ်လို့ ရောင်းမယ်လို့ စိတ်ကူးကြတယ်''
''မိဘတွေနဲ့က ဘယ်သူနေသလဲ''
''အမေတို့နဲ့က အစ်မကြီး မိသားစုနေတယ်။ ကျန်တာတွေကတော့ သီးခြားနေကြတယ်။ ကျွန်တော့်အောက်က ညီနှစ်ယောက်ဆိုရင် နယ်မှာပဲ အလုပ်တာဝန်နဲ့ နေကြ တယ်''
''အခုက ဘယ်သူက ကန့်ကွက်နေလို့လဲ၊ မောင်နှမငါးဦးအညီအမျှ ခွဲဝေရယူ ရောင်းချရင်ဖြစ်တာပဲ မဟုတ်လား''
''အစ်မကြီးက သြရသသမီးဆိုပြီး ဝေစုပိုတောင်းနေလို့ အရောင်းအ ဝယ်မဖြစ်ဘဲ ရပ်သွားတယ်။ ဈေးကွက်ဂျာနယ်ထဲမှာ ဆရာရေးတဲ့ ကိတ္တိမသားသမီးသည် မွေးစားမိဘ ထံမှ သြရသသားသမီးအဖြစ် မရနိုင်ဆိုတဲ့ ဆောင်းပါးကို ဖတ်လိုက်မိလို့ အခုလို ရောက်လာတာပဲ''
''အင်း- ဈေးကွက်ဂျာနယ် အမှတ် ၁ဝ၂၅ မှာပါသွားတယ် ထင်တယ်။ အခုကိစ္စနဲ့တော့ မတူဘူး။ အဲဒီဆောင်းပါးက မွေးစားသားသမီးနဲ့ ဆိုင်တယ်။ ကဲ - ဆက်ပြောပါဦး''
''သားသမီးအကြီးဆုံးက သြရသသားသမီးဆိုပေမယ့် ဘယ်အချိန်မှ အမွေခံစားခွင့်ရသလဲ''
''သြရသ သားသမီးဖြစ်ဖို့ ဥပဒေအရ သတ်မှတ်ထားတဲ့အချက်တွေရှိတယ်။ ပထမ ဆောင်းပါးမှာလည်း အကြမ်းဖျင်းဖော်ပြရေးသားခဲ့ပါတယ်''
''သေချာသိရအောင် ထပ်မံရှင်းပြပါဦး''
''မြန်မာ့ ဓလေ့ထုံးတမ်းဥပဒေအရ သြရသသားသမီးဖြစ်ဖို့ လိုအပ် ချက်တွေကတော့ သြရသသားသမီးဟာ တရားဝင် သားရင်း၊ သမီးရင်းဖြစ်ပြီး အကြီးဆုံး သားသမီးဖြစ်ရ မယ်။ သားဖြစ်လျှင် အဖမကွယ်လွန်မီ၊ သမီးဖြစ်လျှင် အမိမကွယ်လွန်မီ အသက် ၁၈ နှစ်ပြည့်ရပါမယ်။ သားဖြစ်လျှင် အဖရဲ့ ပစ္စည်းဥစ္စာရှာဖွေ ရေး၊ သမီးဖြစ်လျှင် အမိရဲ့ အိမ် ထောင်ရေး ဝတ္တရားများကို ကူညီဆောင်ရွက်နိုင်သူဖြစ်ရမယ်ဆိုတဲ့ အချက်တွေနဲ့ ပြည့်စုံရမှာဖြစ်တယ်''
''ကျွန်တော်တို့လို မိဘနှစ်ဦးလုံး ကွယ်လွန်သွားပြီဆိုတော့ ဘယ်လို ဖြစ်လာနိုင်ပါသလဲ''
''အဓိက ရည်ရွယ်ချက်ကတော့ သားဖြစ်သူသည် အဖကွယ်လွန်လျှင် အဖနေရာတွင် ဝင်ရောက်၍ စီးပွားရှာဖွေခြင်း၊ သမီးဖြစ်လျှင် မိခင်ကွယ်လွန်သည့်အခါ မိခင်၏ နေရာ တွင်ဝင်ရောက်၍ အိမ်ထောင်ထိန်း သိမ်းတာဝန်ကို ဆောင်ရွက်ခြင်းတို့ဖြင့် ကျန်ရစ်သည့် ညီငယ်ညီမငယ်များအား ထိန်းသိမ်းစောင့်ရှောက်သည့်အတွက် သြရသအခွင့်အရေးအဖြစ် သတ်မှတ်ထားကြောင်း ဓမ္မသတ်၊ ဖြတ်ထုံးတွေမှာ ဖော်ပြထားတာကို တွေ့ရှိရပါတယ်''
''အစ်ကိုကြီးသော် အဖရာ၊ အစ်မကြီးသော် အမိရာဆိုစကားအ တိုင်းလို့ ပြောရမှာပေါ့''
''မှန်ပါတယ်။ အဲဒီဆိုရိုးစကားကို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်းက ယနေ့တိုင် အစဉ်အဆက်လိုက်နာ ကျင့်သုံးတဲ့ လူနေမှုစနစ်တစ်ခုဖြစ်တယ်''
''သားဖြစ်လျှင် အဖကွယ်လွန်သည့်အခါ၊ သမီးဖြစ်လျှင် မိခင်ကွယ်လွန်သည့်အခါဆိုတဲ့ အချက်ကို ရှင်းပြပါဦး''
''ဟုတ်ပါတယ်။ ဒီအချက်က မသိမသာ ရောထွေးသွားနိုင်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ ရှင်းအောင်ပြောရရင် ဖခင်ကွယ်လွန်ချိန်မှာ အကြီးဆုံးသားသမီးက အသက် ၁၈ နှစ်ပြည့်ပြီး အရွယ်ရောက်သူသားဖြစ်ကာ ဖခင်ရဲ့တာဝန်ကို ယူနိုင်သူဖြစ်ခဲ့ရင် ကျန်ရစ်တဲ့ မိခင်ထံမှ အမွေ၏ လေးပုံတစ်ပုံကို တောင်းဆိုပိုင်ခွင့်ရှိမှာဖြစ်တယ်''
''အကြီးဆုံးက သမီးဖြစ်ရင်လည်း ဒီသဘောပဲလား''
''မှန်ပါတယ်။ သမီးဖြစ်ရင် ဖခင်ထံမှ အမွေတောင်းဆိုခွင့်ရှိမှာ ဖြစ်ပါတယ်''
''မိဘနှစ်ပါး ကွယ်လွန်သွားပြီးမှာဆိုရင်''
''ဟုတ်ပါတယ်။ မိဘနှစ်ပါး ကွယ်လွန်သွားပြီဆိုရင်တော့ သြရသအခွင့်အရေး မရတော့ပါဘူး။ ဘာလို့လဲဆိုတော့ သြရသ သားသမီးက ကျန်ရစ်သူ မိဘထံကသာ အမွေတောင်းခွင့်ရှိတာဖြစ်ပါတယ်။ မောင်နှမသားချင်းများထံက သြရသအခွင့်အရေး တောင်းဆိုခွင့်မရှိပါဘူး''
''ဒါဆိုရင် ကျွန်တော်တို့ကိစ္စမှာ အစ်မကြီးက သြရသအခွင့်အရေး မရတော့ဘူးပေါ့နော်''
''အမွေဆိုင်များ၏ ဖခင်သည် ဦးစွာကွယ်လွန်သွားသဖြင့် အကြီးဆုံးဖြစ်သည့် သမီးသည် မိခင်ကွယ်လွန်သွားသည့်အခါ သြရသသားသမီး၏ အခွင့်အရေး မရရှိဘဲ ကျန်မောင်၊ ညီမများနှင့်အညီအမျှ အမွေဝေစုရရှိသည်ဟု တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဒေါ်မြင့်မြင့်သန်းပါ လေးဦးနှင့် ဒေါ်ခင်ခင်စိုးပါ နှစ်ဦး ၁၉၉၉ ခုနှစ် မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက် ၁၈၉ အမှုမှာ ဆုံးဖြတ်ထားတာကို တေ့ွရတယ်။ ဒါကြောင့် သူ ငယ်ချင်းရဲ့ ကိစ္စမှာ အစ်မကြီးက သြရသအခွင့်အရေးမရနိုင်လို့ ပြော ရမယ်''
''ဒါဆိုရင် မောင်နှမ ငါးဦးက ရောင်းဖိုးငွေကိုအညီအမျှ ခွဲဝေရမှာပေါ့နော်''
''မှန်ပါတယ်။ မောင်နှမအားလုံး ညှိနှိုင်းပြီး အိမ်နဲ့မြေကို ရောင်းချပါလို့ပဲ အကြံပေးပါရစေ''ဟု ဆွေးနွေးလိုက်ပါသည်။
Ref : Zaygwet ထီယု (ဥပဒေအတိုင်ပင်ခံ)
Photo Credit : Google
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ