By 7daydaily, Shweproperty.com
Updated at 1 July 2015
မြူးကြွသော နိုင်ငံခြားသီချင်း၏ သံစဉ်များ လွင့်ပျံ့နေသော ခန်းမကျယ်အတွင်းမျက်နှာတွင် မိတ်ကပ်အဖွေးသား၊ စကတ်အတို၊ အကျႌလည်ဟိုက်ဝတ်ဆင်ထားသည့် မော်ဒယ်အမျိုးသမီးအချို့က ပြပွဲသို့လာရောက်လေ့လာသူများ ကို လက်ကမ်းစာစောင်များ လိုက်လံဝေငှလျက်ရှိသည်။ ‘တစ်ပေပတ်လည်ကို ဘယ်လောက်’၊ ‘ဟိုအခန်းလေးဆို ဘယ်လောက်’၊ ‘ဒီအခန်းက အရစ်ကျဆို ငွေဘယ်လောက် အရင်သွင်းရမှာလဲ’ဟူ၍ တေးသီချင်းသံများကြား တစ်ယောက်တစ်ပေါက်မေးမြန်းမှုများကို အမျိုးသမီးငယ်လေးများက သွက်လက်စွာလိုက်လံရှင်းပြဖြေဆိုပေးနေသည်။ အထက်ပါ မြင်ကွင်းမှာ ရန်ကုန်မြို့ ဂျန်းရှင်းစကွဲတွင် ဇွန်လ ပထမပတ်ကပြုလုပ်ခဲ့သည့် ကွန်ဒိုအရောင်းပြပွဲတစ်ခုမှမြင်ကွင်းပင်ဖြစ်သည်။ ရန်ကုန်မြို့တွင် ယခုနှစ်ပိုင်း၌ ထိုကဲ့သို့ ကွန်ဒိုတိုက်ခန်းအရောင်း ပြပွဲများ မကြာခဏပြုလုပ်နေသည်။ ခေတ်ကာလပေါက်ဈေးအရ ကျပ်သိန်းသုံးထောင်တန်၊ လေးထောင်တန် ကွန်ဒိုတိုက်ခန်းများ ဝန်ဆောင်မှုတွင်လည်း ကွန်ဒိုဝန်ဆောင်မှု အခန်းအကျယ်၌သာ အနည်းငယ်လျော့သော အခန်းကို ကျပ်သိန်းတစ်ထောင်aကျာ်ဖြင့် အရစ်ကျငွေသွင်းရပြီး ကြိုပွိုင့်စနစ်ဖြင့် ရောင်းချသည့်ပုံစံများနောက်ပိုင်းတွင် ပိုမိုတွေ့လာခြင်းဖြစ်သည်။ ‘‘သိန်းတစ်ထောင်နဲ့ ၁၀ နှစ် အရစ်ကျငွေသွင်းရမယ်ဆိုတော့ တတ်နိုင်တယ်လေ။ စိတ်ဝင်စားလို့စုံစမ်းကြည့်တော့ အခန်းတွေက ကုန်နေပြီဆိုပြီး အရောင်းဝန် ထမ်းတွေကပြောတယ်’’ဟု မန္တလေးမြို့မှ ကုန်သည်ဦးမြင့်ဖေက ပြောသည်။ ဦးမြင့်ဖေကဲ့သို့ ကြုံတွေ့ခဲ့ရခြင်းမှာ ၎င်းတစ်ဦးတည်းမဟုတ်ပါ။ အရောင်းပြပွဲသို့ လာရောက်ပြီး ဝယ်ယူရန် လေ့လာသူအချို့မှာ အခန်းကုန်သွား၍ ဝယ်မရကြဟု ဆိုသည်။ ‘‘အခန်းအကြောင်းရှင်းပြတဲ့ မော်ဒယ်မလေးက အခန်းလိုချင်ရင်တော့ ကုန်ပြီ။ ဒါပေမဲ့ ဈေးပိုပေးမယ်ဆိုရင် ပိုင်ရှင်နဲ့တွေ့ပေးမယ်။ သူနဲ့ညှိကြည့်ပေါ့ဆိုပြီး ကျွန်တော့်ကိုလာရှင်းပြတယ်’’ဟု ဦးမြင့်ဖေက ရန်ကုန်မြို့ Junction Square တွင်ပြုလုပ်ခဲ့သည့် အိမ်ရာအရောင်းပြပွဲတစ်ခုမှ သူ၏ အတွေ့အကြုံကို ပြန်ပြောပြသည်။ အရစ်ကျကွန်ဒိုတိုက်ခန်း ရောင်းချသော အစီအစဉ်များက ငွေကြေးချမ်းသာသူများအပြင် လူလတ်တန်းစားများပါ ဆွဲဆောင်လာသည်။ ယခင်က ကွန်ဒိုတိုက်ခန်းများမှာ လူလတ်တန်းစားများ မမက်နိုင်သော အိပ်မက်ဖြစ် သည်။ သို့သော် အရစ်ကျစနစ် ဖြင့်ရောင်းချခြင်းဖြစ်၍ ယုံကြည်စိတ်ချခိုင်မာမှုအပိုင်းတွင် မေးခွန်းထုတ်စရာအချို့ရှိသည်ဟု ကွန်ဒို တိုက်ခန်းများ ဝယ်ယူရန် အရောင်းပြပွဲများသို့ သွားရောက်လေ့လာခဲ့သူအချို့ကဆိုသည်။ ‘‘ငွေက အကြာကြီးသွင်းရ မယ်။ ကြားခံဘဏ်လည်းမပါဘူး။ အခန်းအပ်မယ့်ရက်ကို အတိအကျတော့ ကြေညာထားပါတယ်။ ဒါပေမဲ့ ဒီကြားထဲ ဆောက်လုပ်သူဘက်ကရှောင်သွားရင် ဝယ်ထားတဲ့သူတွေအကုန်နစ်နာရမှာ’’ဟု ကျပ်သိန်းတစ်ထောင်ခန့်ဖြင့် ရောင်းချသော ကွန်ဒိုတိုက်ခန်း အရောင်းပြပွဲသို့ သွားရောက် လေ့လာခဲ့သူ ဦးမြင့်ဖေကပြောသည်။ လက်ရှိအချိန်တွင် ကွန်ဒို တိုက်ခန်းများ၌ ရောင်းအားများပြီး ဝယ်အားနည်းနေသောကြောင့် စီးပွားရေးဥပဒေအရ ရောင်းသူဘက်က အနစ်နာခံရမည်ဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများအပါအဝင် ကုန်ဈေးနှုန်းမြင့်တက်နေသောကြောင့် ရောင်းသူဘက်က Quality ပိုင်းတွင် လျှော့ချဆောက်လုပ်မှုရှိလာနိုင်ကြောင်း Moving Myanmar Forward မှ စီးပွားရေးပညာရှင် ဦးလှမောင်ကသုံးသပ်သည်။ ကွန်ဒိုတိုက်ခန်းများ အပြိုင်အဆိုင်ရောင်းချနေချိန်တွင် ရောင်းချသူ၏ဇာစ်မြစ်၊ နောက်ခံ ရင်းနှီးမြှုပ်နှံမှုတို့ကို သေချာလေ့လာသင့်ပြီး ရောင်းချမည့်ကုမ္ပဏီဘက်က ထုတ်ပြန်ထားသည့် အချက်အလက်များကို သေချာ လေ့လာစိစစ်ပြီးမှသာ ဝယ်ယူသင့်ကြောင်း စီးပွားရေးပညာရှင် အငြိမ်းစားသံအမတ်ကြီးဦးလှမောင်ကအကြံပြုသည်။ ကွန်ဒိုတိုက်ခန်းများသည် ရန်ကုန်အတွက် အမှန်တကယ် လိုအပ်သော်လည်း ဈေးကွက်တွင် ရောင်းချနေသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များကို ပြန်လည် ထိန်းချုပ်စိစစ်သင့်ကြောင်း ဦးလှမောင်ကဆိုသည်။ ရန်ကုန်မြို့တွင် တန်ဖိုးမြင့် ကွန်ဒိုတိုက်ခန်းဝယ်ယူနိုင်သည့် လူတန်းစားမှာ လေးသောင်းကျော်သာရှိကြောင်း ဦးလှမောင်က ၎င်း ပြုလုပ်ထားသည့် စစ်တမ်းရလဒ်ကိုပြောသည်။ ၂၀၁၄ ပြည်လုံးကျွတ်သန်း ခေါင်စာရင်းအရ လူဦးရေငါးသန်းကျော်ရှိသော ရန်ကုန်မြို့တွင် အိမ်ထောင်စုပေါင်းတစ်သန်းကျော် (၁,၀၉၃,၂၀၀) ရှိသည်။ ထို့ကြောင့် အိမ်ထောင်စုတစ်သန်းကျော်တွင် လေးသောင်းခန့်က ကွန်ဒိုဝယ်နိုင်သည်ဆိုခြင်းကြောင့် အချိုးကျလျှင် အိမ်ထောင်စု ၂၇ စု ကျော်လျှင် တစ်စု ကွန်ဒိုခန်းဝယ်နိုင်ခြင်းဖြစ်သည်။ ‘‘ငွေသွင်းပြီး အရစ်ကျနဲ့ဝယ်တဲ့သူတစ်ယောက်အတွက် အများကြီးတန်တယ်။ ဘဏ်မပါတဲ့အတွက် အတိုးပေးစရာမလိုဘူး။ အခန်းအပ်တဲ့အချိန် ငွေမကျေသေးလည်း အိမ်ငှားတင်ထားလိုက်။ အရမ်းတွက်ခြေကိုက်တယ်’’ဟု လက်ရှိ ကျပ်သိန်းတစ်ထောင်ခန့်ဖြင့် ကွန်ဒိုတိုက်ခန်းများအား ရောင်းချနေသည့် i-Green ဆောက်လုပ်ရေးကုမ္ပဏီ အင်ဂျင်နီယာချုပ်ဦးကျော်မြင့်က အရစ်ကျကွန်ဒိုတိုက်ခန်းများ၏ အားသာချက်ကို အားတက်သရောပြောသည်။ i-Green ကုမ္ပဏီသည် ကိုယ်ပိုင်မြေ၌ လှိုင်မြို့နယ်တွင် တိုက်ခန်းတစ်ခန်း ကျပ်သိန်းတစ်ထောင်ကျော်ခန့်ဖြင့် ၁၀ နှစ် အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချနေသောကုမ္ပဏီုဖြစ်ပြီး အများစု၏ စိတ်ဝင်စားခြင်းကိုခံနေရသည်။ ထိုကုမ္ပဏီဆောက်မည့် အရစ်ကျကွန်ဒိုမှာ ၂၀၁၆ တွင် စတင်တည်ဆောက်မည်ဖြစ်ပြီး ၂၀၁၉ တွင် အခန်းအပ်မည်ဟု ကြေညာထားသည်။ လစဉ် ကျပ် ရှစ်သိန်းခန့် ငွေသွင်းရမည်ဖြစ်သည်။ စရန်ကျပ်သိန်း ၃၀ စတင် ငွေသွင်းပြီး အကြိမ်ပေါင်း ၁၂၀ ငွေသွင်းပါက ကွန်ဒိုတိုက်ခန်းတစ်ခန်းပိုင်ဆိုင်နိုင်မည့်အခွင့်အရေးဟု i-Green က ကြော်ငြာထားသည်။ အစိုးရက ဈေးသက်သာစွာ အရေအတွက်များများဖြင့် ပြည်သူကို အဆင့်မြင့်အိမ်ရာတိုက်ခန်းများ မရောင်းချနိုင်ချိန်တွင် ယခုကဲ့သို့ ပုဂ္ဂလိကကုမ္ပဏီများက ရောင်းချနေသည်မှာ များစွာ အဆင်ပြေသော်လည်း ရောင်းသူ နှင့် ဝယ်သူအကြား ပြဿနာမတက်ရန်လိုအပ်ကြောင်း မြို့ပြ စီမံကိန်းပညာရှင် ဦးမြင့်မိုရ်ဆွေက ပြောသည်။ အရစ်ကျစနစ်ဖြင့် အိမ်ဝယ်ယူခြင်းသည် မြန်မာနိုင်ငံနှင့် စိမ်းနေသေးပြီး လစဉ်ဝင်ငွေရှိသူများအတွက် လွန်စွာကောင်းမွန်သည့် စနစ်ဖြစ်ကာ နိုင်ငံတကာတွင် အရစ်ကျစနစ်ကို အစိုးရက အလယ်မှကြားခံဆောင်ရွက်ပေးကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။ ‘‘ဈေးသက်သက်သာသာနဲ့ ရောင်းပေးတာကိုပဲ လုပ်ငန်းရှင်ကို ကျေးဇူးတင်ရမှာ။ ဒီအချိန်မှာ တော်ရုံမရောင်းနိုင်ဘူး’’ ဟု အထက်ပါလုပ်ငန်းရှင်က ဆိုသည်။ ဈေးသက်သာခြင်းအကြောင်းမှာ ကိုယ်ပိုင်မြေတည်ဆောက်ခြင်းဖြစ်ပြီး သတ်မှတ်တည်ဆောက်ချိန်ကာလအတွင်း အခန်းကိုအပ်နိုင်မည်ဖြစ်သဖြင့် ဝယ်ယူထားသည့်အခန်းအရေအတွက်မှာ ရာဂဏန်းအထက်တွင်ပင် ရှိနေပြီဖြစ်ကြောင်း ဦးကျော်မြင့်ကဆိုသည်။
ထို့အပြင်အရစ်ကျကွန်ဒိုတိုက်များမှာ မြေဈေးကြီးလွန်းသောနေရာများတွင် ဆောက်လုပ်ခြင်းမဟုတ်ဘဲ ဈေးနှုန်းအသင့်အတင့်ရှိ မြေနေရာများတွင်
ဆောက်လေ့ရှိသည်ကိုတွေ့ရ သည်။
အခန်းအပ်မည့်ရက် ငွေပေးချေရမည့်စနစ်အားလုံးကို ပွင့်လင်းမြင်သာစွာ ကုမ္ပဏီဘက်မှ ပြသထားသဖြင့် မခိုင်မာစရာ အကြောင်းမရှိဘဲ စိတ်ချယုံကြည်စွာဝယ်ယူနိုင်ကြောင်း ဦးကျော်မြင့်ကဆိုသည်။
i-Green ကဲ့သို့ ရန်ကုန်တွင် ကွန်ဒိုတိုက်ခန်းများကို ကျပ်သိန်းတစ်ထောင်ကျော်ခန့်ဖြင့် စတင်ရောင်းချနေသည့် ကုမ္ပဏီ လေးငါးခုထက်မနည်းရှိပြီး အများစုက လူလတ်တန်းစားများအတွက် ဈေးကွက်ကို အဓိကပစ်မှတ်ထား ရောင်းချလာခြင်းဖြစ်သည်။
ကွန်ဒိုတိုက်ခန်းများကို အရစ်ကျဖြင့် တစ်ခန်းလျှင် ကျပ် သိန်းတစ်ထောင်ကျော်ဖြင့် ရောင်းချနေပြီး လုပ်ငန်းရှင်ငါးဦးဖြင့်ဖွဲ့စည်းထားသည့် လမင်းဧရာ ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာဦးဌေးဝင်းက ၎င်း တို့အနေဖြင့် ခိုင်မာသည့် စာချုပ်စာတမ်းများဖြင့် ဝယ်ယူသူမနစ်နာစေရန် စီစဉ်ပေးထားကြောင်း ဆိုသည်။
‘‘အချက်အချာနေရာမှာတော့ ဈေးသက်သက်သာသာနဲ့ မရောင်းပေးနိုင်ဘူး။ မြို့စွန်တွေ၊ ရပ်ကွက်တွေထဲမှာတော့ အခု ဆောက်ပေးနေတယ်။ တချို့အခန်းတွေဆို ဝယ်တဲ့သူလက်ထဲကို ငွေတောင်အပြည့်မချေရသေးဘူး။ အခန်းအပ်လိုက်ပြီ’’ဟု ဦးဌေးဝင်းကဆိုသည်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များဘက်တွင်လည်း လက်ရှိ ဆောက်လုပ်ရေးလုပ်ငန်းများ အလုပ်မကောင်းတော့ချိန်တွင် ဈေးကွက်ကို အမှန်တကယ်သုတေသနပြုပြီးမှသာ ရောင်းချသင့်ပြီး ဝယ်ယူသူများ မနစ်နာစေရန် သတိထားရောင်းချရမည့်အချိန် ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း တွဲဖက်အတွင်းရေးမှူးဦးအေးလွင်က အကြံပြုသည်။
Ref : 7daydaily
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ