By U Kyaw Zay Ya (Law), Shweproperty.com
Updated at 10 January 2018
သဘောတူစာချုပ် ချုပ်ချုပ်၊ စာချုပ်၏ စာမျက်နှာတိုင်းတွင် နှစ်ဦးနှစ်ဘက် လက်မှတ်များ ရေးထိုးထားကြရန် လိုအပ်မည်ဟု ထင်ပါသည်။ အရောင်းအဝယ်စာချုပ်၊ ပေါင်နှံခြင်းစာချုပ်၊ ငွေချေးကတိစာချုပ်၊ ငှားရမ်းခြင်းစာချုပ် စသည်ဖြင့် မည်သည့် ရေစစ္စရီမှတ်ပုံတင်ရုံးတွင် ပြုလုပ်ချုပ်ဆိုသော စာချုပ်များတွင် အငြင်းပွား ပြဿနာ မရှိလှသော်လည်း အရပ်ဘက်ချုပ်ဆိုကြသော သဘောတူကတိစာချုပ်များတွင်မူ အငြင်းပွားပြဿနာများ မကြခဏ ပေါ်ပေါက်လေ့ ပေါ်ပေါက်ထ ရှိပါသည်။စာချုပ်၏ စာမျက်နှာတိုင်းတွင် လက်မှတ်ရေးထိုးထားခြင်းမရှိသဖြင့် ပေါ်ပေါက်သော အငြင်းပွားပြဿနာမျိုးမှာ ဤသို့ ဖြစ်ပါသည်။ ဥပမာ- အိမ်ခန်းငှားရမ်းခြင်း ကတိစာချုပ်တစ်ရပ် ပြုလုပ်ချုပ်ဆိုကြရာတွင် စာချုပ် (၂)စုံ ရိုက်နှိပ်၍ တစ်ဖက် (၁)စုံစီ ရယူထားလေ့ရှိသည်ကို သိကြမည်ဖြစ်ပါသည်။ အဆိုပါ ငှားရမ်းခြင်းစာချုပ်တွင် အိမ်ရှင် လိုက်နာရမည့် အချက်များ၊ အိမ်ငှား လိုက်နာရမည့် အချက်များ ပါဝင်ကောင်း ပါဝင်နိုင်ပါသည်။ သဘောတူကတိပြုချက်များ၊ စည်းကမ်းချက်များထည့်သွင်း ရေးသားချုပ်ဆိုထား သည်ဖြစ်သောကြောင့် စာချုပ်သည် စာမျက်နှာ (၁)မျက်နှာသာမက (၂)မျက်နှာ၊ (၃)မျက်နှာ အထိလည်း ရှိနိုင်ပါသည်။ စာချုပ်တွင် နှစ်ဦးသဘောတူ လက်မှတ်ရေးထိုးကြရာတွင် များသောအားဖြင့်စာချုပ်ချုပ်သူများလက်မှတ်ရေးထိုးတတ်ကြသည်မှာ စာချုပ်၏ နောက်ဆုံးစာမျက်နှာ၊ စာချုပ်၏ နောက်ဆုံးစာပိုဒ်အောက်ရှိ (အိမ်ရှင်) (အိမ်ငှား) စသည်ဖြင့် ရည်ညွှန်းအမည်နေရာတွင်သာ ကာယကံရှင်များ လက်မှတ်ရေးထိုးလေ့ရှိပါသည်။ ပထမစာမျက်နှာတွင် လည်းကောင်း၊ ဒုတိယစာမျက်နှာတွင် လည်းကောင်း ကာယကံရှင်များ လက်မှတ်မပါရှိဘဲ လက်နှိပ်စက်ဖြင့်ရိုက်နှိပ်ထားသော (သို့) လက်ရေးဖြင့် ရေးသားထားသော စာသက်သက်အဖြစ်သာ ရှိနေပါသည်။ ဤတွင် အိမ်ရှင် (သို့မဟုတ်) အိမ်ငှား တစ်ဖက်ဖက် လိုက်နာရမည့် အချက်များသည် စာမျက်နှာ (၁)တွင် လည်းကောင်း၊ စာမျက်နှာ (၂)တွင် လည်းကောင်း ပါရှိကောင်း ပါရှိနေမည် ဖြစ်ပါသည်။ သို့မဟုတ် စာချုပ်၏ အရေးကြီးသော အပိုင်းများ၊ အဓိကကျသော အချက်များ၊ တစ်ဖက်ဖက်က ပျက်ကွက်ပါက အခြား တစ်ဖက်က ခံစားခွင့်ရှိသည့် အခွင့်အရေးများ စသည်တို့သည် စာမျက်နှာ (၁)တွင် လည်းကောင်း၊ စာမျက်နှာ (၂)တွင် လည်းကောင်း ပါရှိကောင်း ပါရှိနေမည် ဖြစ်ပါသည်။ ထိုသို့ ပါရှိသည့် သဘောတူညီချက်များ၊ စည်းကမ်းချက်များ၊ လိုက်နာရမည့် အချက်များ၊ ခံစားခွင့်ရှိသည့် အချက်များကို တစ်ဖက်ဖက်က အလွယ်တကူ ပြင်ဆင်နိုင်မည့် အနေအထား ဖြစ်ပါသည်။ အချို့သော မသမာသူတို့သည် ပထမစာမျက်နှာနှင့် ဒုတိယစာမျက်နှာများကိုပင် မိမိစိတ်တိုင်းကျ လက်ရေးတူ၊ အမျိုးတူလက်ရေး၊ လက်နှိပ်စက်ဖြင့် ပြန်လည်ရေးသားရိုက်နှိပ်၍ တတိယစာမျက်နှာနှင့် အဆက်အစပ်ပြုကာ စာချုပ်တွင်အတွင်း သရုပ်များကိုပင် ပြောင်းလဲသွားအောင် ပြုလုပ်တတ်ကြပါသည်။ ဤသို့ဖြင့် စာချုပ်မှန် ကိုင်ထားသူကိုပင် မတရား ပြင်ဆင်ရေးသားသူဟူ၍ မသမာသူက `` သူခိုးက လူသူဟစ် ´´ဆိုသလို တဖန် ပြန်၍ စွပ်စွဲသည်အထိ ဖြစ်လာတတ်ပါသည်။ ဤအချက်ကို ကာကွယ်ရန်မှာ သဘောတူစာချုပ်၏ စာမျက်နှာတိုင်း၏ အောက်ခြေနေရာတွင် လည်းကောင်း၊ နံဘေးနေရာလွတ်တွင် လည်းကောင်း၊ ကာယကံရှင် နှစ်ဦးနှစ်ဘက်စလုံး သက်သေများနှင့်အတူ လက်မှတ်ရေးထိုးထားကြရန်သာ ရှိပါသည်။
Ref : U Kyaw Zay Ya (Law)
Photo Credit : Google
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ