By မြေအရောင်းအဝယ် နှင့် ပတ်သက်သမျှ ဥပဒေအတိုင်ပင်ခံများ, Shweproperty.com
Updated at 4 June 2019
ဒီကနေ့မှာတော့တောင်သူဦးကြီးများအတွက်ပုံစံ(၇)ပြန်လည်လျှောက်သည့်နည်းလမ်းများကိုတင်ဆက်ပေးလိုက်ပါတယ်။
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းများအတွက် ပြန်လည်လျှောက်ထားရမည့် နည်းလမ်းများ
စာရေးသူသည် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်ထုတ် မော်ဒန်ဂျာနယ်၌ “ရေဘေးအန္တရာယ်ကြောင့် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပျက်စီး၊ ပျောက်ဆုံးသွားပါသော်”ဟူသော ဆောင်းပါး တစ်ပုဒ်ကို ရေးသားဖော်ပြခဲ့ပါသည်။
ထိုစဉ်က မြန်မာနိုင်ငံ တစ်ဝန်းလုံးနီးပါး ရေကြီးရေလျှံခြင်းကြောင့် ၎င်းလက်မှတ် ပျက်စီး၊ ပျောက်ဆုံးသွားနိုင်ကြသည့် တောင်သူလယ်သမားများအတွက် စိတ်အနှောင့်အယှက်မဖြစ်ကြဘဲ စိုးရမ်ပူပန်မှုမရှိစေဘဲ အသစ်ပြန်လည်လျှောက်ထားနိုင်ကြောင်း ရည်ရွယ်၍ ရေးသားခဲ့ခြင်း ဖြစ်ပါသည်။
သဘာ၀ ဘေးအန္တရာယ်ဟူသည် ရေဘေးအန္တရာယ်သာမက လေပြင်းမုန်တိုင်းတိုက်ခတ်ခြင်း၊ ငလျင်လှုပ်ခြင်း၊ မီးလောင်ခြင်း အစရှိသည့် အကြောင်းအမျိုးမျိုး ရှိတတ်ပေရာ ၎င်းအကြောင်းတစ်ခုခုကြောင့် လယ်ယာမြေပိုင် ခွင့်ပြုလက်မှတ် ပုံစံ (၇) မူရင်း ပျက်စီး၊ ပျောက်ဆုံးမှုများအတွက် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများအနေနှင့် အသစ်ထပ်မံလျှောက်ထားရမည့် နည်းလမ်းများအား ဗဟိုလယ်ယာမြေစံမံခန့်ခွဲမှုအဖွဲ့က လွန်ခဲ့သော ၂၀၁၄ ခုနှစ်ကတည်းက ညွှန်ကြားချက်ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း သိရပါသည်။
ယခုလည်း မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်တွင် ရေဘေးအန္တရာယ်ကျရောက်နေမှုကြောင့် အိုး၊ အိမ်များကို ပစ်ခွာသွားရသော တောင်သူ လယ်သမားများ အနေဖြင့် မိမိတို့၏ ပုံစံ(၇) များ ပျက်စီး၊ ပျောက်ဆုံးသွားပါက ဆက်လက်ဆောင်ရွက်ရမည့် နည်းလမ်းများကို ရေးသားတင်ပြအပ်ပါသည်။
လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ(၇) ၏ အကျိုးသက်ရောက်မှုများ လယ်ယာမြေ လုပ်ပိုင်ခွင့် ရရှိထားသူ လူပုဂ္ဂိုလ် (သို့) အဖွဲ့အစည်းများ၏ အခွင့်အရေးများအား လယ်ယာမြေ ဥပဒေပုဒ်မ-၉ တွင်အတိအလင်း ပြဋ္ဌာန်းဖော်ပြထားသလို ဆောင်ရန်၊ ရှောင်ရန် စည်းကမ်းချက်များအားလည်း လယ်ယာမြေဥပဒေပုဒ်မ ၁၂ တွင်ပြဋ္ဌာန်းဖော်ပြ၍ ထိန်းသိမ်းကြပ်မတ်ထားပါသည်။ အကျဉ်းချုပ်ဖော်ပြရသော် လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇) ၏ အကျိုးရလဒ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
(က) လယ်ယာမြေဥပဒေ မထုတ်ပြန်မီက တစ်နှစ်လျှင်တစ်ကြိမ်သာ မြေခွန်တော်စည်းကြပ်သော မြေခွန်မြေစာ (မြေစာရင်းပုံစံ-၈) သာ လက်ဝယ်ဆောင်ခွင့်ရရှိခဲ့ရာမှ ယခုအခါ ဘိုးစဉ်ဘောင်ဆက်၊ သားစဉ်မြေးဆက်၊လယ်ယာမြေ လုပ်ပိုင်ခွင့်တည်းဟူသော တရားဝင် ခိုင်မာသည့် လက်မှတ်ကို ရာသက်ပန်၊ ထာဝရ ကိုင်ဆောင်နိုင်ခြင်း၊
(ခ) လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ရရှိထားလျှင် မိမိလုပ်ကိုင်ခွင့်ရရှိသော လယ်ယာမြေကို ရောင်းချ၊ ပေါင်နှံ၊ ပေးကမ်း၊ ငှားရမ်း၊လဲလှယ်၊လွှဲပြောင်း၊ အမွေဆက်ခံပိုင်ခွင့်ရှိခြင်း၊
(ဂ) လယ်ယာမြေကို စိုက်ပျိုးမှုမှအပ အခြားနည်းသုံးစွဲခွင့်ပြုမိန့် လျှောက်ထားနိုင်ခြင်း၊
(ဃ) လုပ်ပိုင်ခွင့်ရရှိထားသော လယ်ယာမြေအားမူလသီးနှံအမျိုးအစားတစ်ခုမှ အခြားသီးနှံအမျိုးအစား တစ်ခုသို့ ပြောင်းလဲစိုက်ပျိုး
ရန် လျှောက်ထားနိုင်ခြင်း၊
(င) နိုင်ငံတော်၏ လိုအပ်ချက်အရ မိမိလုပ်ပိုင်ခွင့်ရရှိထားသော လယ်ယာမြေအား သိမ်းဆည်းခြင်းခံရပါကလည်း ကာလပေါက်ဈေးနှင့် ထိုက်တန်သော (၁) မြေအတွက်လျော်ကြေး၊ (၂) သီးနှံနှင့် အဆောက်အအုံအတွက် နစ်နာကြေးများရရှိခံစားနိုင်ခြင်း။
မရှိသေးသော အခွင့်အရေး နှစ်ရပ်
လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) လက်ဝယ်ကိုင်ဆောင်ထားသော တောင်သူ လယ်သမားများအတွက် အဓိကအရေးကြီးသော်လည်း မရရှိသေးသော အခွင့်အရေးနှစ်ရပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ (က) လယ်ယာမြေဥပဒေပုဒ်မ -၉ နှင့်လယ်ယာမြေနည်း ဥပဒေ -၄၈ (ခ) တို့အရ အစိုးရဘဏ် (သို့) ဤကိစ္စအလို့ငှာ အစိုးရသတ်မှတ်သော ဘဏ်တစ်ခုခု၌ ပေါင်နှံရမည်ဆိုသော်လည်း လယ်ယာမြေ ဥပဒေပြဋ္ဌာန်းခဲ့သည့် ၂၀၁၂ ခုနှစ်မှ ယခု ၂၀၁၆ ခုနှစ်အထိ ပေါင်နှံခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနမှ ညွှန်ကြားချက် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မပြုသေးသဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအတွက် တောင်သူလယ်သမားများ အခက်အခဲတွေ့ကြုံရခြင်း။
(ခ) လယ်ယာမြေနည်းဥပဒေ အခန်း ၄ တွင် ဖော်ပြပါရှိသည့် လွှဲပြောင်းလက်ခံသော အမွေဆက်ခံသော လယ်ယာမြေများနှင့် စပ်လျဉ်း၍ လွှဲပြောင်း၊ လက်ခံခြင်းဆိုင်ရာ အမည်ပြောင်းလဲခြင်း ကိစ္စရပ်များအတွက်လည်းယခုအချိန်ထိ တောင်သူလယ်သမားများသာမက လယ်ယာမြေကို ဝယ်ယူထားကြသော ပုဂ္ဂလိကလုပ်ငန်းရှင်များ အဖွဲ့အစည်းများပါ အမည်ပြောင်းလဲမှု မပြုနိုင်ကြသေးခြင်း။
လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ (၇) ပျက်စီး၊ ပျောက်ဆုံးပါသော် အထက်ဖော်ပြပါ စာပိုဒ်များအရ ဘဏ်တွင် ပေါင်နှံခွင့်နှင့် အမည်ပြောင်းလဲ ခွင့်မရှိသေးသည်မှအပ လယ်ယာမြေလုပ်ပိုင်ခွင့် အခွင့်အရေးများစွာ ရရှိထားသော တောင်သူလယ်သမားများနှင့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများသည် အကြောင်းတစ်ခုခုကြောင့် ၎င်းတို့ရရှိထားသော လယ်ယာမြေပုံစံ လုပ်ပိုင်ခွင့်လက်မှတ်ပုံစံ (၇) ပျက်စီး၊ ပျောက်ဆုံးသွားပါသော် အောက်ပါအတိုင်း ပြန်လည်လျှောက်ထားကြရမည် ဖြစ်ပေသည်။
(က) လျှောက်လွှာ ပုံစံ (၁-က)
သက်ဆိုင်ရာမြို့နယ်၊ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ အတွင်းရေးမှူးထံ လိပ်မူထားသော ပုံစံ (၁-က) တွင် လိုအပ်သည့် အချက်အလက်များကို ဖြည့်စွက်ရေးသား၍ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ (၇) မိတ္တူလျှောက်ထားရမည်။ သတ်မှတ်ပုံစံကို မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူး (မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာနမှူး) ရုံးတွင် ရယူနိုင်ပါသည်။
(ခ) သက်ဆိုင်ရာ ရပ်ကွက် (သို့) ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စိစစ်ထောက်ခံချက်
လျှောက်လွှာပုံစံ (၁-က) နှင့်အတူ ပူးတွဲပါရှိရမည့် ၎င်းထောက်ခံချက်အား သက်ဆိုင်ရာရပ်ကွက် (သို့) ကျေးရွာအုပ်စု၊ အုပ်ချုပ်ရေးမှူးရုံးတွင် သွားရောက် တင်ပြလျှောက်ထား ရယူနိုင်ပါသည်။
(ဂ) လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင်စာရင်း(ပုံစံ - ၁၁) မိတ္တူ
လျှောက်လွှာ ပုံစံ (၁-က) နှင့်အတူ ပူးတွဲပါရှိရမည့် မှတ်ပုံတင်စာရင်း၊ မိတ္တူ ဖြစ်သည်။ လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်လုပ်ငန်း ဆောင်ရွက်ခဲ့စဉ် အခါကတည်းက လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် လယ်ယာမြေ မှတ်ပုံတင်စာရင်း စာအုပ်ဖြစ်ပါသည်။ ၎င်း မှတ်ပုံတင် စာရင်းအနက် တင်ပြလျှောက်ထားသူ၏ အမည်ပါဝင်သော စာမျက်နှာကား မိတ္တူကူးရန် ဖြစ်ပါသည်။ အထက်စာပိုဒ် (ခ) ပါရပ်ကွက် (သို့) ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမူအဖွဲ့၏ စိစစ်ကောက်ခံချက်ရယူစဉ်ကတည်းက (ပုံစံ-၁၁) မိတ္တူကို တစ်ပါတည်း တင်ပြရယူသင့်ပါသည်။
လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်၏ လုပ်ထုံးလုပ်နည်းများ
ထိုသို့ တင်ပြလျှောက်ထားသူက လျှောက်လွှာပုံစံ (၁-က) နှင့်အတူ ပူးတွဲပါရှိရမည့် ထောက်ခံချက်နှစ်ခု ပြည့်စုံသောအခါ သက်ဆိုင်ရာမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် လျှောက်ထားသည့် ကိစ္စအတွက် မှန်ကန်မှုရှိ၊ မရှိကို မြို့နယ်ရှိ မှတ်ပုံတင်စာရင်းများနှင့် တိုက်ဆိုင်စိစစ်ဆောင်ရွက်ခြင်း၊ ကန့်ကွက်လွှာခေါ်ယူခြင်း၊ ကန့်ကွက်လွှာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ၊ သဘောထား မှတ်ချက်နှင့်အတူ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့မှတစ်ဆင့် နေပြည်တော်ကောင်စီ (သို့) တိုင်းဒေသကြီး (သို့) ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံ တင်ပြပြီး အဆင့်ဆင့် ထပ်မံစိစစ်၍ “ဒုတိယမူရင်း” သို့မဟုတ် “မိတ္တူမှန်” ထုတ်ပေးနိုင်ရေးအတွက် အဆင့်ဆင့် ပြန်လည်အကြောင်းကြားမည် ဖြစ်သည်။
ဒဏ်ကြေးတော့ ပေးဆောင်ရလိမ့်မည် နေပြည်တော်ကောင်စီ (သို့) တိုင်းဒေသကြီး (သို့) ပြည်နယ် လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့၏ အကြောင်း ကြားချက်ရရှိသည့်အခါတင်ပြလျှောက်ထားသူအား ကြေးတိုင်းနှင့် မြေစာရင်း ဦးစီးဌာန၏ ရငွေစာရင်းသို့ ဒဏ်ကြေးငွေ ၂၀၀၀ ကျပ် ပေးသွင်းစေပြီးနောက်မြို့နယ်လယ်ယာမြေ စီမံခန့် ခွဲမှုအဖွဲ့က လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် ပုံစံ (၇) “ဒုတိယမူရင်း” သို့မဟုတ် “မိတ္တူမှန်” ထုတ်ပေးမည် ဖြစ်ပါသည်။
Ref : မြေအရောင်းအဝယ် နှင့် ပတ်သက်သမျှ ဥပဒေအတိုင်ပင်ခံများ
Photo Credit : Vice
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ