By Myanmar Builders Guide, Shweproperty.com
Updated at 17 April 2019
ရန်ကုန်မြို့မှာတိုက်ခန်းတစ်ခန်းငှားဖို့ဆိုတာ တော်ရုံနဲ့တော့မရပါဘူး။ မြန်မာနိုင်ငံသားတွေရော နိုင်ငံခြားသားတွေပါ မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့တော်ဖြစ်တဲ့ ရန်ကုန်မြို့ကို စီးပွားရေးအခွင့်အလမ်းတွေရှာဖွေဖို့အတွက် လာရောက်လည်ပတ်နေကြပါတယ်။
အိမ်ခန်းတစ်ခန်းအတွက် တစ်လငှားရမ်းခ အမေရိကန်ဒေါ်လာ ၇ဝဝ နဲ့အထက်ပေးချေနိုင်သူတွေအတွက်တော့ ရန်ကုန်မြို့မှာ အဆင်ပြေပြေနဲ့ သက်တောင့်သက်သာနေနိုင်မယ့် အိမ်တစ်လုံးကို ငှားရမ်းဖို့ မခက်ခဲပါဘူး။ဒါပေမယ့် အမေရိကန် ဒေါ်လာ ၄ဝဝ အောက်လောက်သာတတ်နိုင်သူတွေအတွက်တော့ တိုက်ခန်းရဲ့အနေအထားနဲ့ ဝန်ဆောင်မှုတွေက ကွာခြားသွားမှာပါ။
အချက်အချာကျတဲ့ မြို့လည်ခေါင်လိုနေရာမျိုးမှာ တစ်ယောက်တည်းနေမယ့်သူတွေအတွက်တော့ တစ်လတစ်လ ပေးရမယ့် အိမ်လခ ကိုပေးချေနိုင်ဖို့အတွက် ကိုယ့်မှာရှိတဲ့ ငွေပမာဏနဲ့ လောက်ငှဖို့မလွယ်ကူပါဘူး။ဒါ့ကြောင့် ရန်ကုန်မြို့မှာ တိုက်ခန်းငှားပြီးနေထိုင်ချင်တဲ့ မြန်မာနိုင်ငံသားတွေရော နိုင်ငံခြားသားတွေအတွက်ပါ အသုံးဝင်မယ့် အကြံပြုချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ပွဲစားငှားပါ
ကိုယ်တတ်နိုင်တဲ့ငွေပမာဏနဲ့ သင့်တင့်တဲ့ တိုက်ခန်းတစ်ခုရရှိဖု့ိ ပွဲစားက အကျိုးဆောင်ပေးပါလိမ့်မယ်။ အရည်အချင်းရှိတဲ့ ပွဲစားဆိုရင်တော့ သင့်တင့်တဲ့ဈေးနှုန်းနဲ့ ကောင်းမွန်တဲ့တိုက်ခန်းတစ်ခန်းကို ရရှိနိုင်ပေမယ့် ညံ့ဖျင်းတဲ့ပွဲစားမျိုးနဲ့တွေ့ရင်တော့ ဒုက္ခရောက်ဖို့ရှိပါတယ်။ ဥပမာပေးရရင် တချို့ပွဲစားတွေက အိမ်ရှင်တွေကို ၆ လတစ်ကြိမ်လောက် အိမ်ငှားခ တိုးတောင်းဖို့ သွေးထိုးတတ်ပါတယ်။ ဒါမှ သူတို့အတွက် အကျိုးခံစားခွင့်က ပိုများလာမှာမို့လို့ပါ။ ဒီလိုပွဲစားမျိုးနဲ့တွေ့ရင်တော့ ကံဆိုးမိုးမှောင်ကျပြီပဲ။
ဝန်ဆောင်မှုများ
တကယ်လို့များ ကိုယ်ငှားရမ်းမယ့် တိုက်ခန်းက တရားဝင်လူနေထိုင်ခွင့်မရှိတဲ့ အဆောက်အဦးမှာဖြစ်နေမယ်ဆိုရင် ဒီလိုတိုက်ခန်းမှာ ကိုယ်ပိုင်ရေ၊ မီး၊ မီတာ မရှိပါဘူး။ အိမ်ငှားက အဆောက်အဦးတစ်ခုလုံးရဲ့ ရေခွန်၊ မီတာခွန်တို့ကို အချိုးကျခွဲဝေပေးဆောင်ရပါတယ်။ ဒီလို တိုက်ခန်းမျိုးကိုငှားရမ်းနေထိုင်မိပြီဆိုရင်တော့ ပိုအကုန်အကျများပြီး ရေရှည်မှာ စိတ်ညစ်ရမယ့်အခြေအနေမျိုးတွေဖြစ်လာပါလိမ့်မယ်။နောက်တစ်ခုက အချို့တိုက်ခန်းတွေက ဝန်ဆောင်မှုအပြည့်အနဲ့ ကိုယ်ပိုင်ရေခွန်၊ မီတာခွန်တော့ပါပါရဲ့။ ဒါပေမယ့် နိုင်ငံတော်က တရားဝင်ခွင့်ပြုပေးထားခြင်းမရှိဘူးဆိုရင်တော့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီက သင့်တိုက်ခန်းကို လာရောက်စစ်ဆေးတိုင်း ထွက်ပြေးရမယ့် အဖြစ်ဆိုးမျိုးနဲ့ကြုံတွေ့ရနိုင်ပါတယ်။ သင်နဲ့ အိမ်ရှင်ကြားမှာ ဘယ်လိုပဲနားလည်မှုတွေ၊ သဘောတူညီချက်တွေယူထားထား ရန်ကုန်မြို့တော်စည်ပင်သာယာရေးနဲ့ ဖွံ့ဖြိုးရေးကော်မတီက တရားဝင်ခွင့်ပြုချက်မရရှိထားတဲ့အတွက် တိုက်ခန်းကနေ နှင်ထုတ်ခံရနိုင်ပါတယ်။ဒါ့ကြောင့် ကိုယ်ငှားမယ့် တိုက်ခန်းဟာ ဝန်ဆောင်မှုစုံလင်အောင်ပေးရဲ့လား တရားဝင်ရောဖြစ်ရဲ့လားဆိုတာ သေချာစုံစမ်းဖို့လိုပါတယ်။
လေဝင်လေထွက်ကောင်းရဲ့လား?
အိမ်တစ်အိမ်ရဲ့ အသက်ဟာ လေဝင်လေထွက်ကောင်းမွန်ခြင်းပါ။ လျှပ်စစ်မီးရမှ သက်တောင့်သက်သာနေထိုင်နိုင်မယ့်အခန်းမျိုးကို ရွေးချယ်မိရင်တော့ မီးမလာဘူးဆိုရင် ငရဲကျနေသလို ခံစားရမှာပါ။ အထူးသဖြင့် ရန်ကုန်မြို့ကလည်း မိုးတွင်းဆို မီးခဏခဏပျက်တတ်တာနဲ့တော့ ကွက်တိပါပဲ။ ဒါကြောင့် လျှပ်စစ်မီးလာလာ မလာလာ၊ ပန်ကာ သို့မဟုတ် အဲယားကွန်း ရှိရှိမရှိရှိ လေဝင်လေထွက်ကောင်းတဲ့ တိုက်ခန်းမျိုးကိုသာ ရွေးချယ်ငှားရမ်းဖို့လိုအပ်ပါတယ်။
အမြင့်ဆုံးအထပ် (သို့မဟုတ်) တိုက်ခေါင်မိုးမှာဆောက်ထားတဲ့အိမ်ခန်း
တိုက်ခန်းတစ်ခုရဲ့ အမြင့်ဆုံးအထပ်ကတော့ ဈေးအသက်သာဆုံးဖြစ်ပြီး လူတော်တော်များများက ရွေးချယ်ငှားရမ်းကြလေ့ရှိပါတယ်။ ဒီလိုတိုက်ရဲ့ အမြင့်ဆုံးအထပ်ကို ငှားရမ်းတော့မယ်ဆိုရင် အရင်ဆုံးသတိပြုစစ်ဆေးရမှာက တိုက်ရဲ့ခေါင်မိုးနဲ့ မျက်နှာကြက်ကိုပါ။ တိုက်ခန်းရဲ့ ခေါင်မိုးနဲ့ မျက်နှာကြက်ကြားမှာ ကိုယ့်ထက်အရင်ရောက်နှင့်နေတဲ့ စီနီယာ ခိုတို့၊ ကြွက်တို့ ရှိနေရင်တော့ နေရထိုင်ရတာ အဆင်ပြေမှာမဟုတ်ပါဘူး။ဒီလိုတိုက်ရဲ့ အမြင့်ဆုံးအထပ်ကို ငှားရမ်းမယ့်သူတွေအတွက် နောက်ထပ်ကြိုတင်စူးစမ်းရမယ့်အချက်တစ်ချက်ကတော့ ခေါင်မိုးထပ်မှာ ရေတိုင်ကီကြီးတွေ ရှိမရှိပါပဲ။ များသောအားဖြင့် ဒီလိုတိုက်တွေမှာ ရေတိုင်ကီကြီးတွေကို ခေါင်မိုးထပ်မှာထားပြီး တိုက်ခန်းတစ်ခန်းဆီက ရေမောင်းတဲ့အခါမှာ တိုင်ကီမှတစ်ဆင့် တစ်အိမ်ချင်းစီကိုရေပို့ဆောင်ပေးတာပါ။ တကယ်လို့များ ရေပိုက်တစ်ခုခုဖြစ်ခဲ့ရင် မျက်နှာကြက်ကနေတစ်ဆင့် ရေတွေစီးကျလာနိုင်တဲ့အတွက် သင်ပိုင်ဆိုင်တဲ့အရာတွေပျက်စီးဆုံးရှုံးရနိုင်ပါတယ်။
မိုးရာသီမှာရေကြီးတဲ့လမ်းများ
ကိုယ်ငှားရမ်းမယ့်တိုက်ခန်းရဲ့ အနီးအနားပတ်ဝန်းကျင်အနေအထားကို လေ့လာဆန်းစစ်ဖို့ဆိုတာ မလုပ်မဖြစ်ပါ။ တိုက်ခန်းအနီးကလမ်းတွေဟာ မိုးတွင်းမှာရေကြီးနိုင်တဲ့အခြေအနေဆို အဆင်မပြေပါဘူး။ မိုးတွင်းအချိန်အခါဆို မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကြီးမှုတွေဖြစ်ပြီး ရေက ဒူးလောက်အထိတတ်လာနိုင်သလို ရေပြန်ကျသွားဖို့ကလည်း ရက်အနည်းငယ်ကြာမြင့်နိုင်ပါတယ်။ ဒီလိုရေကြီးရေလျှံမှုတွေကြောင့် ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ ရောဂါအန္တရာယ်တွေ ရင်ဆိုင်ရနိုင်ပါတယ်။နောက်တစ်ချက်က ရေကြီးမှုကြောင့် သင့်ရဲ့ကားကို ထိခိုက်နိုင်ပါတယ်။ ကိုယ့်မှာကားရှိတယ်ဆိုရင်တော့ ကိုယ်ငှားရမ်းတဲ့တိုက်ခန်းက ရေကြီးရေလျှံမှုတွေမဖြစ်နိုင်တဲ့လမ်းမျိုးဖြစ်ဖို့လိုအပ်သလို အကောင်းဆုံးကတော့ ကျယ်ဝန်းတဲ့ကားပါကင်ရှိတဲ့နေရာဆို ပိုအဆင်ပြေပါတယ်။
သစ်သားကြမ်းခင်းကြောင့်ကြုံတွေ့ရနိုင်တဲ့ စိတ်အနှောင့်အယှက်
သစ်သားကြမ်းခင်းဟာ ရှေးဆန်တဲ့ဒီဇိုင်းကိုကြိုက်နှစ်သက်သူတွေအတွက် အိမ်အိုအိမ်ဟောင်းပုံစံခံစားမှုကိုပေးစွမ်းနိုင်ပေမယ့် ကြမ်းခင်းကြားမှာရှိတဲ့ အကွဲကြောင်းလေးတွေထဲမှာ ပိုးမွှားတွေ၊ ပိုးဟပ်တွေ၊ ပုရွက်ဆိတ်တွေနဲ့ အချို့အစိတ်ကျဲတဲ့ကြမ်းခင်းတွေဆို ကြွက်တွေတောင်ခိုအောင်းနေနိုင်ပါတယ်။
သူငယ်ချင်းတစ်ယောက်က သစ်သားမျက်နှာကြက် ခပ်မြင့်မြင့်နဲ့ သစ်သားကြမ်းခင်းတွေနဲ့တည်ဆောက်ထားတဲ့ တိုက်ခန်းတစ်ခုကို ငှားရမ်းနိုင်ခဲ့တဲ့အတွက် သူ့ကိုယ်သူ ကံကောင်းလှပြီလို့ ထင်ခဲ့ဖူးပါတယ်။ တကယ်နေကြည့်တဲ့အခါကျတော့ လူခြေတိတ်ပြီး အိပ်ချိန်ဆို ဘယ်လိုပါတီပေးရမလဲဆိုတာ သိနေတဲ့ ပိုးမွှားတွေ၊ ကြွက်တွေ သူ့တိုက်ခန်းမှာရှိနေတဲ့အတွက် အတော်ကိုဒုက္ခရောက်ခဲ့ရပါတယ်။
ပြီးဆုံးအောင်တည်ဆောက်ထားခြင်းမရှိတဲ့ အိမ်နံရံများ
အချို့အထပ်မြင့်တိုက်ခန်းတွေဟာ တစ်တိုက်နဲ့ တစ်တိုက်အရမ်းကိုကပ်ပြီး တည်ဆောက်ထားတဲ့အတွက် နံရံတွေပေါ် ရေစီးကျခြင်းမျိုးမဖြစ်အောင် ကာကွယ်ပေးမယ့် နံရံအဖုံးအကာတွေကို တပ်ဆင်ထားခြင်းမရှိပါဘူး။ မိုးရာသီမှာ ဒီနံရံတွေပေါ်ကို ရေစီးကျခြင်းကြောင့် တစ်အိမ်လုံး စိုထိုင်းထိုင်းနဲ့ မှိုစွဲပြီး ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ အဖြစ်မျိုးကြုံတွေ့ရနိုင်ပါတယ်။
စားသောက်ဆိုင်တွေနဲ့ ကုန်စုံဆိုင်များ
တကယ်လို့များ ကိုယ်နဲ့အတူနေထိုင်မယ့်အထဲမှာ အမျိုးသမီးတွေ၊ ကလေးတွေ ပါလာခဲ့မယ်ဆိုရင် ငှားရမ်းမယ့်တိုက်ခန်းရဲ့ ပတ်ဝန်းကျင်အနေအထားကို ပိုပြီးအချိန်ယူလေ့လာဖို့လိုပါပြီ။ ကိုယ့်တိုက်ခန်းရဲ့အနီးအနားမှာ ဘီယာဆိုင်၊ အရက်ဆိုင်၊ ဘား၊ လက်ဖက်ရည်ဆိုင်တွေရှိနေမယ်ဆိုရင် အိမ်ထဲအဝင်အထွက်တိုင်းမှာ စိတ်အနှောင့်အယှက်ဖြစ်နေရမှာပါ။အဆိုးဆုံးကတော့ အလုပ်ကပင်ပင်ပန်းပန်းပြန်လာတဲ့ အမျိုးသမီး သို့မဟုတ် ကျောင်းကပြန်လာတဲ့ကလေး တို့အတွက် အိမ်နားက ဘီယာဆိုင်မှာ ရန်ဖြစ်နေတာကို စိတ်မချမ်းမြေ့စရာကောင်းအောင်တွေ့နေရတာတွေ၊ အိပ်ချိန်မှာကြားနေရမယ့် ဆူညံသံတွေဟာ တကယ်ပဲစိတ်ဆင်းရဲစေမှာပါ။ တကယ်လို့သင့်မိသားစုမှာ သက်ကြီးပိုင်းတွေ၊ ကလေးငယ်လေးတွေ ရှိတယ်ဆိုရင်တော့ ဒီလိုပတ်ဝန်းကျင်မျိုးရှိတဲ့ တိုက်ခန်းကို ရှောင်သင့်ပါတယ်။
အန္တရာယ်ရှိတဲ့ပတ်ဝန်းကျင်ကိုရှောင်ပါ
ဖြစ်နိုင်မယ်ဆိုရင် ဈေးတွေ၊ ဆီဆိုင်တွေနားမှာရှိတဲ့ တိုက်ခန်းမျိုးကိုမငှားပါနဲ့။ ဈေးနားမှာရှိတဲ့ အဆောက်အအုံတွေက ဈေးထဲက အသီးအရွက်ပုတ်နံ့တွေ၊ အသားညှီနံ့တွေကို တိုက်ရိုက်ရနေမှာဖြစ်ပြီး ဒီအနံ့တွေက သင့်မိသားစုရဲ့ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ်။ တကယ်လို့များ ဒီလိုပတ်ဝန်းကျင်မျိုးမှာ မြေညီထပ်ကို ငှားနေမိပြီဆိုရင်တော့ မကောင်းတဲ့အနံ့အသက်တွေတင်မကဘဲ အိမ်ပတ်ဝန်းကျင်မှာ အမှိုက်တွေ၊ ဈေးကနေတစ်ဆင့်စွန့်ပစ်လိုက်တဲ့ အညစ်အကျေးတွေလည်း စုပြုံနေဦးမှာပါ။တစ်ဖက်မှာလည်း ဆီဆိုင်အနီးအနားမှာရှိတဲ့ တိုက်ခန်းတွေကိုငှားနေမယ်ဆိုရင် အရင်ဆုံးကြုံတွေ့ရမယ့်အခက်အခဲကတော့ လမ်းပိတ်တာပါပဲ။ ကားတွေ တစ်နေကုန်ဆီ၊ ဂတ်စ် ဖြည့်ဖို့အတွက် တန်းစီမယ်၊ ဟွန်းတီးသံတွေ ကြားနေရမယ်၊ ဒါတွေဟာ အလုပ်က ပင်ပန်းပြီးပြန်လာတဲ့လူတစ်ယောက်အတွက် အနားယူဖို့အဆင်မပြေတဲ့ အခြေအနေပါပဲ။ အရေးအကြီးဆုံးက မီးလောင်ပေါက်ကွဲမှုတွေဟာ ဆီဆိုင်ကနေစတင်ဖြစ်နိုင်တဲ့အတွက် ဒီလိုပတ်ဝန်းကျင်ကတော့ တကယ်ကို အန္တရာယ်ရှိတဲ့ နေရာမျိုးပါပဲ။
ဘာသာရေးအဆောက်အအုံတွေနဲ့ ဆေးရုံများ
ဘယ်လို ဘာသာရေးအဆောက်အအုံပဲဖြစ်ဖြစ် ဘုရားရှိခိုးဝတ်ပြုတဲ့အသံတွေရှိတတ်ကြပါတယ်။ ဒီလိုအသံတွေကြားရမယ့် ပတ်ဝန်းကျင်မှာ ငှားရမ်းနေထိုင်မိပြီဆိုရင်တော့ အထူးသဖြင့် ပွဲတော်ရက်တွေမှာ ကားတွေပိတ်ဆို့ခြင်းနဲ့အတူ ထွက်ပေါ်လာတဲ့အသံတွေကို ကျိတ်မှိတ်သည်းခံဖို့သာ ပြင်ထားပါတော့။ဆေးရုံနဲ့အနီးတစ်ဝိုက်မှာ နေထိုင်ခြင်းဟာလည်း ထိုနည်း၎င်းပါပဲ။ ကားတွေ တဝီဝီ သွားလာနေမှာဖြစ်တဲ့အပြင် ဆေးရုံဝင်းအတွင်းက ထွက်ပေါ်လာမယ့် အနံ့အသက်တွေကို ရှူရှိုက်မိနိုင်ပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ