By Zaygwet ထီယု (ဥပဒေတိုင်ပင်ခံ), Shweproperty.com
Updated at 29 March 2018
စာရေးသူထံသို့ နိုင်ငံခြားသား တစ်ဦးရောက်လာပါသည်။ ရင်းနှီး မြှုပ်နှံမှုအရ မြေကွက်ဝယ်လျှင် ရနိုင် မလား၊ ယခင်ကဝယ်ထားသော ကွန်ဒိုတိုက်ခန်းကို မိမိအမည်ပြောင်းလို့ရပြီလားဆိုသည့် မေးခွန်းများဖြင့် ဆွေးနွေးလာသည်။ ထို့ကြောင့် စာဖတ်သူများ ဗဟုသုတရစေရန် ထိုဆွေးနွေး ချက်ကို ရေးသားဖော်ပြလိုက်ပါသည်။
ရင်းနှီးမြှုပ်နှံမှုဥပဒေ
''မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ ငွေအရင်းအနှီးပြုလုပ်ပြီး အသေးစားစက်မှုလုပ်ငန်းလုပ်ဖို့ မြေ ဝယ်လို့ရပါသလား''
''မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတို့သည် အစိုးရ သို့မဟုတ် အစိုးရ အဖွဲ့အစည်းများထံမှဖြစ်စေ၊ ပုဂ္ဂလိကမြေ သို့မဟုတ် အဆောက်အအုံ ပိုင်ရှင်ထံမှဖြစ်စေ၊ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့် သို့မဟုတ် အတည်ပြုမိန့်ရရှိသည့်နေ့မှစ၍ ကနဦး နှစ် ၅ဝ အထိ သတ်မှတ်ချက်နှင့်အညီ မြေ သို့မဟုတ် အဆောက်အအုံကို ငှားရမ်းလုပ်ကိုင်ခွင့်ရှိကြောင်း ပုဒ်မ -၅ဝ(ခ) မှာ အတိအလင်း ပြဋ္ဌာန်းထားပါတယ်''
''ဒါဆိုရင် မြေကိုငှားရမ်းပြီး လုပ် ပိုင်ခွင့်ရှိတယ်ပေါ့''
''မှန်ပါတယ်။ မြေကို ဝယ်ယူပြီး လုပ်ငန်းလုပ်ပိုင်ခွင့်မရှိပါဘူး''
''မြေငှားရမ်းလုပ်ကိုင်တာက နှစ် ၅ဝ အထိပဲလား၊ စီးပွားရေးကောင်းရင် ဆက်လက်ငှားခွင့်ရှိပါသလား'' ''သတ်မှတ်ထားတဲ့ ကနဦးငှားရမ်းကာလ နှစ် ၅ဝ ပြည့်သွားရင် နောက်ထပ် ၁ဝ နှစ် သက်တမ်းနှစ် ကြိမ် တိုးမြှင့်ခွင့်ရမှာဖြစ်ပါတယ်''
''မြေငှားရမ်းခက ဘယ်လိုသတ် မှတ်ပါသလဲ''
''ဒါကတော့ ကော်မရှင်ရဲ့ အတည်ပြုချက်နဲ့အတူ မြေရှင်နဲ့ ငှားယူသူတို့ရဲ့ သင့်တင့်တဲ့ ညှိနှိုင်းဈေး နှုန်းအပေါ် သတ်မှတ်ပေးမှာဖြစ်ပါတယ်''
''ငှားရမ်းတဲ့မြေကွက်ကို မိမိစိတ် ကြိုက်ပုံစံ၊ အဆောက်အအုံ ဆောက်ခွင့်ရှိပါသလား''
''ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ ခွင့်ပြုချက်နှင့်အညီ မိမိငှားရမ်း အသုံးပြုခွင့်ရသောမြေ၏ သဘာဝ မြေမျက်နှာပြင် အနိမ့်အမြင့်ကို ပြောင်းလဲဆောင်ရွက်နိုင်တယ်လို့ ရင်းနှီးမြှုပ်နှံမှုဥပဒေမှာ ပြဋ္ဌာန်းထားပါ တယ်''
''ကွန်ဒိုဥပဒေမှာ နိုင်ငံခြားသားတွေ ဝယ်ခွင့်ရှိတယ်ဆိုပေမယ့် မြေကွက်ကို ဝယ်ခွင့်မရဘူးလား ပိတ်ပင်ထားတဲ့ ဥပဒေရှိလို့လား''
မရွှေ့မပြောင်းနိုင်သောပစ္စည်း လွှဲပြောင်းခြင်းကို
ကန့်သတ်သည့် ဥပဒေ
''၁၉၈၇ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲ ပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေအရ-နိုင်ငံခြားသားများ အနေ ဖြင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်း များဖြစ်သည့် မြေ တိုက်ခန်းတို့ကို ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ပေးကမ်း ခြင်း၊ ပေါင်နှံခြင်း၊ အခြားနည်းတစ် ရပ်ရပ်ဖြင့် လွှဲပြောင်းခြင်း၊ လွှဲပြောင်း ခြင်းကို လက်ခံခြင်းမပြုရလို့ ယင်း ဥပဒေပုဒ်မ (၃) နှင့် (၄) မှာ အတိ အလင်းပြဋ္ဌာန်းထားပါတယ်။ ဒါကြောင့် နိုင်ငံခြားသားတွေဟာ မြေနှင့်အ ဆောက်အအုံကို ဝယ်ပိုင်ခွင့်မရှိပါ ဘူး။ ပိုင်ဆိုင်ခွင့်မရနိုင်ပါဘူးလို့ ပြော ချင်ပါတယ်''
''မြန်မာနိုင်ငံသားတစ်ဦးရဲ့ အမည်နဲ့ ဝယ်ပေးထားမယ်ဆိုရင် ဖြစ်ပါသလား''
''မိမိက ငွေစိုက်ထုတ်ပြီး မြန်မာနိုင်ငံသားတစ်ဦးရဲ့ အမည်နဲ့မြေကွက် ဝယ်ရင်တော့ ဖြစ်ပါတယ်။ အဲဒီ မြေကွက်မှာ အဆောက်အအုံဆောက်ပြီး လုပ်ငန်းရင်းနှီးမြှုပ်နှံဆောင်ရွက်ခွင့်ရှိပါတယ်''
ပုဂ္ဂလိကပိုင် ကွန်ဒိုတိုက်ခန်းနှင့်
စုပေါင်းပိုင် ကွန်ဒိုတိုက်ခန်း
''ယခင်က ဝယ်ထားတဲ့ကွန်ဒို တိုက်ခန်းကို နိုင်ငံခြားသားအမည် ပေါက် ပြောင်းလို့ရပြီလား''
''အခုပြဋ္ဌာန်းတဲ့ ကွန်ဒိုဥပဒေနဲ့ နည်းဥပဒေက စုပေါင်းပိုင်ဆိုင်ခွင့်ရှိတဲ့ မြေနဲ့ ကွန်ဒိုတိုက်ခန်းများကိုဆိုလို တာဖြစ်တယ်။ ပုဂ္ဂိုလ်တစ်ဦးချင်းပိုင် မြေကွက်ပေါ်မှာ ဆောက်လုပ်ထား တဲ့ ကွန်ဒိုတိုက်ခန်းတွေနဲ့ မသက်ဆိုင်ဘူး။ ယခင်ဝယ်ထားတယ်ဆိုတဲ့ ကွန်ဒိုတိုက်ခန်းတွေက ပုဂ္ဂလိကတစ်ဦး ချင်းပိုင်မြေကွက်ပေါ်မှာ ဆောက်ထားတဲ့ ကွန်ဒိုတိုက်ခန်းဖြစ်လို့ နိုင်ငံ ခြားသားအမည်ပေါက် ပြောင်းခွင့်မရှိပါဘူး''
''စုပေါင်းပိုင်ဆိုင်ခွင့်ဆိုတာက ဘာကိုဆိုလိုတာလဲ''
''စုပေါင်းပိုင်ဆိုင်ခွင့်ဆိုတာက ကွန်ဒိုတိုက်ခန်းဝယ်နေသူများသည် တိုက်ခန်းသာမက ကွန်ဒိုအဆောက်အအုံ ဆောက်လုပ်ထားသည့် မြေကိုလည်း အားလုံးစုပေါင်းပိုင်ဆိုင်ကြ တယ်လို့ ဆိုလိုတာဖြစ်တယ်။ တိုက်ခန်းမှတ်ပုံတင် လက်မှတ်ထုတ်ပေးမှာ ဖြစ်ပါတယ်။ တိုက်ခန်းမှတ်ပုံတင် လက်မှတ်တွင် အမည်ပေါက်သူသာ တိုက်ခန်းကို တရားဝင်ပိုင်ဆိုင်ခွင့်ရှိမှာဖြစ်တယ်''
''နိုင်ငံခြားသားများ ဝယ်ခွင့်ရှိတယ်ဆိုတော့ နိုင်ငံခြားသား အမည်နဲ့ တိုက်ခန်းမှတ်ပုံတင် လက်မှတ် ထုတ်ပေးမှာလား''
''မှန်ပါတယ်။ စုပေါင်းပိုင် အဆောက်အအုံ (ကွန်ဒို)တွေမှာတော့ နိုင်ငံခြားသားများ ဝယ်ခွင့်ရှိတဲ့အ တွက် နိုင်ငံခြားသားအမည်နဲ့ မှတ်ပုံတင်လက်မှတ် ထုတ်ပေးမှာဖြစ်ပါတယ်''
''ယခင်ဝယ်ထားတဲ့ တိုက်ခန်း တွေအနေနဲ့ ဘယ်လိုဆောင်ရွက်နိုင်ပါသလဲ''
''အကောင်းဆုံးကတော့ ယခင် ဝယ်ထားတဲ့တိုက်ခန်းတွေက နိုင်ငံခြားသားအမည်ပေါက်ရမှာ မဟုတ် တဲ့အတွက် ပြန်လည်ရောင်းချပြီး အများဆိုင် စုပေါင်းပိုင် အဆောက်အအုံ (ကွန်ဒို) တိုက်ခန်းကို ဝယ်ခြင်းက ပိုပြီးသင့်တော်မှာဖြစ်တယ်''
ဥပဒေနှစ်မျိုးသက်ရောက်မှု
''နိုင်ငံခြားသားတွေကို မြေနဲ့ အဆောက်အအုံအပါအဝင် ပုဂ္ဂလိကပိုင်မြေပေါ်ရှိ တိုက်ခန်းတွေကို ဝယ် ခွင့်မရှိလို့ သတ်မှတ်ထားပြီး စုပေါင်းပိုင် အဆောက်အအုံ ကွန်ဒိုကိုတော့ နိုင်ငံခြားသားတွေ ဝယ်ခွင့်ရှိတယ်ဆိုရင် ဥပဒေက နှစ်မျိုးဖြစ်မနေဘူးလား။ ဘယ်လိုလိုက်နာရသလဲ''
''သာမန်အားဖြင့် ကြည့်ရင်တော့ မရွှေ့မပြောင်းနိုင်တဲ့ ပစ္စည်း အိမ်၊ မြေ၊ တိုက်ခန်းတွေ ဝယ်ယူမှုနဲ့ ပတ်သက်လို့ နိုင်ငံခြားသားများအပေါ် ကန့်သတ်ထားတဲ့ ဥပဒေနှစ်မျိုးရှိတယ်လို့ မြင်တွေ့ရမှာဖြစ်တယ်။ ဒါပေမယ့် အကြောင်းအရာတစ်ခုနဲ့ ပတ်သက်ပြီး သီးခြား(အထူး)ပြဋ္ဌာန်း ထားတဲ့ ဥပဒေရှိရင် အဲဒီဥပဒေအရသာ ဆောင်ရွက်ရမယ်။ အခြားဥပဒေများက လွှမ်းမိုးမှုမရှိကြောင်း ပြဋ္ဌာန်းထားပါတယ်''
''ဒါဆိုရင် စုပေါင်းပိုင် အဆောက်အအုံဆိုင်ရာ ဥပဒေက သီးခြားအထူးပြဋ္ဌာန်းထားတဲ့ ဥပဒေလို့ ဆိုလိုပါသလား''
''မှန်ပါတယ်။ ဒါကြောင့် စုပေါင်းပိုင် အဆောက်အအုံ (ကွန်ဒို)တွေကို နိုင်ငံခြားသားများအား ဝယ်ယူခွင့် သီးခြားပေးထားတဲ့ အထူးဥပဒေဖြစ်ပါတယ်''
ပိုင်ဆိုင်မှုကွာခြားချက်
''စုပေါင်းပိုင် အဆောက်အအုံနဲ့ ပုဂ္ဂလိကပိုင် အဆောက်အအုံကွန်ဒို ဘယ်လို ကွာခြားချက်ရှိပါသေးသလဲ၊ အဆောက်အအုံ ပုံစံအနေအထား ဘယ်လိုသိနိုင်သလဲ''
''စုပေါင်းပိုင် အဆောက်အအုံက မြေဧရိယာအနည်းဆုံးစတုရန်း ပေ ၂ဝဝဝဝ ရှိတဲ့ မြေကွက်ပေါ်မှာ ဆောက်ရမှာဖြစ်ပါတယ်။ ပုဂ္ဂလိက ပိုင်မြေကွက် ပေ ၄ဝ x ပေ ၆ဝ စတုရန်း ပေ ၂၄ဝဝ ရှိတဲ့ မြေကွက်ပေါ်မှာ ဆောက်ထားတာမျိုး မဟုတ်ဘူး။ ပြီးတော့ အရောင်းအဝယ်ကို တရားဝင်မှတ်ပုံတင် စာချုပ်ချုပ်ဆိုပြီး အိမ်ခန်းမှတ်ပုံတင် လက်မှတ်ထုတ်ပေးမှာဖြစ်တယ်''
''ဒါဆိုရင် စုပေါင်းပိုင် အဆောက်အအုံရှိ တိုက်ခန်း (ကွန်ဒို)ကိုပဲ ရွေးချယ်ဝယ်ရမှာပေါ့''
''မှန်ပါတယ်။ နိုင်ငံခြားသားများအနေနဲ့ စုပေါင်းပိုင် အဆောက်အအုံ (ကွန်ဒို)တိုက်ခန်းမှလွဲ၍ မည့်သည် အိမ်၊ မြေ၊တိုက်ခန်းများ ဝယ်ခွင့်မရှိပါ''ဟု ရှင်းပြခဲ့ပါသည်။
Ref : Zaygwet ထီယု (ဥပဒေတိုင်ပင်ခံ)
Photo Credit : Credifamiglia
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ