By Ahkyosaung, Shweproperty.com
Updated at 28 July 2015
အိမ်ခြံမြေအရောင်းအဝယ်များ ခေတ်မစားခင်ကဆိုလျှင် ပြည်သူအများစုမှာ မြေကွက်၊ အိမ်တို့နှင့်ပတ်သက်သည့် စာရွက်စာတမ်းများကိုသက်ဆိုင်ရာဌာနမှ ပေးလျှင်ပေးသည့်အတိုင်းပင် အိမ်တွင်သိမ်းထားလေ့ ရှိကြသည်။ အရေးကြီးသည့်စာရွက်၊ အရေးပါသည့်စာရွက်၊ မခွဲခြားတတ်ကြသည်က များသည်။ ယနေ့ခေတ်အခါလို အိမ်၊ ခြံ၊ မြေစာရွက်စာတမ်း တန်ဖိုးကြီးမှန်းလည်း မသိကြပေ။
ဂရန်မြေ /ဘိုးဘွားပိုင်မြေ ရောင်းလျှင် မြေပုံကူုးပေးရန် တာဝန်ရှိ
အိမ်ခြံမြေအရောင်းအဝယ်ပြုလုပ်ကြလျှင် ရောင်းသူ ၊ ဝယ်သူ ပထမဆုံးစရန်ပေး စာချုပ်ချုပ်ဆိုသည်နှင့် ရောင်းသူဘက်မှ မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ချုပ်ဆိုနိုင်ရန်အတွက် မြေပုံ/ မြေရာဇဝင် ကူးယူပေးရန် တာဝန်ရှိသည်။ မြေပုံ/မြေရာဇဝင်ဆိုသည်မှာ မိမိအမည်ပေါက်ပိုင်ဆိုင်သော မြေအကျယ်မှာ အရှေ့၊ အနောက်၊ တောင်၊ မြောက် မည်မျှကျယ်ဝန်းသည်(ဥပမာ အလျား ၄၀ပေ× အနံ ၆၀ ပေ)ကို သက်ဆိုင်ရာဌာနမှ ” ပုံ” ဆွဲပြထားခြင်းပင်ဖြစ်သည်။ ယင်းပုံစံအတိုင်း ရောင်းချသည့်မြေကွက်မှန် မမှန် ကွင်းဆင်းစစ်ဆေးကြည့်လျှင်လည်း ပုံဆွဲပြသည့်အတိုင်း အတိအကျရှိနေကြောင်း တွေ့နိုင်သည်။
မြေပုံကူးလျှင် မြေပုံရာဇဝင်ပါရှိ
မြေပုံနှင့်ပူးတွဲလျှက် မြေရာဇဝင်စာရွက်လည်းပါသည်။ မြေရာဇဝင်စာရွက်တွင်ပထမဆုံးဂရန်အမည်ပေါက်သူကို တွေ့ရသည်။ဂရန်အမည်ပေါက်သူက အခြားတစ်ဦးအား လွှဲပြောင်းရောင်းချထားလျှင် လွှဲပြောင်းဝယ်သူ၏အမည်၊ မှတ်ပုံတင်၊ လိပ်စာတို့ပါလာသည်ကို တွေ့ရသည်။ အဆင့်ဆင့်ရောင်းချလျှင် အဆင့်ဆင့်ဝယ်ယူသူတို့၏ အမည်များကို တွေ့ရသည်။ တစ်နည်းအားဖြင့် အဆင့်ဆင့်လွှဲပြောင်းဝယ်ယူလာသူများ၏ အကြောင်းကိုဖော်ပြထားသဖြင့် ယင်းကို ” မြေရာဇဝင်” ဟု ခေါ်ဝေါ်ခြင်းဖြစ်ကြောင်း သိရသည်။
မြေငှားဂရန်တွင် မှန်ကန်ကြောင်း သက်သေခံမြေပုံပါရှိ
မြေပုံ/မြေရာဇဝင်ကူးယူရန် လျှောက်ထားခြင်းကို အရပ်အခေါ်အားဖြင့် ” အရောင်းမြေပုံကူး” လျှောက်သည်ဟု အလွယ်ပြောကြသည်။ မြေပုံကူးဖို့ဆိုသည်မှာလည်း မြေငှားဂရန်စာချုပ်တင်ပြမှသာလျှင် ကူးယူ၍ရသည်။ မြေငှားဂရန် စာချုပ်နောက်ဆုံးစာရွက်တွင် မှန်ကန်ကြောင်း သက်သေခံသည့် မြေငှားဂရန်မြေပုံပါရှိသည်။ အမည်ပေါက်၊ နာမည်၊မြေတိုင်းရပ်ကွက်၊ အမှတ်၊လူနေရပ်ကွက်အမှတ်၊ မြေကွက်အမှတ်၊ မြေအမျိုးအစား(ဥပမာ နှစ် ၆၀ မြေငှားဂရန်မြေ) (အလျား× အနံ) ဧရိယာ….မြို့နယ်၊ စကေး(၁”=၁၀၀’) ထုတ်ပေးသည့်အမှုတွဲအမှတ်၊ မြေတိုင်းတာဝန်ခံ(ပ) နှင့် (ဒု) ဌာနခွဲမှူး။ မြို့ပြစီမံကိ်န်းနှင့် မြေစီမံခန့်ခွဲမှုဌာန၏ လက်မှတ်နှင့် ရုးံတံဆိပ်များကို တွေ့ရသည်။
အိုးအိမ်/ စည်ပင် မြေငှားဂရန် စာချုပ်(၂)မျိုး
မြေငှားဂရန် စာချုပ်(၂)မျိုး တွေ့ရသည်။ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ထုတ်ပေးသောဂရန်နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံ ကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ထုတ်ပေးသော ဂရန်ဟူ၍ နှစ်မျိုးကွဲပြားသည်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနမှ ထုတ်ပေးသော မြေငှားဂရန် စာချုပ်များကို ၁၉၉၂-၉၃ ခုနှစ်တွင် စတင်ထုတ်ပေးထားကြောင်း လေ့လာသိရှိရသည်။
အစမကောင်းလို့ အနှောင်းမသေချာသည့် သာဓကအချို့
ထိုစဉ်က ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ပြည်သူအများ စိတ်ချမ်းသာပြီး လုပ်ငန်းများမြန်ဆန်ချောမွေ့စေရန် မြို့နယ်၊ ရပ်ကွက်များအတွင်းသို့ သွားရောက်၍ လုပ်ဆောင်ပေးခဲ့ကြောင်း သိရသည်။ စီမံချက်ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်၍ ဌာနဆိုင်ရာဝန်ထမ်းများနှင့်အတူ ရပ်ကွက်မြို့နယ်မှ လုပ်အားပေးများလည်း ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း လေ့လာသိရှိရသည်။
သို့မို့ကြောင့် ထင်ပါရဲ့ စာရေးသူတွေ့ဖူးသော သာကေတမြို့နယ် မြေငှားဂရန်စာချုပ်များနှင့် တောင်ဥက္ကလာပမြို့နယ် မြေငှားဂရန်စာချုပ်များပေါ်ရှိ ” မြေကွက်” အတိုင်းအတာများ မှားယွင်းခြင်း၊ ဥပမာ (၄၀ပေ×၆၀ပေ) ဟု ဖော်ပြရမည့်အစား (၂၀ပေ×၆၀ပေ) ဟုဖော်ပြခြင်း ဧရိယာ(၂၀ပေ×၆၀ပေ)ဟု ဖော်ပြထားသော်လည်း (က/ခ)ခွဲခြားထားမှုမရှိခြင်းတို့ကို တွေ့ရတတ်ပါသည်။ အချို့ဂရန်များမှာ မြေကွက်အတိုင်းအတာမှန်သော်လည်း ခေါင်းရင်းမြေကွက်အမှတ်နှင့် ခြေရင်းမြေကွက်အမှတ်တို့ကိုဖော်ပြမထားသည်ကို တွေ့ရတတ်သည်။
ထိုထက်ပိုဆိုးသည်မှာ မြေအမည်ပေါက်နှစ်ဦးဖြစ်လျှင် ကျား/မ လွဲမှားစွာဖော်ပြထားခြင်း (ဥပမာ ” ဦးမြ+ ဒေါ်လှ” ဟု ရေးရမည့်အစား ” ဦးမြ+ဒေါ်မြ” ဟု လွဲမှားနေတတ်ခြင်းတို့ကို တွေ့ရသည်။ တစ်ခါတစ်ရံတွင် ” ဦးမြ+ ဒေါ်လှ” အမည်ပေါက်မှန်ကန်သော်လည်း “ဦးမြ” ၏ နိုင်ငံသားအမှတ်ကို ဒေါ်လှ၏နိုင်ငံသားအမှတ်နေရာတွင် မှားယွင်းစွာဖော်ပြထားခြင်းတို့ကို ကြုံဖူးသည်။ ယင်းသို့သော အမှားအယွင်းများကြောင့် အိမ်ဆောက်ရန်မြေပုံကူးခြင်းအရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် မြေပုံကူးခြင်း စသည်တို့ကိုဆောင်ရွက်သည့်အခါ သတ်မှတ်ရက်အတွင်းထုတ်ယူ၍မရဘဲ အချိန်ကြာခြင်းများနှင့် ကြုံတွေ့ရတတ်ပါသည်။ ယခုအခါ ပြည်သူများအတွက် အာမခံချက်ရှိသော တုပ၍မရနိုင်သော” မြေငှားဂရန်စာချုပ်” များကို ပြောင်းလဲထုတ်ပေးနေသည့်အတွက် ပြည်သူတစ်ဦးအနေဖြင့် ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလိုက်ပါသည်။
Ref : Ahkyosaung
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ