By The Kumudra, Shweproperty.com
Updated at 2 July 2015
အကျိုးတူကန်ထရိုက်တိုက်တွေ ဆောက်လုပ်တဲ့အခါမှာ ဂရန်မူရင်းကို မြေပိုင်ရှင်က ကန်ထရိုက်တာဆီ လွှဲအပ်ထားဖို့ မလိုအပ်တာကို မြေပိုင်ရှင်တွေ အနေနဲ့ သိထားသင့်တယ်။
မြေပိုင်ရှင်တွေက သေချာမသိဘဲ ဂရန်မူရင်းကို ကိုယ်စားလှယ်လွှဲစာတွေနဲ့ လွှဲအပ်ကြသူတွေ ရှိပါတယ်။ အဲသည်လိုကြောင့် တချို့မြေပိုင်ရှင်တွေမသိအောင် ဂရန်ကိုပေါင်ထားခံရတဲ့ အဖြစ်တွေရှိတယ်လို့ သိရပါတယ်။
စီးပွားရေးနှင့် ဥပဒေလမ်းညွှန် ဦးသန်းဦးက "ကမ်းနားလမ်းဘက်မှာဆို ကန်ထရိုက်တာက လွှဲပေးထားတဲ့ဂရန်ကို ပေါင်ပြီးပြေးတာ၊ အိမ်ရှင်ကမသိလိုက်ဘူး၊ နောက်မှ သိလို့တရားစွဲထားတယ်၊ တော်တော်များများက လွယ်လွယ်ကူကူနဲ့ လွှဲပေးလိုက်ကြတယ်၊ ဂရန်တွေပေါင်ထားပြီးမှ ပြန်မရွေးနိုင်ဘဲ တရားစွဲကြရော"လို့ ရှင်းပြပါတယ်။
အကျိုးတူလုပ်မယ်ဆိုရင် မြေပိုင်ရှင်က ကန်ထရိုက်တာကို လွှဲအပ်ရင်ဘာအတွက် ကိုယ်စားလှယ်လွှဲတာပါ ဆိုတာကို တိတိကျကျ ဥပဒေနားလည်သူနဲ့ လုပ်သင့်တယ်လို့ ဆိုပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က သည်လိုပြသနာတွေ မဖြစ်အောင် ဂရန်မူရင်းကို ကန်ထရိုက်တာဆီမှာ အပ်နှံထားဖို့ မလိုအပ်ကြောင်း ထုတ်ပြန်ကြေငြာထားပါတယ်။
ဂရန်မူရင်းကို အဆောက်အအုံ ဆောက်လုပ်ခွင့်တွေ ခွင့်ပြုပေးဖို့ ဌာနကစိစစ်ရာမှာ ပိုင်ဆိုင်မှု အထောက်အထားအဖြစ် တစ်ကြိမ်ပဲ တိုက်ဆိုင်စစ်ဆေးတာလို့ သိရပါတယ်။ စစ်ဆေးပြီးတာနဲ့ ဂရန်မူရင်းကို မြေရှင်ကသာ ပြန်သိမ်းထားရမှာ ဖြစ်တယ်။ ကန်ထရိုက်တာတွေကို ဂရန်မူရင်းတွေ အပ်ဖို့ ဌာနအနေနဲ့ ညွှန်ကြားထားတာမရှိဘူးလို့ ကြေညာထားပါတယ်။
ဒါပေမယ့် တချို့မြေပိုင်ရှင်တွေက သေချာမသိဘဲ ကန်ထရိုက်တာတွေ ပြောသမျှအတိုင်း လုပ်ဆောင်ပြီး ကိုယ်စားလှယ်လွှဲစာတွေနဲ့ အလွယ်တကူ လွှဲပေးထားကြပါတယ်။ ဂရန်မူရင်းကို အပ်နှံထားတဲ့အတွက် မလိုလားအပ်တဲ့ ပြသနာတွေ ဖြစ်လာနိုင်တာကြောင့် မြေပိုင်ရှင်တွေအနေနဲ့ သတိပြုသင့်ပါတယ်။
သေချာစိစစ်ပါ
အကျိုးတူဆောက်လုပ်တော့မယ်ဆိုရင် ကိုယ်နဲ့ အကျိုးတူလုပ်မယ့် ကန်ထရိုက်တာက လိုင်စင်ရသလား၊ စိတ်ချယုံကြည်ရရဲ့လား စိစစ်သင့်ပါတယ်။ လုပ်ငန်းခွင်စတဲ့ အခါမှာလည်း တရားဝင်ခွင့်ပြုချက် ကျပြီလားဆိုတာတွေကို သိထားသင့်ပါတယ်။ တချို့က ပြောင်းရွှေ့စရိတ် များများပေးတာနဲ့ အကုန်လုံးကို မစိစစ်တော့ဘဲ လွယ်လွယ်ကူကူ ခွင့်ပြုတာတွေကြောင့် မြေပိုင်ရှင်နဲ့ ဝယ်သူတွေ နစ်နာမှုတွေ ရှိနေတာလို့ သိရပါတယ်။
ဆောက်လုပ်ရေးနှင့် ပတ်သက်ပြီး လိုင်စင်ရှိတဲ့ပ ကန်ထရိုက်တာက (၁၀၀၀) ကျော် ရှိတယ်လို့သိရပါတယ်။ လိုင်စင်ရှိကန်ထရိုက်တာနဲ့ အဆောက်အအုံ ဆောက်လို့ပြသနာဖြစ်ရင် ဖြေရှင်းရလွယ်ပေမယ့် လိုင်စင်မရှိတဲ့ သူတွေနဲ့ ဆောက်တဲ့ ပြသနာဆိုရင် ဖြေရှင်းရတာခက်ခဲတယ်လို့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)က သိရပါတယ်။
ဦးတင်သန်းဦးက"ဖြေရှင်းပေးနိုင်တဲ့ ဥပဒေလိုအပ်နေတာ၊ ကြိုပွိုင့်နဲ့ ဝယ်မိလို့ အလိမ်ခံရရင် ဝယ်သူကဘယ်လိုလုပ်ရမယ်၊ ဘယ်သူ့ကို တရားစွဲရမလဲ မသိတာ၊ မြေပိုင်ရှင်ကလဲ ကန်ထရိုက်တာ ကဆောက်လက်စနဲ့ထားပြီး ပြေးသွားရင်၊ လိမ်သွားရင် ဘယ်လိုနည်းလမ်းမျိုးနဲ့ လုပ်ဆောင်လို့ ရတာမျိုး အတိအကျမရှိဘူး"လို့ ပြောပါတယ်။
အဆောက်အအုံဆောက်လုပ်ရာမှာ အလွယ်တကူနဲ့ ကိုယ်စားလှယ်လွှဲစာ ပေးပြီး အပ်နှံတာတွေကြောင့် အလွဲသုံးစား လုပ်ခံရတာ၊ လိမ်လည်ခံရတာတွေ ဖြစ်နေကြတယ်လို့ သိရပါတယ်။
Ref : The Kumudra
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ