By Myanmar Times, Shweproperty.com
Updated at 10 July 2018
ရန်ကုန်တိုင်းအတွင်း မြို့နယ်များရှိ ဘိုးဘွားပိုင်မြေများ ပေါ်တွင် အနေကြာသူများအနေဖြင့် ဥပဒေအရ ပိုင်ဆိုင်မှုခိုင်မာစေရန် ဂရန်လျှောက်ထားပါက မြို့တော်စည်ပင်သာယာရေးဥပဒေအရ စိစစ်ဆောင်ရွက်ပေးမည်ဖြစ် ကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက မေလ (၃)ရက်တွင် ပြုလုပ်ခဲ့သော တိုင်းလွှတ်တော်တွင် ပြောသည်။
မရမ်းကုန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိုးမိုးစုကြည်၏ ရန်ကုန်တိုင်းအတွင်း မြို့နယ်များရှိ ဘိုးဘွားပိုင်မြေယာများပေါ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၃ဝ၊ ၄ဝ ကျော်ကတည်းက ယနေ့အချိန်ထိအဆင့်ဆင့် လက်ဆင့်ကမ်း နေထိုင်လျက်ရှိသော ပြည်သူများသည် ၎င်းတို့လက်ရှိနေထိုင်သော အိမ်မြေများကို ဥပဒေအရ ပိုင်ဆိုင်မှု အခိုင်အမာရရှိနိုင်ဖို့အတွက် မည်ကဲ့သို့စီစဉ်ဆောင်ရွက်ပေးနိုင်မည်နည်း ဆိုသည့်မေးခွန်းနှင့် စပ်လျဉ်း၍ မြို့တော်ဝန်က ဖြေကြားခဲ့ခြင်းဖြစ်သည်။
''ဘိုးဘွားပိုင်မြေဆိုတာ မြေအမျိုးအစားအားဖြင့် မြေပိုင်မြေများဖြစ်ပါတယ်။ ပိုင်ဆိုင်မှုတည်ရှိတဲ့ မြေအမျိုးအစား အဖြစ်တည်ရှိတဲ့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ ၂ဝ၁၃ ခုနှစ် ရန်ကုန် မြို့တော်စည်ပင်သာ ယာရေးဥပဒေမှာ အတည်ပြုပြဠာန်းခဲ့တဲ့ မြေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအရ မြေစီမံခန့်ခွဲမှုဆိုင်ရာ လျှောက်ထားမှုများကို စိစစ်ဆောင်ရွက်နေပါတယ်''ဟု ဦးမောင်မောင်စိုးက ဆိုသည်။
မြန်မာနိုင်ငံရှိ လူနေအိမ်ရာများသည် ဘိုးဘွားပိုင်မြေ၊ ဂရန်မြေနှင့် ပါမစ်မြေများဖြစ်ပြီး အများစုမှာ ဘိုးဘွားပိုင် မြေများဖြစ်ကြောင်း၊ အဆိုပါ ဘိုးဘွားပိုင်မြေပေါ်များတွင် လက်ရှိနေထိုင်သူများသည် မှတ်ပုံတင် အရောင်းအဝယ်စာချုပ်ဖြင့် ဝယ်ယူနေထိုင်သူများ၊ အရပ်စာချုပ်အဆင့်ဆင့်ဖြင့် ဝယ်ယူနေထိုင်သူများရှိသလို အထောက်အထားမဲ့ ဘိုးဘွားဘီဘင်လက်ထက်မှစ၍ ဓါးမဦးချ အဆင့်ဆင့် လက်ဆင့်ကမ်း နေထိုင်ခဲ့သူများလည်း ရှိကြောင်း ဒေါ်မိုးမိုးစုကြည်က ဆိုသည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်း မြေနှင့်ပတ်သက်၍ တရားဝင်ပိုင်ဆိုင်မှုရရှိရန် တည်ဆဲဥပဒေများအရ ယင်းမြေကို မှတ်ပုံတင်အရောင်းအဝယ်စာချုပ်ဖြင့် ဝယ်ယူထားသူဖြစ်ရမည်၊ သို့မဟုတ် တရားရုံးတစ်ခုခု၏ နိုင်ဒီကရီအရလက်ရှိ နေထိုင်သူများဖြစ်ရမည်ဟု ဥပဒေတွင် ပြဠာန်း ထားကြောင်းလည်း ဒေါ်မိုးမိုးစုကြည်က ဆိုသည်။
''အရပ်စာချုပ်အဆင့်ဆင့်နဲ့ လက်ဆင့်ကမ်း ဝယ်ယူနေထိုင်သူတွေမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃ဝ၊ ၄ဝ ကျော် ကတည်းက အခုထိနေထိုင်သူတွေက ၎င်းမြေနှင့်ပတ်သက်ပြီး ဥပဒေအရ ပိုင်ဆိုင်မှု အခိုင်အမာရရှိနိုင်တဲ့ အခွင့်အရေးတွေ ထာဝရဆုံးရှုံးနေသလို ဖြစ်နေပါတယ်''ဟု ၎င်းက ဆိုသည်။
ယနေ့အချိန်ထိ အဆင့်ဆင့် လက်ဆင့်ကမ်းနေထိုင်လျက်ရှိသော ပြည်သူများအနေဖြင့် ၎င်းတို့လက်ရှိနေထိုင် ပိုင်ဆိုင်သော အိမ်မြေကို ဥပဒေအရ ပိုင်ဆိုင်မှု အခိုင်အမာ ရရှိရန်နှင့် ဘိုးဘွားပိုင်မြေ၊ မြေပိုင်မြေကွက်၏ ပိုင်ဆိုင်မှု အထောက်အထားနှင့်အတူ မူလအမည်ပေါက်သူထံမှ လွှဲပြောင်းရရှိသည့် တရားဝင် မှတ်ပုံတင် စာချုပ်စာတမ်း အဆက်အစပ်အထောက်အထားများဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့ပြ စီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနသို့ အရောင်းအဝယ်စာချုပ် ချုပ်ဆိုရန်၊သို့မဟုတ် အမွေဆက်ခံပိုင်ဆိုင်ကြောင်း စာချုပ်ချုပ်ဆိုရန် စသည့် ပိုင်ဆိုင်မှု ဆောင်ရွက်လိုသည့် အကြောင်းအရာ ကိစ္စပေါ်မူတည်၍ လျှောက်ထား ဆောင်ရွက်နိုင်ကြောင်း ဦးမောင်မောင်စိုးက ဆိုသည်။
အဆက်အစပ် အထောက်အထားကို တင်ပြနိုင်မှုမရှိပါက ဥပဒေကြောင်းအရ သက်ဆိုင်ရာတရားရုံး၏ ပိုင်ဆိုင်မှုဆိုင်ရာ ဆုံးဖြတ်ချက်အမိန့်ဒီကရီ အထောက်အထားများဖြင့် ဥပဒေကြောင်းအရ လျှောက်ထားဆောင်ရွက်နိုင်ကြောင်းလည်း ၎င်းကဆိုသည်။
အမည်ပေါက်ပိုင်ဆိုင်မှုမှာ နိုင်ငံခြားသားအဖြစ်၊ သို့မဟုတ် တည်ရှိပါကလည်းကောင်း၊ နိုင်ငံခြားသားဖြစ်သည်ဟု ယူဆရသည်ဆိုပါက ၁၉၈၇ ခုနှစ် မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေဆိုင်ရာ စိစစ်ရေးအဖွဲ့၊ ပြည်ထဲရေးဝန်ကြီးဌာနသို့ ဆက်သွယ်တင်ပြ လျှောက်ထားရန် လိုအပ်သည်။
နိုင်ငံခြားသားပိုင်ဆိုင်မှု မဟုတ်သော ဘိုးဘွားပိုင်မြေ၊ မြေပိုင်မြေကွက်များသည် ပိုင်ဆိုင်မှု အမည်ပေါက်များ သက်ရှိထင်ရှားမရှိခြင်း၊ အမည်ပေါက်၏ ရှိသူများသည်လည်း သက်ရှိထင်ရှားမရှိခြင်း၊ မြေပြင်လက်ရောက် ပိုင်ဆိုင်မှုမရှိခြင်း၊ နှစ်ပေါင်းများစွာ ကင်းကွာခြင်း၊ လက်ရှိမြေပြင်တွင်လည်း အဆင့်ဆင့် လက်ကမ်းဝယ်ယူ နေထိုင်သူများမှာ နှစ်များစွာနေထိုင်ခဲ့သော မြေကွက်များနှင့် စပ်လျဉ်း၍ နေထိုင်သူများမှ ရပ်ကွက်၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနများမှတစ်ဆင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့သို့ မြေပိုင်ဆိုင်မှု မြေငှားစာချုပ် (ဂရန်)ကို စီမံချက်ဖြင့် ဆောင်ရွက်ပေးနိုင်ရေး လျှောက်ထား တင်ပြနိုင်ကြောင်း မြို့တော်ဝန်ကဆိုသည်။
Ref : Myanmar Times
Photo Credit : Opendevelopmentmyanmar
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ