By မင်းခယောကျ်ား, Shweproperty.com
Updated at 18 January 2019
လာဘ်ပွင့်စေသော ယတြာမျိုးစုံ ရှိပါသည်။ ထိုယတြာနည်းများစွာတွင် လူတစ်ဦးတစ်ယောက် ၏ မွေးနေ့မွေးရက် မွေးသက္ကရာဇ်များကို အဓိကထား၍ ဆောင်ရွက်ခြင်းများကိုသာ တင်ထားတာ များပါတယ်။ အခုပြောမှာကတော့ မိမိနေအိမ်၏ မျက်နှာလှည့်ရာ အရပ်ကို အဓိကထား၍ လာဘ်ပွင့်အောင် လာဘ်လာဘ ရွှင်လန်းအောင် ဆောင်ရွက်ရသောနည်းကို ပြောပြပါမည်။ အဲဒီလို ဆောင်ရွက်တဲ့အတွက် ဘာအကျိုးကျေးဇူးတွေကို ရရှိနိုင်သလဲဆိုတော့ အဲဒီနေအိမ်မှာ နေထိုင်တဲ့ လူသားအားလုံး မိမိတို့၏ လုပ်ငန်းဆောင်တာများမှာ ထူးထူးကဲကဲ အောင်မြင်ခြင်း၊ အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ခြင်း၊ စီးပွားရေးများ အောင်မြင်နိုင်ခြင်း ကြုံတွေ့ရမယ့် အခက်အခဲတွေ ပြဿနာတွေ အဆင်မပြေမှု့တွေ အတိုက်အခိုက်တွေကနေ လွတ်မြောက်နိုင်ပါတယ်။ မိမိတို့နေအိမ် သာယာစေရန် တိုးတက်စေရန် အကျိုးပြုစေပါတယ်။ ဒီနည်းကို ဆောင်ရွက်မယ့် သူတွေက မွေးနေ့မွေးရက် မွေးသက္ကရာဇ် တိတိကျကျ သိစရာမလိုပါဘူး။ မိမိနေအိမ်က ဘယ်ဘက်ကို မျက်နှာမူသလဲ။ အဲဒီ မျက်နှာမူရာ အရပ်ဒေသကို အဓိကထားပြီး ဆောင်ရွက်ရတဲ့ နည်းဖြစ်ပါတယ်။ အရှေ့အရပ်ကိုမျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန် အရှေ့အရပ်ကို မျက်နှာလှည့်သောအိမ်ကို တနင်္လာဂြိုဟ်မင်းက စိုးမိုးအကျိုးပြုသောအိမ်ဟု သတ်မှတ်သည်။ ထိုအိမ်တွင် နေထိုင်သူ အပေါင်းတို့သည် ကြံရည်လှူဒါန်းခြင်း ပြုလုပ်သင့်သည်။ ရဟန်း သံဃာတော်များကို ကြံရည်ကပ်လှူနိုင်သည်။ ကြံချောင်းကို ကိုးဆစ်ဖြတ်၍ အိမ်တံခါးတွင် ထောင်ထားနိုင်ပါသည်။ ဘုရားတစ်ဆူဆူ၏ တနင်္လာဒေါင့်တွင်လည်း လှူဒါန်းနိုင်ပါသည်။ ကြံပန်းခိုင်တို့ ကြံသကာတို့ လှူဒါန်းနိုင်ပါသည်။ အရှေ့တောင်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများလာဘ်ပွင့်စေရန် အရှေ့တောင်အရပ်ကို မျက်နှာလှည့်သောအိမ်ကို အင်္ဂါဂြိုဟ်မင်းက စိုးမိုးစောင့်ရှောက်ခြင်းကို ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ ဘုရားတွင် စံပယ်ပန်း မကြာခန လှူဒါန်းဆက်ကပ်နိုင်ပါသည်။ ဆပ်သွားဖူးလှူ၍လည်း ရပါသည်။ ဆီးယိုလည်း မကြာခန ဒါနပြုနိုင်ပါသည်။ သံဃာတော်များအား ဆပ်ပြာ အလှူဒါနပြုနိုင်ပါသည်။ ထိုယတြာကိုပြုလုပ်ခြင်းအားဖြင့် ထိုနေအိမ်တွင် နေထိုင်သူများသည် စွမ်းအားကောင်းခြင်း၊ သြဇာတိုးခြင်း၊ စီးပွားတက်ခြင်းများ ဖြစ်နိုင်ပါသည်။ တောင်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန် တောင်အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို ဗုဒ္ဓဟူးဂြိုဟ်မင်း စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ လေတိုက်လျှင် တဖျတ်ဖျတ်လှုပ်သော ကြက်လျှာကို အိမ်ရှေ့တွင်ထိုးပါ။ ဘုရားတင်ပါ။ ရွက်လှညွန့်လှူပါ။ သံဃာတော်များအား ရေ ၊ ယပ် အစရှိသည်တို့ ဒါနပြုကပ်လှူပါ။ အေးချမ်းခြင်း ၊ စီးပွားတက်ခြင်း ရွှေငွေရတနာ ပေါကြွယ်ဝခြင်းများ ဖြစ်မည်။ အနောက်တောင်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများလာဘ်ပွင့်စေရန် အနောက်တောင်အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို စနေဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟုသတ်မှတ်ပါသည်။ အိမ်ဘုရားတွင် ထီးနီတစ်လက်တင်ထားပါ။ သံဃာတော်များကို ထီးဒါနပြုပါ။ နာနတ်ယို လှူဒါန်းဆက်ကပ်ပေးပါ။ ဘုန်းတန်ခိုးကြီးခြင်း၊ လာဘ်ပွင့်ခြင်း၊ စီးပွားတိုးတက်ခြင်းများ ဖြစ်ပေါ်လာမည်။ အနောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများလာဘ်ပွင့်စေရန် အနောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို ကြာသပတေးဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ ပန်းပွင့်များ ဘုရားစင်တွင် မပြတ် လှူဒါန်းဆက်ကပ်ပေးပါ။ ဆီမီး (လျှပ်စစ်မီး၊ ဖယောင်းတိုင်မီး) အလှူဒါနပြုပေးပါ။ ပေါက်ပေါက်ပွင့် ဘုရားတင်ခြင်း ဆွမ်းတော်ကပ်ခြင်း မကြာခနပြုပါ။ သံဃာတော်များကို မုန့်၊ ပဲ၊ မကြာခဏ လှူပေးပါ။ ဘုန်းကံကြီးမားခြင်း ဥစ္စာစီးပွားတိုးတက်ခြင်းများ ရရှိခံစားရမည်။ အနောက်မြောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများ လာဘ်ပွင့်စေရန် အနောက်မြောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို ရာဟုဂြိုဟ်မင်းက စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟု သတ်မှတ်ပါသည်။ အိမ်ရှေ့တွင် ရေအိုးစင် လှူဒါန်းပေးပါ။ အိမ်ရှေ့တွင် မကြာခန ရေဖြန်းပက်ပေးပါ။ ရဲယိုညွန့် ဘုရားလှူပါ။ ရွှေသင်္ကန်း မကြာခဏ ဆက်ကပ်လှူဒါန်းပေးပါ။ ရှောက်ယို ၊ ရှောက်သီးသုပ် ဆက်ကပ်လှူဒါန်ပေးပါ။ သံဃာတော်များကိုလည်း ဆက်ကပ်လှူဒါန်းနိုင်ပါသည်။ စီးပွားဥစ္စာတိုးတက်ခြင်း ၊ ကံဇာတာမြင့်မားခြင်း၊ အလိုပြည့်စုံခြင်းများ ဖြစ်မည်။ မြောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများလာဘ်ပွင့်စေရန် မြောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို သောကြာဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟုသတ်မှတ်ပါသည်။ အိမ်ဘုရားတွင် သစ်သီးမပြတ်တင်ပါ။ သီဟိုဠ်ညွန် ဒါနပြုပါ။ သံဃာတော်များကို သတ်သတ်လွတ်ဟင်းများ မကြာခဏ လောင်းလှူ ပါ။ နေအိမ်တွင် နေထိုင်သူများလည်း မကြာခန သတ်သတ်လွတ်စားပေးပါ။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။ အရှေမြောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များတွင် နေထိုင်သူများလာဘ်ပွင့်စေရန် အရှေ့မြောက်အရပ်ကို မျက်နှာလှည့်သော နေအိမ်များကို တနင်္ဂနွေဂြိုဟ်မင်းမှ စိုးမိုးစောင့်ရှောက်ခြင်း ခံရသော အိမ်ဟုသတ်မှတ်ပါသည်။ အိမ်ရှေ့တွင် အုန်းခွံစာကလေး အိမ် ချိတ်စွဲထားခြင်း၊ အိမ်ဘုရားအား အုန်းသီး ကပ်လှူခြင်း၊ အုန်းဆွမ်း၊ အုန်းနို့ခေါက်ဆွဲ လှူဒါန်းပေးခြင်း သံဃာတော်များအားလည်း ကပ်လှူဒါန်းပေးခြင်း ၊ အောင်အိုးတစ်လုံးတွင် အုန်းညွန့်(၆)ညွန့်ထိုးထား၍ အိမ်ရှေ့တွင် ထားခြင်း ဆောင်ရွက်နိုင်ပါသည်။ ကျက်သရေ တိုးပွားခြင်း၊ ကံဇာတာမြင့်မားခြင်းများ ဖြစ်မည်။ Written By : မင်းခယောကျ်ား Posted By : Wai Phyoe
Photo Credit : chiangma
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ