By Sint Sint, Shweproperty.com
Updated at 25 October 2020
တစ်နေ့သ၌ ကျွနု်ပ်ထံသို့ ဒေါ်လှချောဆိုသူ အသက်ငါးဆယ်ကျော်အရွယ် မိန်းမကြီးတစ်ဦး ရောက်ရှိလာလေ၏။ ၎င်းသည် လွန်စွာ လျှာရှည်လှသောကြောင့် ကျွနု်ပ်က ဒေါ်ဝါယောဟုသာ ခေါ်လေတော့၏။ ကျွနု်ပ်က “ပျောက်လှချေလား ဒေါ်ဝါယောရေဟု မေးလိုက်သောအခါ ဒေါ်ဝါယောကြီးက“ ပျောက်နေရင် စိတ်ချမ်းသာပေတော့ဆရာရေ ၊ ကိုယ့်ဟာကိုယ် အဆင်ပြေလို့ ပျောက်နေတာမှတ်ပါ ၊ အဟဲ အခုလို ပေါ်လာပြီဆိုရင်တော့ တစ်ခုခု အဆင်မပြေလို့လို့သာ မှတ်ပေတော့ ဆရာရေ ဟု ပြန်ပြောလေ၏။ ကျွနု်ပ်လည်း ၎င်းအား မနောမယလက်ဖက်ရည်ဖြင့် ဧည့်ခံရလေ၏။
ထို့နောက် ကျွနု်ပ်က “ဆိုစမ်းပါဦး၊ ဘာတွေများ အဆင်မပြေလို့လဲဟု မေးလိုက်ရာ ဒေါ်ဝါယောကြီးက “အဆင်မပြေတာက ကျွန်မမဟုတ်ဘူး ဆရာရဲ့၊ တူမလေးတစ်ယောက် အဆင်မပြေတာပါ၊ သို့ပေသော်လည်းပဲ အဲဒီတူမလေးက ကျွန်မကို ပေးကမ်းထောက်ပံ့နေတာဆိုတော့ သူအဆင်မပြေခြင်းဟာ ကျွန်မရဲ့အဆင်မပြေခြင်းပဲပေါ့၊ အဲဒီတော့ သူအဆင်ပြေပါမှ ကျွန်မအဆင်ပြေမယ့် ကိစ္စပေါ့ဆရာရယ်ဟု ပြောလေတော့၏။ ကျွနု်ပ်လည်း ခေါင်းကိုကုပ်ရင်း “ရှင်းရှင်းပြောစမ်းပါ ဒေါ်ဝါယောရယ် ”ဟု ပြောလိုက်ရ၏။
ဒေါ်ဝါယောကြီးက နှုတ်ခမ်းကိုမဲ့ရင်း “ဆရာ နားရှုပ်မှာစိုးလို့ကိုပဲ အစကတည်းက မရှင်းရှင်းအောင်ဆိုပြီး ရှုပ်နိုင်တဲ့ကိစ္စကို ရှင်းအောင် တစ်ချက်ခြင်း ရှင်းရှင်းလေး ပြောလိုက်တာလေ ဆရာရဲ့ ဆရာတို့လည်း ခက်ပါတယ်ဟု ပြောပြန်သဖြင့် ဟု ပြောပြန်သဖြင့် ကျွနု်ပ်လည်း “ဟုတ်ပါပြီဗျား၊ ခင်ဗျားတို့ပဲ လွယ်ပါတယ်၊ ကဲ ပြောကြည့်ပါဦး၊ ဘာကိစ္စလဲ ”ဟု ပြောလိုက်ရလေ၏။ ထိုအခါ ဒေါ်ဝါယောကြီးက “အဲဒီကိစ္စက အစတုန်းကတော့ အဆင်ပြေနေတာ ဆရာရဲ့ ၊ ဒီနောက်ပိုင်းကျမှ သိသိသာသာ အဆင်မပြေဖြစ်လာတာ၊ ဘာကိစ္စလဲဆိုတော့ တူမလေးရဲ့ မုန့်ဟင်းခါးဆိုင်ကိစ္စ၊ တူမလေးက သူ့အိမ်ရှေ့မှာပဲ မုန့်ဟင်းခါးဆိုင်လေး တစ်နိုင်တစ်ပိုင်ဖွင့်ပြီးရောင်းတာ၊ တော်တော့်ကို အဆင်ပြေခဲ့တာ၊ သူတို့ရပ်ကွက်ထဲမှာတော့ နာမည်ကိုကြီးသွားတာပဲ၊ တော်တော်ကိုရောင်းရတာ၊ သူ့မုန့်ဟင်းခါးဆိုရင် အဖိုးကြီး အဖွားကြီးတွေကလည်းကြိုက်တယ်၊ ကလေးတွေကလည်း အရမ်းကြိုက်တာ ဆရာရဲ့” ဟု ပြောရာ ကျွနု်ပ်က “ အဲဒီလောက် အဆင်ပြေနေတာများ ကျုပ်စားဖို့လည်း မုန့်ဟင်းခါးလေးထည့်ယူလာခဲ့ပါတော့လားဗျာ ” ဟု ပြောလိုက်လေ၏။
ထိုအခါ ဒေါ်ဝါယောကြီးက “ အဲဒါက ဟိုအရင်တုန်းကပြောတာ ဆရာရဲ့ ၊ အခု အဲဒီလိုမဟုတ်တော့ဘူး၊ အခြေအနေက ပြောင်းပြန်ဖြစ်သွားပြီ” ဟု ပြောသောကြောင့် ကျွနု်ပ်က “ သြော် အဲဒါဆို ကျုပ်ကတောင် လမ်းထိပ်ကနေ မုန့်ဟင်းခါးဝယ်ပြီး ခင်ဗျားကိုပြန်ထည့်ပေးလိုက်မယ့် အပေါက်မျိုး ဖြစ်နေပြီထင်တယ် ” ဟု ပြောလိုက်ရာ ဒေါ်ဝါယောကြီးက ခေါင်းကလေးကို တွင်တွင်ညိတ်ရင်း “ ကောင်းတယ် ကောင်းတယ်၊ ဆရာ့အစီအစဉ်မဆိုးဘူး ”ဟု ပြောလေ၏။
ထို့ကြောင့် ကျွနု်ပ်က “ ကဲပါ ဒေါ်ဝါယောရယ် ခင်ဗျားတူမဆိုင်က ဘာဖြစ်နေလို့လဲ ဆိုတာလေးပဲ လိုရင်းကိုရောက်အောင် ပြောစမ်းပါဗျာ ” ဟု တိုက်တွန်းရလေ၏။ ထိုအခါ ဒေါ်ဝါယောကြီးက -
“ ဒီလို ဆရာရဲ့သူ့ဆိုင်လေးက တော်တော့်ကို ရောင်းကောင်းခဲ့တာ၊ ကျွန်မလည်းစိတ်ချမ်းသာရတာပေါ့လေ၊ ဒီနောက်ပိုင်း သိသိသာသာ ရောင်းအားကျသွားတယ်၊ သူ့ဆိုင်ကိုအားပေးနေကျ ပုံမှန်ဖောက်သည်တွေပါ တဖြည်းဖြည်းပျောက်သွားကြတယ်၊ ကျွန်မသတိထားမိတဲ့အတိုင်းဆိုရင်တော့ သူတို့ဆိုင်နဲ့ မျက်နှာချင်းဆိုင်က အခန်းကို လူအသစ်တွေပြောင်းလာပြီးကတည်းက မှတ်မှတ်ရရ အဲဒီလိုဖြစ်သွားတာပဲ ” ဟု ပြောပြလေ၏။ ထိုအခါ ကျွနု်ပ်က “ အဲဒီပြောင်းလာတဲ့မိသားစုဟာ တော်တော့်ကို ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံး၊ ကြင်ကြင်နာနာရှိကြဟန်တူတယ်ဗျ ” ဟု ပြောလိုက်ရာ ဒေါ်ဝါယောကြီးသည် ရင်ဘတ်ကိုလက်ဖြင့် ဖြတ်ကနဲ ဖိ၏။ မေးစေ့ကို ရှေ့သို့ထိုး၍ နှုတ်ခမ်းကိုမဲ့၏။
ပြီးနောက် “ အောင်မယ်လေးတော် အဲဒီမိသားစုလောက် ရန်သတ်တာ၊ အဲဒီမိသားစုပဲ ရှိမယ်ထင်ပါရဲ့၊ ပြီးကို မပြီးနိုင်တော့ဘူး၊ နှစ်လေးဆယ် စစ်တိုက်ခဲ့ကြတယ်ဆိုတဲ့ ဗမာဘုရင် အင်းဝမင်းခေါင်နဲ့ မွန်ဘုရင် ရာဇဓိရာဇ်တို့ တစ်မိသားစုထဲမှာ ဝင်စားလာကြသလား အောက်မေ့ရတယ်၊ သတ်လိုက်ကြတဲ့ရန်ဆိုတော့ ဆရာရယ် ၊ သံဃာတော်တွေ အရုဏ်ဆွမ်းခံ မကြွခင်ကနေ ညကာလသားတွေ အိမ်ပြန်ရောက်တဲ့အထိ သူတို့အိမ်မှာက ပတ်လည်လှည့်ပြီး ရန်သတ်နေကြတာ ဆရာရေ ” ဟု မဲ့ကာရွဲ့ ကာနှင့် ပြောနေသောကြောင့် ကျွနု်ပ်လည်း တခစ်ခစ်နှင့် ရယ်နေမိလေတော့၏။ ထို့နောက်တွင်မှ “ ဒီလိုရှိတယ် ဒေါ်ဝါယောရဲ့ ၊ ကိုယ့်အိမ်တို့ ၊ ဆိုင်တို့ရဲ့ ခေါင်းရင်းဘက်တွေ၊ ရှေ့မျက်နှာစာတွေ ဆိုတာဟာ ကိုယ့်ရဲ့ မင်္ဂလာယူရာ အရပ်တွေဗျ၊ အဲဒီဘက်တွေကနေ ဘုရားသံ၊ တရားသံတို့ ၊ ကြည်နူးချမ်းမြေ့စရာတို့ မြင်လေလေ၊ ကြားလေလေ၊ ကြုံလေလေ ကိုယ်အိမ်၊ ကိုယ့်ဆိုင်မှာလည်း နိမိတ်ကောင်းပြီး လာဘ်ရွှင်စီးပွားတက်လေ ဖြစ်တတ်တယ်ဗျ။
အဲဒီလိုမဟုတ်ဘဲ အဲဒါနဲ့ပြောင်းပြန် ရှေ့မျက်နှာစာတို့၊ ခေါင်းရင်းဘက်တို့ကနေ ဆဲကြ၊ ဆိုကြ၊ သတ်ကြ၊ ပုတ်ကြ၊ ငိုကြ၊ ယိုကြ မကောင်းတာတွေ မြင်ရ၊ ကြားရ၊ ကြုံရမယ်ဆိုရင်တော့၊ သူတို့ဆီက မကောင်းခြင်းတွေဟာ ကိုယ့်အတွက်ပါ မကောင်းနိမိတ်အဖြစ် လာပြီးသက်ရောက်တတ်တယ်ဗျို့၊ ဟိုဘက်က ရန်သတ်လေလေ၊ ဒီဘက်ကလည်း နေရင်းထိုင်ရင်း လာဘ်ပိတ်လေလေတွေ ဖြစ်ကုန်တတ်တယ်”ဟု ပြောလိုက်ရာ ဒေါ်ဝါယောကြီးက အလျင်စလိုဖြင့် -
“ဟုတ်တယ်ဆရာရေ့ ဟုတ်တယ်၊ ဟုတ်တယ်၊ ကျွန်မက သေသေချာချာကို သတိထားမိနေတာ၊ ဟိုတလောလေးတုန်းက အဲဒီမိသားစု တစ်စုလုံး ခရီးထွက်သွားကြတာ လေးရက်လောက် ပျောက်သွားကြတယ်၊ အဲဒီလေးရက်လောက်မှာ လူပါးနေတဲ့ တူမလေးရဲ့ ဆိုင်ဟာလေ ကြိတ်ကြိတ်တိုး လူတွေပြန်ပြည့်သွားတယ် ဆရာရဲ့ ၊ သူတို့တွေလည်းပြန်ရောက်လာရော ကျွန်မတူမရဲ့ ဆိုင်ကလေးလည်း အရင်းပြုတ်ရော ဖြစ်တော့တာပါပဲ ဆရာရဲ့ ၊ အဲဒီတော့ ဘယ်လိုလုပ်ရမှာလဲ၊ အဲဒီမိသားစု အမြဲတမ်းခရီးထွက်နေအောင် ဆရာ့အနေနဲ့ ဓါတ်ရိုက်ဓါတ်ဆင်လေးလုပ်ပေးပါလားဟု ပူဆာလေတော့၏။
ကျွနု်ပ်က ရယ်၍“ အောင်မယ်လေး ဒေါ်ဝါယောရယ် ၊ သူများမိသားစုကိစ္စက ခင်ဗျားနဲ့ဘာဆိုင်လို့လဲ၊ ကိုယ့်တူမဆိုင် အဆင်ပြေရေးကိုပဲ ခင်ဗျားက လုပ်ရမှာလေ၊ ဒီလိုလုပ်ဗျာ ၊ ဟိုဘက်က ဆဲသံ၊ ဆိုသံ၊ ရန်ဖြစ်သံကြားလေလေ ကိုယ့်ဘက်ကလည်း ဘုရားတရားကြည်ညိုခြင်းကို ပိုပြီး လုပ်လေလေ ဆိုတာမျိုးဖြစ်အောင် ကြိုးစားပါ၊ ပြီးတော့ ခေါင်းရင်းတို့၊ မျက်နှာချင်းဆိုင်တို့ကနေ ဆဲသံ၊ ငိုသံ၊ ရန်ဖြစ်သံလိုဟာမျိုး ကြားလိုက်ပြီဆိုတာနဲ့ ကိုယ့်ဆိုင်တို့ ၊ အိမ်တို့ရဲ့ နောက်ဖေးဘက်မှာရှိတဲ့ အိမ်သာတံခါးတို့ ၊ မီးဖိုချောင်တံခါးတို့ စသည်ဖြင့် နောက်ဖေးဘက်မှာ ဆူဆူညံညံအသံထွက်သွားအောင် ခြေထောက်နဲ့ ကန်ကျောက်လိုက်တာမျိုး လုပ်လိုက်ပါ၊ အဲဒါဆိုရင် ကိုယ့်အတွက် လာပြီးခိုက်စေမယ့် နိမိတ်ဆိုးဟာ နိမိတ်ကောင်းအဖြစ် ပြောင်းသွားပြီး ဟိုဘက်က မကောင်းတဲ့ အသံဗလံတွေ ထွက်လေလေ ကိုယ့်ဆီမှာ လာဘ်ပွင့်လေလေ ဖြစ်လာပါလိမ့်မယ်တဲ့ဗျား”ဟု ပြောပြလိုက်ရလေ၏။
ဒေါ်ဝါယောကြီးက“ အဲဒါလောက်လေးနဲ့ အဆင်ပြေပါ့မလား ဆရာရယ်” ဟု မယုံမရဲလေသံကလေးဖြင့် မေးလေ၏။ ထို့ကြောင့် ကျွနု်ပ်က “အဆင်ပြေတဲ့အပြင် ဟိုဘက်ကိုတောင် လွန်သွားပါလိမ့်ဦးမယ် ဒေါ်ဝါယောရေ ၊ အဲဒီလို အဆင်ပြေတဲ့အကြောင်း သက်သေပြတဲ့အနေနဲ့ နောက်တစ်ပတ် ဆယ်ရက်ကြာတဲ့အခါ ခင်ဗျားတူမဆိုင်က မုန့်ဟင်းခါးလေး ပါဆယ်နှစ်ထုပ်လောက်ဆွဲလာပြီး ဝမ်းသာအားရ လာပြောလှည့်ပေတော့ဗျို့” ဟု ပြောလိုက်ရလေတော့သတည်း။
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဗဟုသုတများ
အိမ်ငှားထားမယ်၊ အိမ်ငှားနေမယ်ဆိုရင် ဒါလေးတွေ မဖြစ်မနေသိထားပါ
အိမ်ခြံမြေ ဝယ်ယူလိုသူများ သတိပြုစရာ ၁၀ ပေ X ပေ ၆၀ မြေကွက်ကို ဝယ်မည်ဆိုလျှင်
အိမ်ဆောက်၊ ကျောင်းဆောက်ရာတွင် မသုံးအပ်သော သစ်အမျိုးအစားများ
လှေဦးတိုက် လှည်းဦးတိုက်အိမ် နို့ညှပ်အိမ်တွေ မကြောက်ကြနဲ့
Ref By: mm-homedecor
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ