By Social News, Shweproperty.com
Updated at 15 December 2017
သည်မေးခွန်းကိုသင်တို့ဘဝမှာအမေးခံရဖူးပါသလား..။ ဒါမှမမဟုတ် ကိုယ့်ကိုကိုယ်ရောပြန်မေးဖူးပါသလား..။ နေ့စဉ်နဲ့အမျှရုန်းကန်းလှုပ်ရှားပြီး ပြိုင်ဆိုင်နေရတဲ့ဘဝမှာ အိမ်တစ်လုံးရဲ့အခန်းကဏ္ဍကို ကျွန်တော်တို့တတွေ အချိန်ပေးပြီး စဉ်းစားမိဖူးလား။
ကျွန်တော်တို့တတွေဟာ မိုးလင်းတာနဲ့အလုပ်ခွင်အတွက်၊ကျောင်းအတွက် စတင်ပြင်ဆင်ရပါပြီ။ တစ်နေကုန် ရုန်းကန်လှုပ်ရှားပြီး နေဝင်မိုးချုပ်တော့မှဘဲ အိမ်ပြန်ရောက်ပါတယ်။ ရေမိုးချိုး၊ ညစာစား၊ တီဗွီကြည့်၊ စာကျက်၊ တချို့လဲအပြင်သွား၊ ပြီးရင်အိပ်ယာဝင်၊ နောက်တစ်နေ့ရောက်ပြန်တော့ သိပ်မထူးခြားတဲ့နေ့တွေကိုဘဲ တစ်ကျော့ပြန်ရ၊ ပိတ်ရက်ကျတော့လဲ သင်တန်းတက်၊ ကျူရှင်တက်၊ ခရီးထွက်၊ အလှူမင်္ဂလာပွဲတက်၊ မိုးချုပ်ပြီး မိုးလင်းရက်ဆက် ဒီလိုနဲ့ဘဲနောက်တစ်ပါတ်ကူးပြန်ပါရောလား။
အိမ်ရဲ့တန်ဖိုးကိုတွေးမိတတ်တဲ့အချိန်တွေကတော့ အိမ်ငှားတွေအတွက်ဆိုရင် အိမ်စာချုပ်သက်တမ်းပြည့်ခါနီး အချိန်နဲ့ အိမ်ပိုင်တွေအတွက်ဆိုရင်တော့ အိမ်ပြင်ဖို့လိုအပ်တဲ့အချိန်တွေဘဲဖြစ်ပါတယ်။ ပထမတစ်ချက်ကတော့ ရန်ကုန်မှာလာအခြေချတဲ့ နယ်ကလူတွေအဖို့ ပိုသိသာပါတယ်။ တစ်နှစ်တစ်ခါ၊ တချို့ဆိုနှစ်ခါ အိမ်စာချုပ်ချုပ်ဖို့ ပြင်ဆင်ရ၊ အိမ်ပြောင်းရွှေ့ဖို့လုပ်ရတာဟာ ကိုယ်တိုင်ကြုံဖူးသူတွေသာအသိဆုံးပါ။
စားဝတ်နေရေးသုံးမျိုးထဲက ယနေ့ခေတ်မှာတော့ နေရေးထိုင်ရေးဟာ အဓိကအကျဆုံးပြဿနာဖြစ်နေပါပြီ။ နိုင်ငံခြားသွားအလုပ်လုပ်တဲ့ သူတွေဆိုပိုနားလည်ပါတယ်။ ကိုယ်ကအလုပ်သမားအနေနဲ့ သွားရတဲ့သူတွေ မဆိုထားနဲ့.. မြန်မာနိုင်ငံကိုလာတဲ့ကုမ္ပဏီတွေ၊ ရာထူးအမြင့်စားတွေနဲ့လာတဲ့နိုင်ငံခြားသားတွေ၊ နိုင်ငံခြားသံရုံး ကသံတမန်တွေတောင် ပိုက်ဆံတတ်နိုင်ပေမယ့် လိုချင်တဲ့အနေအထားမရလို့ စိတ်ညစ်ရတာတွေ၊ အဆင်ပြေ တဲ့အိမ်တစ်လုံးတွေ့ဖို့ တစ်နေကုန်နေပူကျဲထဲ လျှောက်သွားရတာတွေ မနည်းပါဘူး။ ဒါဖြင့်ရင် သူများနိုင်ငံမှာ အခြေခံလုပ်သားအဖြစ် သွားတဲ့သူတွေဆို ဘယ်လိုနေမလဲ.. ကိုယ်ချင်းစာကြည့်ဖို့မလွယ်ပါဘူး..။
အိမ်တစ်လုံးရဲ့အဓိပ္ပာယ်ဟာ နေထိုင်ရုံသက်သက်ထက်အများကြီးပိုပါတယ်။ အိမ်ဆိုတာနွေးထွေးမှု၊ အေးမြမှု၊ ပျော်ရွှင်မှု၊ ကြည်နူးမှုတို့စုပေါင်းတဲ့နေရာပါ။ အချိန်တန်ရင် အိမ်ပြန်ဖို့တင်မဟုတ်ပါဘူး။ အိမ်ပြန်ချင်စိတ်ဖြစ်ပေါ် မှသာ အိမ်အဓိပ္ပာယ်ပြည့်စုံပါမယ်။ အိမ်မှာနေတဲ့မိသားစုအချင်းချင်း အပြန်အလှန်လေးစားချစ်ခင်ရပါမယ်။ အိမ်ကြီးရခိုင်နဲ့နေပြီး တစ်အိမ်တည်းနေတဲ့သူတွေက ရန်ဖြစ်နေတော့ရော နေချင်စရာကောင်းပါ့မလား။
ဘေးပတ်ဝန်းကျင်နဲ့ သင့်တင့်ရပါမယ်။ အိမ်နီးချင်းများနဲ့ ရင်းနှီးချစ်ခင်ရှိသင့်ပါတယ်။ မိမိအိမ်တစ်လုံးတည်း ကောင်းမွန်နေပြီး ပတ်ဝန်းကျင်ကစုတ်ပြတ်နုံချာ နေရင်လည်း အကျည်းတန်တာမို့ မိမိအိမ်အတွက်သာမက ပတ်ဝန်းကျင်ကောင်းကျိုးအတွက်လည်း တတ်နိုင်သမျှ လုပ်ဆောင်ပေးသင့်ပါတယ်။
နာမည်ကျော်စာရေးဆရာကြီးသော်တာဆွေက အိမ်နဲ့ပက်သက်လို့သူ့အတွေ့အကြုံကို ကျွန်တော့ဘဝဇာတ်ကြောင်း ဆိုတဲ့အတ္ထုပ္ပတ္တိစာအုပ်ထဲမှာ ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ပထမဆုံးအိမ်ထောင်က အဆင်မပြေပါဘူး။ ယောက္ခမနဲ့ရန်ဖြစ်နေတဲ့အချိန်ကများပြီး တစ်လမှာလတစ်ဝက်လောက်က မိတ်ဆွေတွေ အိမ်မှာသာ ဆင်းနေပါတယ်။ မိန်းမနဲ့ကလေးတွေကိုထားခဲ့ပြီး ကြုံတဲ့မိတ်ဆွေအိမ်မှာနေ၊ ပိုက်ဆံရရင်အိမ်ပြန်၊ လကုန်ရင်ပြန်ဆင်းလိုက်၊ မိတ်ဆွေတွေနဲ့ပျော်ပါးလိုက်၊ စိတ်ညစ်ရင် ဟာသဝတ္ထုတွေရေးလိုက်နဲ့ ဘဝရဲ့ဓိပ္ပာယ် ပျောက်ဆုံးနေခဲ့ပါတယ်။ သူ့ရဲ့တတိယအိမ်ထောင်ကျမှသာ တည်ငြိမ်တဲ့မိသားစုဘဝကိုပိုင်ဆိုင်နိုင်ခဲ့ပြီး အိမ်ရဲ့ အရသာကို သိရှိခဲ့ရတယ်လို့ဆိုပါတယ်။
ကျွန်တော်တို့တတွေလည်း ဒီလိုပါဘဲ။ အမှောင်မရှိဘဲအလင်းရဲ့အသုံးဝင်မှုကို မသိနိုင်ပါဘူး။ ဘဝရဲ့ခါးသီးမှု၊ စိတ်ညစ်စရာတွေကြုံရချိန်မှာ တန်ဖိုးရှိတဲ့ခိုနားရာ အိမ်လေးတစ်လုံးအသင့်ရှိနေဖို့ အခုကတည်းကစတင် တည်ဆောက် နေထိုင်ကြပါစို့။
Ref : Social News
Photo Credit : Google
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ