By Zaygwet, Shweproperty.com
Updated at 1 February 2018
တစ်နေ့က စာရေးသူ၏ ရုံးခန်းသို့ မိတ်ဆွေတစ်ဦး ရောက်လာပါသည်။
''အပေါင်ခံထားတဲ့ မြေနဲ့ အိမ်ကိုဝယ်ရင် ဘာပြဿနာ အခက်အခဲ ရှိနိုင်ပါသလဲ''ဟု ဆွေးနွေးပါသည်။
''သူငယ်ချင်းက အပေါင်ခံထားတဲ့ အိမ်ကို ဝယ်ဖို့ စိတ်ကူးထားလို့လား''
''အိမ်ဈေးက သင့်တယ် ထင်တာနဲ့ ဝယ်မလားလို့ သူငယ်ချင်းကို လာတိုင်ပင်တာ''
''ပစ္စည်းပေါင်တယ်ဆိုတာ (၂)မျိုးရှိတယ်၊ အခုလက်ရှိ အခြေအနေက ဘယ်လိုအခြေအနေလဲ၊ အပြင်ပုဂ္ဂိုလ်ထံ ပေါင်တာလား၊ ဘဏ်မှာပေါင်တာလား''
''ဒါတော့ သေချာမသိသေးဘူး၊ အပြင်က လူတစ်ယောက်ထံ ပေါင်တာထင်တာပဲ၊ ငွေချေတာနဲ့ ပေါင်ထားတဲ့ ဂရန် စာချုပ်ကို ရွေးပြီး ပေးမယ်ပြောတာပဲ''
''ပစ္စည်းနဲ့ ဆိုင်တဲ့ အပေါင်ခံတာမျိုးမှာ ပစ္စည်းကို လက်ရောက်မယူဘဲ သက်ဆိုင်ရာ စာရွက်စာတမ်းတွေကို အပေါင်ပစ္စည်းအဖြစ် လက်ခံရယူပြီး အပေါင်ခံတာရှိတယ်။ နောက်တစ်မျိုးက သက်ဆိုင်ရာ စာရွက်စာတမ်းအပြင် ပစ္စည်းလက်ရောက် ပေါင်နှံခြင်းဆိုတဲ့ ပစ္စည်းကို လက်ရောက်ရယူ အပေါင်ခံတာမျိုးလည်း ရှိတယ်''
''ရောင်းမယ့်သူပြောစကားအရတော့ မြေဂရန် စာချုပ် ကိုပဲ အပေါင်ပေးထားတယ်ထင်တယ်''
''ဒါဆိုရင် ရောင်းမယ်ဆိုတဲ့၊ မြေနဲ့ အိမ်မှာ ဘယ်သူတွေနေသလဲ၊ ပိုင်ရှင်တွေ ကိုယ်တိုင်နေထိုင်ကြတာလား''
''ပိုင်ရှင်ကိုယ်တိုင်တော့ မနေဘူးထင်တယ်၊ အခုရောင်းမယ် ဆိုတဲ့ သူနဲ့ ဆွေမျိုးတစ်ဦးဦး နေတယ်ထင်တယ်''
''ရောင်းမယ်ဆိုတဲ့ အဆောက်အအုံမှာ ဘယ်သူနေသလဲ ဆိုတာတော့ စုံစမ်းရလိမ့်မယ်၊ ဒါက အလွန်အရေးကြီးတယ်''
''ပိုင်ရှင်က သူတာဝန်ယူတယ်လို့ ပြောတာပဲ''
''ဒါကတော့ မှန်တယ်လေ၊ အရောင်းအဝယ် ကတိစာချုပ်ထဲမှာလည်း ရောင်းသူက အခန်းလွတ်အဖြစ် အပ်ဖို့တာဝန်ယူကြောင်း ထည့်ချုပ်ကြတယ်။ အဆောက်အအုံ မအပ်သေးလို့ ရောင်းဖို့ ငွေချန်ထားတာလည်း ရှိတတ်ကြပါတယ်။ ချက်ချင်းဆင်းမပေးလို့ တရားစွဲ နှင်ရတာတွေလည်း ရှိတတ်တယ်''
''ဘဏ်မှာ ပေါင်ထားတာတွေလည်း ရှိတယ်လို့ ကြားဖူးတယ်''
''ဟုတ်တယ်၊ အချို့ကလည်း အတိုးနှုန်း သက်သာလို့ ဘဏ်တွေမှာ ပေါင်တာလည်း ရှိတယ်''
''ဘဏ်တွေမှာလည်း ပစ္စည်းလက်ရောက် အပ်နှံပေါင်တာတွေ ရှိသလား''
"ရှိပါတယ်။ တစ်ခုရှိတာက နိုင်ငံတော်ဘဏ်တွေမှာ ပေါင်ရင်တော့ နိုင်ငံတော်က ခေတ္တသိမ်းယူထားတဲ့သဘော သက်ရောက်တယ်၊ ပစ္စည်းအပေါင်ခံရာမှာလည်း ကာလသတ်မှတ်ပြီး အပေါင်ခံလေ့ရှိတယ်''
''အချိန်ကာလ သတ်မှတ်ပြီး အပေါင်ခံမယ်ဆိုရင် ပစ္စည်းအပေါင်ခံသူက အပေါင်ခံပစ္စည်းကို သုံးစွဲပိုင်ခွင့် ရှိသွားသလား''
''အပေါင်ပစ္စည်းကို မပျက်စီး၊ မယိုယွင်းအောင်တော့ ထိန်းသိမ်းဖို့ တာဝန်ရှိတယ်။ အချို့ကလည်း အပေါင်ခံတဲ့ တိုက်ခန်း၊ အဆောက်အအုံတွေကို အခန်းလွတ်အတိုင်း သော့ပိတ်လက်ခံထားတာ ရှိတယ်။ အချို့ကလည်း အိမ်ငှားထားတာ၊ ဆွေမျိုးတစ်ဦးဦးကို အခမဲ့ ခွင့်ပြုချက်နဲ့ ထားတာတွေ ရှိတယ်''
''အပေါင်ရွေးတဲ့နှစ် စေ့ရင် အဆောက်အအုံမှာနေတဲ့သူတွေကို အပေါင်ခံသူကပဲ တာဝန်ယူ ရှင်းပေးရမှာပေါ့''
''မှန်ပါတယ်။ အဆောက်အအုံမှာ နေသူတွေကို ဖယ်ရှားပေးပြီး၊ ပေါင်နှံစဉ်က ပစ္စည်းအခြေအနေအတိုင်း ပြန်လည်အပ်နှံရမှာ ဖြစ်တယ်။ အခန်း၊ အဆောက်အအုံကို သော့ပိတ်ထားလို့ သဘာဝအားဖြင့် ယိုယွင်းပျက်စီးမယ်၊ သဘာဝဘေးဒဏ် တစ်ခုခုကြောင့် ယိုယွင်းပျက်စီးမယ်ဆိုရင်တော့ အပေါင်ခံသူအပေါ်မှာ တာဝန်ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အိမ်ငှား တင်ထားလို့ဖြစ်စေ၊ ခွင့်ပြုချက်နဲ့ ထားလို့ဖြစ်စေ၊ အဆောက်အအုံ၊ တိုက်ခန်း ပျက်စီးမှုရှိခဲ့ရင်တော့ အပေါင်ခံသူက တာဝန်ယူ ဖြေရှင်းပေးရမှာ ဖြစ်တယ်။ လိုအပ်ရင် နစ်နာကြေးပေးရမှာဖြစ်တယ်''
''ဒါဆိုရင်တော့ အတော်စဉ်းစားရမယ့် ကိစ္စပဲ''
''ဟုတ်တယ်၊ အိမ်ငှားထားလို့ နှင်ပေးရတဲ့ စီရင်ထုံးတစ်ခု ရှိတယ်''
စာရေးသူက မိတ်ဆွေအား စာအုပ်ဘီဒိုထဲမှ စီရင်ထုံးစာအုပ်ကို ထုတ်ပြီး ဖတ်ပြလိုက်မိပါသည်။
ဦးသန်းအောင်နှင့် မန်နေဂျာ(မြန်မာ့စီးပွားရေးဘဏ်ခွဲ ၅) ပါ ၂ ဦး၊ ၁၉၉၁ ခုနှစ် မြန်မာနိုင်ငံတရားစီရင်ထုံး၊ စာမျက်နှာ ၁၈၇ အမှုမှာ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ယခင် စိန်မောင်ကုမ္ပဏီ ပိုင်၊ သိုလှောင်ရုံ အဆောက်အအုံကို ယခင်ပြည်သူ့ဘဏ်အမှတ် ၁၂ သို့ ပေါင်နှံထားစဉ် ဘဏ်မန်နေဂျာက ၂၁-၇-၆၄ နေ့စွဲပါ ငှားရမ်းသည့် သဘောတူစာချုပ်အရ စဘော်ငွေ ၁ ထောင်ကျပ် တစ်လလျှင် ငှားရမ်းခငွေ ၁ ရာကျပ် နှုန်းဖြင့်၊ ဦးသန်းအောင်အား အငှားချထားခဲ့သည်။ ပြည်သူ့ဘဏ် အမှတ် ၁၂ ကို မြန်မာ့စီးပွားရေးဘဏ်ခွဲ ၅ က ဆက်ခံပြီး စိန်မောင်ကုမ္ပဏီအား ဒေါ်စိန်စိန်က ဆက်ခံသည်။
၁၉၈၅ ခုနှစ်တွင် အပေါင်ငွေများ အပြေအကြေပေးဆပ်ပြီးနောက် အထက်ပါ သိုလှောင်ရုံကို ပေါင်နှံသူ ဒေါ်စိန်စိန်သို့ ပြန်လည်အပ်နှံရန်အတွက် မြန်မာ့စီးပွားရေးဘဏ်ခွဲ ၅ မှ ဦးသန်းအောင် အပေါ် ၁၉၅၅ ခုနှစ် အစိုးရအိမ် ဥပစာ(နှင်ထုတ်ခြင်း) အက်ဥပဒေအရ၊ ဖယ်ရှားပေးရန် ဆောင်ရွက်ခဲ့သည်။
ဦးသန်းအောင်က အစိုးရ အိမ်ဥပစာမဟုတ်၍ အစိုးရ အိမ်ဥပစာနှင်ထုတ်ရေး ဥပဒေသည် မိမိနှင့် မသက်ဆိုင်ကြောင်း မြွက်ဟကြေညာပေးရန်နှင့် ယင်းဥပဒေအရ ဆက်လက်ဆောင်ရွက်ခြင်းကို မပြုလုပ်ရန် အမြဲတမ်း တားမြစ်ဝရမ်းထုတ်ဆင့်ပေးရန် မြန်မာ့စီးပွားရေးဘဏ်ခွဲ ၅ နှင့် ဒေါ်စိန်စိန်အပေါ် ရန်ကုန်တိုင်းတရားရုံး၌ တရားစွဲဆိုခဲ့သည်။ တိုင်းတရားရုံးတော်က ဦးသန်းအောင်၏ အမှုကို ပလပ်ခဲ့သဖြင့် ဦးသန်းအောင်မှ တရားရုံးချုပ်သို့ အယူခံဝင်လာသောအမှု ဖြစ်သည်။
တရားရုံးချုပ်က သုံးသပ် ဆုံးဖြတ်သည်မှာ ၁၉၅၇ ခုနှစ် အ စိုးရအိမ် ဥပစာနှင်ထုတ်ခြင်း (ပြင်ဆင်ချက်) ဥပဒေ ပုဒ်မ ၂ (ခ)တွင် အစိုးရ အိမ်ဥပစာဆိုသည်မှာ ''အခြားတည်ဆဲတရားဥပဒေအရ နိုင်ငံတော်အစိုးရက ဖွဲ့စည်းတည်ထောင်သည့် အဖွဲ့က (သို့တည်းမဟုတ်) ကော်ပိုရေးရှင်းက ဖြစ်စေ၊ ပိုင်ဆိုင်သော (သို့တည်းမဟုတ်) ငှားရမ်းထားသော (သို့တည်းမဟုတ်) ခေတ္တသိမ်းယူထားသော အိမ်ဥပစာကို ဆိုလိုသည်'' ဟု ပြဋ္ဌာန်းထားသည်။
သို့ဖြစ်၍ ဘဏ်၌အပေါင်ခံထားသော ပစ္စည်းသည် အစိုးရ အိမ်ဥပစာဖြစ်သည်ဟု ဆိုရမည်။ ပေါင်နှံသူ ဒေါ်စိန်စိန်က ဘဏ်ကြွေးငွေ ကို ပေးဆပ်ပြီးသော်လည်း အချင်းဖြစ် ဥပစာမှာ ဒေါ်စိန်စိန်၏ လက်ဝယ်မရောက်ရှိသေး၍ အပေါင်ခံသူ ဘဏ်အနေဖြင့် ပေါင်နှံသူ လက်ဝယ်သို့ အချင်းဖြစ်ပစ္စည်းကို လက်ရောက်ပေးအပ်ရန် တာဝန်ရှိသည်။ ထို့ကြောင့် ဘဏ်အနေဖြင့် ယင်းသို့ တာဝန်ရှိသည့် အားလျော်စွာ အိမ်ငှားချထားသူကို အစိုးရအိမ် ဥပစာနှင်ထုတ်ခြင်း ဥပဒေအရ ဆောင်ရွက်ခြင်းသည် မှားယွင်းမှု မရှိသဖြင့် ဦးသိန်းအောင်၏ အယူခံလွှာကို ပလပ်ခဲ့သည်။
''ဒါကြောင့် အပေါင်ထားတဲ့ အိမ်၊ မြေကို ဝယ်မယ်ဆိုရင် ရောင်းမယ့် အိမ်၊ မြေမှာ ပိုင်ရှင်ကိုယ်တိုင် နေ/မနေ၊ အခြားသူများအား ငှားထားခြင်း ရှိ/မရှိ။ မည်သို့ သက်ဆိုင်သူက နေထိုင်သည် ဆိုတာကို သေချာစုံစမ်းပြီးမှ ဝယ်သင့်တယ် သူငယ်ချင်း''ဟု ရှင်းပြပေးလိုက်ပါသည်။
Ref : Zaygwet
Photo Credit : Social
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ