By Aye Mon, Shweproperty.com
Updated at 9 July 2018
စရန်ငွေသွားပေးပေမဲ့ ပိုင်ရှင်တွေက အိမ်မှာမရှိဘဲ သော့ခတ်ထားတာကြောင့် ဦးမောင်မောင်အေးတစ်ယောက် ဘယ်လိုလုပ်ရမလဲမသိ ဖြစ်နေတယ်။ သည်နေ့ ငွေပေးဖို့ စရန်စာချုပ်ထဲမှာ ထည့်ထားပြီးသားဖြစ်တာကြောင့် နောက်နေ့ကူးရင် သူပေးထားတဲ့ ငွေတွေဆုံးမှာပါ။ ထူပူပြီး သူငယ်ချင်းတွေကို ဖုန်းဆက်ပြီးတိုင်ပင်တော့ ရပ်ကွက်ရုံးမှာ ကိုယ်ငွေလာပေးတာကို သက်သေအဖြစ် လက်ခံပြီး လက်မှတ်ယူခိုင်းတာကြောင့် သူလုပ်ဆောင်ခဲ့လိုက်တယ်။
သုံးရက်လောက်ကြာတော့မှ အဆက်အသွယ်လုပ်လို့မရတဲ့ ပိုင်ရှင်နဲ့ အဆက်အသွယ်ပြန်ရခဲ့တယ်ယ်။ ပိုင်ရှင်က ရက်ကျော်သွားလို့ မရတော့သလို ပြောတယ်။ ဦးမောင်မောင်အေးက သတ်မှတ်ထားတဲ့ရက်မှာ သူလာပေးတာကို ရပ်ကွက်ရုံးမှာ သက်သေလည်းရှိတယ်။ ခင်ဗျားတို့ဘက်က ပျက်ကွက်တာလို့ ပြန်ပြောမှ အဆင်ပြေသွားတယ်။
သည်လိုမျိုးစရန်ငွေယူပြီး ပျက်ကွက်တာမျိုးဖြစ်အောင် ရောင်းတဲ့သူတွေက လက်တလုံးခြား လိမ်လည်တာတွေရှိပါတယ်။ သိန်းတစ်ထောင်နဲ့အထက် တန်ဖိုးရှိတဲ့တိုက်ခန်း၊ လုံးချင်းအိမ်၊ မြေကွက်အရောင်းအဝယ်တွေမှာ အဖြစ်များပါတယ်။ စရန်ငွေရရှိတဲ့ ပမာဏကလဲများတာကြောင့်ပါ။
မသိနားမလည်ဘဲ အရောင်းအဝယ် ပြုလုပ်ကြတဲ့ အကျိုးဆောင်နဲ့ ဝယ်သူတွေအပေါ် လိမ်လည်တာမျိုးတွေ ဈေးကွက်မှာထဲမှာ ရှိနေပါတယ်။ တချို့အကျိုးဆောင်တွေက အကျိုးဆောင်ပေးရင်း စိုက်လျော်ပေးရတာတွေ ရှိနေတယ်လို့ အကျိုးဆောင်လောကမှ သိရပါတယ်။
ဝယ်ရောင်းအကျိုးဆောင် ဦးဝင်းနိုင်က "အသိမိတ်ဆွေ အမျိုးသမီးတစ်ယောက်ဆို ဝယ်ရောင်းလောကထဲ ဝင်လာတာမကြာသေးဘူး၊ သူဆိုင်ပေးတဲ့ပွဲမှာ တန်ဖိုးကလဲ သိန်းသုံးထောင်တန် အကွက်ဆိုတော့ အကျိုးဆောင်ခလည်း ရမှာများတယ်၊ ဒါနဲ့ သူကအကျိုးဆောင်ပေးပြီး စ၇န်ငွေပါ ချကြတာပေါ့၊ နောက်ငွေချေမယ့်နေ့ ရောက်ခါနီးမှ ပိုင်ရှင်က ပြည်ပခရီးသွားစရာရှိတယ်၊ ပြန်လာမှ ဆက်ပြီးလုပ်ကြတာပေါ့လို့ သူ့ကိုပြောတယ်၊ သူကလဲ လွယ်လွယ်ပဲယုံပြီး ဝယ်သူဘက်ကို အကြောင်းပြန်တာပေါ့" ".......နှစ်ပတ်အကြာ ပြန်ရောက်လာပြီး အရောင်းအဝယ် ပျက်သွားပြီဖြစ်ကြောင်း သူ့ကိုပြောတယ်၊ သူက ကြားထဲကနေ ဖြေရှင်းပေးပေမဲ့ ပိုင်ရှင်ဘက်က ပျက်ကွက်တာကို သက်သေမယူထားမိတော့ ဝယ်သူကနစ်နာသွားရော၊ သူ့မှာ ကြားထဲက တစ်ဝက်ကိုလျော်လိုက်ရတယ်၊ ဒါတောင် အလိုက်ကောင်းလို့၊ မဟုတ်ရင် သိန်း (၁၀၀၀) လုံးလျော်ရမှာ" လို့ ဖြစ်ခဲ့ဖူးတဲ့ အဖြစ်အပျက်ကို ပြောပြပါတယ်။
Written By : Aye Mon
Photo Credit : gracesofar
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ