By Sint Sint, Shweproperty.com
Updated at 26 March 2020
အတုနှင့် အလိမ်အညာတွေ ပေါများလှတဲ့ ဒီနေ့လို ခေတ်မျိုးမှာ ရောင်းမှား/ ဝယ်မှားမဖြစ်ပေါ်စေဖို့ မြေအမျိုးအစားအလိုက် စစ်ဆေးရမယ့် စာရွက် စာတမ်းတွေကို သိရှိထားသင့်ပါတယ်။
ဘယ်လောက်ပဲ ယုံကြည်ရတယ် ဆိုပေမယ့် ဝယ်ယူတော့မယ်ဆိုရင်တော့ အမျိုးအစားအလိုက် ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်း အပြည့်အစုံကို မဖြစ်မနေ တိုက်ဆိုင်စစ်ဆေးသင့်ပါတယ်။ ယနေ့ တရားရုံးရှေ့မှာ ဖြစ်နေတဲ့အမှုသည်အကုန်လုံးက ဒီလိုဖြစ်မယ်မှန်းမသိလို့ လုပ်လိုက်မိတာ ဆိုတဲ့ အသံပဲထွက်ပါတယ်။ ဟုတ်ပါတယ် ဖြစ်လိုက်တဲ့အမှုတိုင်းမှာ ဖြစ်မယ်လို့မထင်လို့ချည်းပါပဲ။ ဖြစ်မယ်မှန်းအစကသိရင် အမှုလည်း ဖြစ်လာစရာ အကြောင်းမရှိတော့ပါဘူး။
တိုက်ခန်းဝယ်မယ်ဆိုရင်
အများအားဖြင့် တိုက်ခန်းရောင်းသူတွေက ပိုင်ဆိုင်မှုစာရွက်စာတမ်းပြပါဆိုရင် ဆက်စပ်စာချုပ်လို့ခေါ်တဲ့ ပိုင်ရှင်အဆက်ဆက် ချုပ်ခဲ့တဲ့ စာရွက်စာတမ်းတွေကိုပဲ ထုတ်ပြလေ့ရှိပါတယ်။ တိုက်ခန်း အရောင်းအဝယ် ပြုလုပ်တဲ့ အခါမှာ ဆက်စပ်စာချုပ်တစ်ခုရှိရုံနဲ့ ပိုင်ဆိုင်မှု အထောက်အထား ပြည့်စုံပြီလို့ သတ်မှတ်လို့မရပါဘူး။ အတုလုပ်ထားတာတွေရှိနိုင်ပါတယ်။ ဒါကြောင့် တိုက်ခန်းအရောင်း အဝယ်ပြုလုပ်မယ်ဆိုရင် ဆက်စပ် စာချုပ်အပြင် မဖြစ်မနေစစ်ဆေးရမယ့် စာရွက်စာတမ်းတွေကတော့ BCC (လူနေထိုင်ခွင့်)၊ မြေ ရှင်လက်မှတ်၊ ရေမီတာ၊ မီးမီတာ စတဲ့စာရွက်စာတမ်းတွေ ဖြစ်ပါတယ်။ အဲသည် စာရွက်စာတမ်းတွေ တိုက်ဆိုင်စစ်ဆေးလို့ အားလုံးကိုက်ညီမှုရှိတယ်ဆိုရင်တော့ ပိုင်ဆိုင်မှု သေချာတယ်လို့ ဆိုလို့ရပါတယ်။
ဂရန်မြေ
ဂရန်မြေဝယ်မယ်ဆိုရင်တော့ စစ်ဆေးရမယ့် စာရွက်စာတမ်းက နည်းပါတယ်။ ဂရန်အမည် ပေါက် "မှန်/ မမှန်နဲ့ စစ်/ မစစ်" ကို သက်ဆိုင်ရာမြေစာရင်းရုံးမှာ သွားရောက် စစ်ဆေးရမှာ ဖြစ်ပါတယ်။
ဘိုးဘွားပိုင်မြေ
ဘိုးဘွားပိုင်မြေ လို့ပြောတယ်ဆိုရင်တော့ သက်ဆိုင်ရာ မြေပိုင်ဆိုင်မှုမှတ်တမ်းကို တောင်းကြည့်ပြီး ရုံးမှာ စစ်ဆေးရမှာဖြစ်ပါတယ်။ ဘိုးဘွားပိုင်မြေတွေက ပိုင်ရှင်အဖြစ် မှတ်တမ်းရှိပြီး ဖြစ်ရမှာ ဖြစ်ပါတယ်။
လတ်တလောမှာ ပိုက်ဆံရှိသူအချို့က နေဖို့မဟုတ် ရင်းနှီးမြုပ်နှံတဲ့အနေနဲ့ မြို့သစ်ဘက်တွေမှာ မြေဝယ်ယူမှုတွေများလာပါတယ်။ အဲအတွက် ပါမစ်မြေ၊ လယ်မြေ၊ လန (၃၉) မြေ စတဲ့မြေအမျိုးအစားတွေနဲ့ စစ်ဆေးရမယ့် စာရွက်စာတမ်းလေးတွေကိုလည်း သိထားသင့်ပါတယ်။
ပါမစ်မြေ
ပါမစ်မြေဆိုတာကတော့ မြို့သစ်ဘက်တွေမှာ ချထားပေးတဲ့မြေ အမျိုးအစား ဖြစ်ပါတယ်။ ပါမစ်မြေကို ဝယ်ယူမယ်ဆိုရင် စစ်ဆေးရမှာက ချထားပေးတဲ့ပါမစ် မှန်/မမှန် နဲ့ ပါမစ်အင်ထရီပြင်ထားချက်ရှိ/ မရှိ စစ်ဆေးရမယ်။
ပါမစ် အင်ထရီဆိုတာကတော့ မြေနေရာ အကွက်ချပြီး ထုတ်ပေးလိုက်တဲ့ပါမစ်ကို ပြန်လည်စစ်ဆေးပြီး နေထိုင်ခွင့်ပြုတဲ့အမှတ် တံဆိပ်ဖြစ်ပါတယ်။ အင်ထရီဝင်ပြီးသား ပါမစ်ဆိုရင် နောက်ကျောဘက်မှာ လေးထောင့် တံဆိပ်တုံးလေးနဲ့ ပြန်လည်စိစစ်ပြီးဖြစ်ကြောင်း ပါရှိတယ်လို့ သိရပါတယ်။
အမည်ပေါက်ပိုင်ရှင်ရဲ့ မှတ်ပုံတင်၊ သန်းခေါင်စာရင်းတွေနဲ့ ပါမစ်မြေစာရွက်စာတမ်း အချက်အလက်များ မှန်ကန်မှုရှိ/ မရှိ၊ အင်ထရီဝင်ထားပြီးသား ဟုတ်/ မဟုတ် ဆိုတာတွေကို တိုက်ဆိုင်စစ်ဆေးရပါမယ်။
လယ်မြေ
လယ်မြေ ဝယ်ယူမယ်ဆိုရင်တော့ ပုံစံ (၇) နဲ့ လယ်မြေအတွက် အစိုးရကို အခွန်ပေးထားတဲ့ စလစ်၊ လယ်ယာမြေမှတ်ပုံတင် စာအုပ်တို့ကို စစ်ဆေးရပါမယ်။ နောက်ပြီး စလစ်မှာ အစိုးရကို အခွန်ငွေပေးသွင်းထားတဲ့နှစ်က အနီးဆုံးနှစ် ဖြစ်ရပါမယ်။
လယ်ယာမြေအများစုမှာ ပိုင်ဆိုင်မှု စာရွက်စာတမ်းက လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်တဲ့အပေါ် အခွန် စည်းကြပ်ခံထားရတဲ့ မြေခွန် ပြေစာ နှင့် ပုံစံ(၇) ပါ။
တချို့လယ်ယာမြေတွေမှာတော့ အခွန်ပြေစာအပြင် မြေစာရင်းပုံစံ ၁၀၅ ကိုလည်း ရယူထားပြီးသားလေးတွေရှိပါတယ်။
ပုံစံ ၁၀၅ ဆိုတာက မြေစာရင်းဌာနက မှတ်ပုံတင်စာရင်း၊ မြေပုံ စသည်တို့မှာ မှတ်သားထားတဲ့အတိုင်း ပုံစံတူရေးကူးပေးထားတဲ့ ပုံစံတစ်ခုဖြစ်ပါတယ်။ မှတ်တမ်းထိန်းသိမ်းတဲ့ မြေစာရင်းဌာနက ရေးဆွဲပေးရပါတယ်။
မြေစာရင်းပုံစံ ၁၀၅ ရှိရင် ဘာဖြစ်လဲဆိုတော့ မြေကွက်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို တစုတစည်း သိရှိနိုင်ပါတယ်။ ပုံစံ ၁၀၅ မှာ ဖော်ပြချက်အရ မြေကွက်တည်ရှိ တဲ့ မြို့၊ ရပ်ကွက်၊ ကျေးရွာ၊ ကွင်း၊ ဧရိယာ၊ မြေအမျိုးအစား စတာတွေကို အလွယ်တကူ သိရှိနိုင်ပါတယ်။ ပိုယုံကြည်ရတယ်ပေါ့။
လယ်ယာမြေတွေကို စလစ်တစ်ခုတည်းနဲ့ မဝယ်သင့်ပါဘူး။ ရေရှည်မှာ စိတ်ညစ်ရပါလိမ့်မယ်။
ပုံစံ(၇) ကျထားပြီးသောလယ်ယာမြေတွေက ပိုပြီးပိုင်ဆိုင်မူခိုင်မာပါတယ်။
ဘာလို့လည်းဆိုတော့ အရှုပ်အရှင်းရှိတဲ့ လယ်မြေ၊ လယ်ယာမြေ နဲ. ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့နေရာတွေက လယ်မြေ၊ ယာမြေတွေကို ပုံစံ(၇) မချပေးတတ်လို့ပါ။ ဒါကြောင့် ပုံစံ(၇) ရှိရင်နောက်ကြောင်း ရှင်းတဲ့သဘောပါပဲ။
လန ၃၉ မြေ
သူကတော့ လယ်ယာမြေမှ တစ်ဆင့် အခြားမြေအဖြစ် ပြောင်းလဲ အသုံးပြုခွင့် ပြုထားတဲ့ မြေအမျိုးအစားမျိုး ဖြစ်ပါတယ်။ လယ်ယာမြေကို အိမ်ယာမြေ၊ စက်မှုမြေ စသဖြင့် တစ်ခုခု ပြောင်း လဲ အသုံးပြုမယ့်သူတွေ ဝယ်ကြပါတယ်။ လန ၃၉ မြေ ဝယ်ယူမယ်ဆိုရင် လယ်ယာမြေကနေ အခြားမြေ ပြောင်းလဲ အသုံးပြုခွင့်ပြုထားတဲ့ လန ၃၉ စာရွက်ရှိမှ ဝယ်ယူသင့်ပါတယ်။
အခုပြောသွားတာတွေက ယေဘုယျ စစ်ဆေးရမယ့် စာရွက်စာတမ်းတွေနဲ့ အချက်အလက်တွေကို ပြောပြထားတာဖြစ်ပါတယ်။ စာရွက်စာတမ်းနဲ့မဆိုင်တဲ့ အမွေကိစ္စလိုမျိုးတွေ အရှုပ်အရှင်းရှိ/ မရှိကတော့ ထုံးစံအတိုင်း ဆက်လက် စစ်ဆေးဆောင်ရွက်ရမှာဖြစ်ပါတယ်။
Ref : Home In Yangon
Photo Credit : Goldenpeacockmm
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ