By ဦးဇော်မြင့်ဦး, Shweproperty.com
Updated at 11 December 2014
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (ယခင် ရန်ကုန်စည်ပင်သာယာအဖွဲ့/မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန) သို့အပ်ထားသည့် မြေကွက်ကို စည်းကမ်းချက်များ သတ်မှတ်၍ နှစ်ကာလ အပိုင်းအခြားဖြင့် အငှားချထားသည့် မြေမျိုးဖြစ်သည်။
၁၈၅၃ခုနှစ် ဗြိတိသျှအစိုးရလက်ထက်တွင် ရန်ကုန်မြို့ကို အကွက်ရိုက်၍ မြေပိုင်အမျိုးအစားအနေဖြင့် ရောင်းချပေးသည့် ကာလတွင် မြေဝယ်နိုင်သူများက မြေပိုင်၊ မြေပိုင်ရှင်များဖြစ်လာကြ၍ မြေပိုင်အဖြစ် မဝယ်ယူနိုင်သူများက မြေငှားစာချုပ်ဖြင့် ဂရန်မြေငှားခပေးဆောင်၍ နေထိုင်ကြသည်။ အဆိုပါမဝယ်နိုင်သူများကို ဂရန်ထုတ်ပေးခဲ့သည်။
ဂရန်မြေဆိုသည်မှာ မြေကို အပြီးအပိုင်ဝယ်ယူခြင်းမပြုနိုင်စဉ်က လည်းကောင်း၊ ဝယ်ယူခွင့်မရသည့် နောက်ပိုင်းတွင် လည်းကောင်း အစိုးရပိုင်မြေများမှ အကွက်ရိုက်၍ မြေငှားစာချုပ်ဖြင့် ငှားရမ်းနေထိုင်သော မြေအမျိုးအစားဖြစ်သည်။ မြေငှားစာချုပ်ပြုလုပ်၍ အသိအမှတ်ပြုထားသော မြေအမျိုးအစားပင် ဖြစ်သည်။ ထိုကဲ့သို့ မြေငှားခသတ်မှတ်ပြီး အငှားချထားသောမြေကို မြေငှားစာချုပ်ရ မြေဟုခေါ်သည်။
အိမ်စောင့်အစိုးရလက်ထက် မြို့သစ်များ ပေါ်ပေါက်ခဲ့ရာတွင် မြေကွက်များကို ချထားပေးခဲ့ရာ လိုင်စင်မြေနှင့် ပါမစ်မြေ (ချထားမြေ)အဖြစ် သတ်မှတ်ခဲ့သည်။ တစ်နှစ်ပြည့်၍ အဆောက်အအုံ ဆောက်လုပ်ပြီးစီးပါက မြေငှားစာချုပ် (ဂရန်) ထုတ်ပေးနိုင်သော်လည်း ရန်ကုန်တိုင်းလုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ၏ ညွှန်ကြားချက်အရ ဆိုင်းငံ့ထားခဲ့သည်။
မြို့တွင်းရှိ အစိုးရမြေများ (အောက်- အထက်မြန်မာနိုင်ငံ) ပေါ်တွင် လူနေထိုင်ရန်သော်လည်းကောင်း၊ ရောင်းဝယ်ဖောက်ကားရန်သော်လည်းကောင်း၊ စက်ရုံအလုပ်ရုံ တည်ဆောက်ရန်သော်လည်းကောင်း၊ လိုအပ်ပါက သက်ဆိုင်ရာ ခရိုင်ဝန်သည် လိုင်စင်၊ သို့မဟုတ် အငှားဂရန်ဖြင့် ချထားပေးနိုင်ခွင့် ရှိလေသည်။ တစ်ဦးချင်းချထားပေးရာတွင် မြေတန်ဖိုး၏ ၆ မှ ၁၂ ရာခိုင်နှုန်းအထိ နှစ်စဉ်မြေငှားခအဖြစ် သတ်မှတ်ချထားလေသည်။
နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တွင် ရန်ကုန်တွင် မြို့သစ်များထပ်မံဖော်ထုတ်၍ ဝန်ထမ်းများအား အိုးအိမ်ဦးစီးဌာနအနေဖြင့် အိမ်ရာ ဆောက်လုပ်နေထိုင်ခွင့်များ ထုတ်ပေးခဲ့သည်။ အိမ်ရာဆောက်လုပ် နေထိုင်ခွင့်ရရှိသူအနေဖြင့် အမြဲတမ်းနေထိုင်ခွင့် ရလိုပါက မြေငှားစာချုပ် လျှောက်ထားနိုင်ပေသည်။
မြေငှားစာချုပ်မြေကို အထူးကန့်သတ်ချက်များ မပါရှိပါက တစ်ဆင့် လွှဲပြောင်း၊ ပေးကမ်း၊ ပေါင်နှံ၊ ရောင်းချပိုင်ခွင့်၊ အမွေဆက်ခံခွင့် ရှိသည်။
မြို့မြေများကို ဂရန်၊ လိုင်စင်ချထားပေးခြင်းတွင် လူနေထိုင်ရန် စက်မှုလက်မှုလုပ်ငန်းလုပ်ကိုင်ရန်၊ အများအတွက် အသုံးပြုနိုင်ရန်၊ သာသနာ့မြေအဖြစ် အသုံးပြုရန် နှင့် အကွက်ဂရန်ကို နိုင်ငံတော်အစိုးရမှ အမိန့်ကြော်ငြာထုတ်ပြီး သတ်မှတ်ရသည်။ ဂရန်၏သဘောမှာ လူနေထိုင်ရန်၊ စက်မှုလက်မှုလုပ်ငန်း လုပ်ကိုင်ရန် သက်တမ်းကို တစ်ကြိမ်လျှင် နှစ် ၃၀ နှုန်းဖြင့် နှစ် ၉၀ ထိ အငှားစာချုပ်ချုပ်ဆိုပေးနိုင်သည်။ အထူးကိစ္စတစ်ရပ်အနေဖြင့် အစိုးရသည် ယင်းဂရန်ကို ရာသက်ပန်ပေးခွင့်ရှိသည်။
မြေငှားဂရန်ရထားသူနှင့် ထိုသူမှ တစ်ဆင့် တရားသဖြင့် ဆက်ခံသောသူကို ဂရန်ကိုင်ဟုခေါ်သည်။
နှစ်ရှည်ဂရန် ဆိုသည်မှာ နှစ် ၉၀ အထိ သက်တမ်းရှည်သော ဂရန်များကို ဆိုသည်။ အနှစ် ၉၀ ကိုတစ်ချိန်တည်းမပေးပဲ ပထမ အနှစ် ၃၀ ခွင့့်ပြုပြီးနောက် ယင်းအနှစ် ၃၀ သက်တမ်း ကုန်ဆုံးတိုင်း အနှစ် ၉၀ တိုင်အောင် သုံးကြိမ်သုံးခါအထိ လဲလှယ်ပိုင်ခွင့်ရှိသည်။
နှစ်တိုဂရန် ဆိုသည်မှာ အတော်အသင့် ခိုင်ခံ့မှုရှိသော အဆောက်အအုံများအတွက် ၁၀ နှစ်အထိသာ ခွင့်ပြုသော ဂရန်ကိုဆိုလိုသည်။ ယင်း ၁၀ နှစ်ကုန်ဆုံးတိုင်း လဲလှယ်ခွင့်မရှိပဲ သက်တမ်းကုန်ဆုံးတိုင်း အသစ်တဖန် ပြန်လည်လျှောက်ထားရသော အမျိုးအစားဖြစ်သည်။ ယင်းကို အငှားဂရန်ဟုခေါ်သည်။ အငှားဂရန်၊ သို့မဟုတ် အငှားပတ္တာဆိုသော စာချုပ်မှာ ၁၀ နှစ်သက်တမ်းရှိပြီး နှစ်ကုန်ဆုံးလျှင် ဂရန်အသစ် လဲလှယ်ခွင့်မရှိပဲ အသစ်ထပ်မံလျှောက်ထားရခြင်းဖြစ်သည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ