By Kumudra, Shweproperty.com
Updated at 6 July 2018
တန်ဖိုးနည်းအိမ်ရာ လျှောက်မယ့်သူတွေအတွက် အဓိကအားဖြင့် အချက်(၇)ချက် ရှိတယ်လို့ သိရပါတယ်။
(၁) အရင်ဆုံး ဘာလုပ်ရမလဲ၊
(၂) ငွေဘယ်လိုစုရမလဲ၊
(၃) ငွေဘယ်လောက် စုရမလဲ၊
(၄) ဝယ်ဖို့ ဘယ်လို အထောက်အထားတွေ လိုသလဲ၊
(၅) ဘယ်နေရာကို ဝယ်မလဲ၊
(၆) အိမ်ရဲ့ အကျယ်အဝန်းနဲ့ ပုံစံ၊
(၇) ဖောင်ဘယ်လိုတင်ရမယ်၊
ဆိုတဲ့ အချက်(၇)ချက် ရှိပါတယ်။
၁။ အရင်ဆုံး ဘာလုပ်ရမလဲ
အိမ်ရာလျှောက်မယ့်သူတွေ အရင်ဆုံးလုပ်ရမှာက CHD ဘဏ်မှာ စာရင်းဖွင့်ပြီး ငွေစုရမှာပါ။ ဗိုလ်ချုပ်လမ်းထောင့် ၄၆ လမ်းမှတ်တိုင်နားက CHD ဘဏ်နဲ့ ရွှေတိဂုံ ဘုရားလမ်း CHD ဘဏ်တွေမှာ မှတ်ပုံတင်ကတ်၊ ငွေကျပ် ၁၀ဝ၀ နဲ့အတူ စာရင်းဖွင့်နိုင်ပြီး အကောင့်ထဲမှာ ငွေကျပ် ၁၀,ဝဝဝ ကစပြီး စုဆောင်းနိုင်ပါတယ်။
၂။ ငွေ ဘယ်လိုစုရမလဲ။
အတိုးက အခြားဘဏ်တွေအတိုင်း ၈.၅ ရာခိုင်နှုန်း ပေးပါတယ်။ အဲသည်ငွေကို ထုတ်မသုံးမချင်း အတိုးရနေမှာပါ။ ဒါပေမယ့် သည်ငွေက အိမ်အတွက် ရည်စူးထားတဲ့ငွေ ဖြစ်တာကြောင့် ပုံမှန်ငွေထည့်သွင်းထားတာ ပိုကောင်းပြီး ထည့်ပြီးရင် ပြန်မထုတ်တာက အကောင်းဆုံး ဖြစ်ပါတယ်။
၃။ ငွေ ဘယ်လောက်စုရမလဲ
တန်ဖိုးနည်းအိမ်ခန်းတစ်ခန်းဟာ ပျမ်းမျှတန်ဖိုးအားဖြင့် သိန်း ၁၀ဝ ပတ်ဝန်းကျင်ရှိတဲ့အတွက် ၃၀ ရာခိုင်နှုန်းပြည့်အောင် စုဆောင်းရပါမယ်။ ဒါကြောင့် ဘဏ်အကောင့်ထဲမှာ သိန်း ၃၀ ကျော်ရှိတာနဲ့ အိမ်ဝယ်လို့ ရပါပြီ။ ၃၀ ရာခိုင်နှုန်းပြည့်သူတွေကို အိုးအိမ်က စာရင်းကပ်ပေးပါတယ်။ ကိုယ့်နာမည် ပါ/မပါ အိုးအိမ်ရုံးမှာ သွားကြည့်ရပါတယ်။ နာမည်ပါပြီဆိုရင် အိုးအိမ်က လျှောက်လွှာ ရောင်းချပေးသလို စုဆောင်းငွေ ၃၀ ရာခိုင်နှုန်း ပြည့်ကြောင်း အထောက်အထားတွေပေးပြီး အိမ်လျှောက်လို့ ရပါတယ်။ ကျန် ၇၀ ရာခိုင်နှုန်းကိုတော့ အတိုးတစ်နှစ်ကို ၁၂ ရာခိုင်နှုန်းနဲ့ ဘဏ်က ချေးပေးမှာပါ။ ဒါကြောင့် ၃၀ ရာခိုင်နှုန်း ပြည့်သူတွေဟာ အိမ်ပေါ်တက်နေလို့ရပြီး တစ်လကို ၁ သိန်းကျော်နဲ့ ၁၀ နှစ်သွင်းရင် တိုက်ခန်းပိုင်ဆိုင်နိုင်ပါတယ်။
၄။ ဝယ်ဖို့ ဘယ်လို အထောက်အထားတွေ လိုအပ်လဲ
အထောက်အထား လိုအပ်ချက်က ၄ မျိုးရှိပါတယ်။ ၄ မျိုးစလုံးက ဘဏ်စာအုပ်၊ မှတ်ပုံတင်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူ၊ ရပ်ကွက် ထောက်ခံစာ ယူသွားရပါတယ်။ ဝင်ငွေနည်းပြည်သူဆိုရင် ကိုယ်လုပ်နေတဲ့အလုပ်က တစ်လကို ၃ သိန်း၊ ၅ သိန်းကြားရှိကြောင်း လုပ်ငန်းဝင်ငွေအထောက်အထား ယူသွားရပါတယ်။ ကုမ္ပဏီဝန်ထမ်းနဲ့ အစိုးရဝန်ထမ်းဆိုရင် တစ်လကို ၃ သိန်းနဲ့ ၅ သိန်းကြားရှိကြောင်း အထက်လူကြီးရဲ့ ထောက်ခံချက်ယူရမယ်။ အငြိမ်းစားဝန်ထမ်းဆိုရင် ပင်စင်ထောက်ခံချက် ယူရမှာဖြစ်ပါတယ်။ ဝန်ထမ်းတွေက ဝန်ထမ်းကတ်ကို မိတ္တူဆွဲရပါမယ်။ ကိုယ်တစ်ဦးတည်း ဝင်ငွေက ၃ သိန်းနဲ့ ၅ သိန်းကြား မပြည့်ရင် မိသားစုဝင်တွေရဲ့ဝင်ငွေကိုပါ ထည့်ဖော်ပြနိုင်တယ်လို့ သိရပါတယ်။
၅။ ဘယ်နေရာကို ဝယ်မလဲ
အစိုးရက လှိုင်သာယာ ရွှေလင်ပန်း၊ ယုဇနနဲ့ ကနောင်အိမ်ရာတွေကို လက်ရှိမှာ ရောင်းနေပါတယ်။ မန္တလေးမှာ မြရည်နန္ဒာ ရှိပါတယ်။ ကိုယ်နဲ့နီးစပ်တဲ့နေရာကို ဝယ်ယူနိုင်ပါတယ်။ အခုနောက်ပိုင်း တည်ဆောက်နေတဲ့ လှိုင်သာယာ ကျန်စစ်မင်းအိမ်ရာက ကားလမ်းနဲ့နီးလို့ လူစိတ်ဝင်စားမှု များပါတယ်။
၆။ အိမ်ရဲ့ အကျယ်အဝန်းပုံစံ
အိမ်တွေက ၈ ခန်းတွဲ ၄ ထပ်နဲ့ ၆ ခန်းတွဲ ၄ ထပ်ဆိုပြီး ၂ မျိုးရှိတယ်။ အိမ်ရာအားလုံးက ပုံစံတူပါပဲ။ အကျယ်အဝန်းကတော့ ၅၂၂ စတုရန်းပေနဲ့ ၄၈၄ စတုရန်းပေဝန်းကျင်ဆိုပြီး ၂ မျိုးရှိပါတယ်။ ၆ ခန်းတွဲ၊ ၈ ခန်းတွဲ၊ လှေကားပါတဲ့အခန်းနဲ့ လှေကားမပါတဲ့ အခြမ်းပေါ်မူတည်ပြီး အကျယ်အဝန်း ကွာခြားမှုရှိပါတယ်။ အိမ်တွေရဲ့တန်ဖိုးက မြေညီထပ်ဆိုရင် ၁၃၅ သိန်းပတ်ဝန်းကျင်ကနေ တတိယထပ် ၉၈ သိန်းလောက် ရှိတယ်လို့ သိရပါတယ်။
၇။ ဖောင် ဘယ်လိုတင်မလဲ
အိုးအိမ်ဦးစီးဌာနမှ ဝင်ငွေနည်း ပြည်သူတွေ၊ ကုမ္ပဏီဝန်ထမ်း၊ အစိုးရဝန်ထမ်းနဲ့ အငြိမ်းစား ဝန်ထမ်းအတွက် လျှောက်လွှာတွေ သီးခြားရောင်းပါတယ်။ လျှောက်ထဲမှာ ဖြည့်စရာရှိတာတွေ ဖြည့်ပြီး ၃၀ ရာခိုင်နှုန်းပြည့်ကြောင်း၊ အထောက်အထား မှန်ကန်ကြောင်း သွားစစ်ခိုင်းရပါမယ်။ ဘဏ်ကအချက်အလက် အားလုံးမှန်ကန်ကြောင်း စစ်ဆေးပြီးရင် တံဆိပ်တုံးထုပေးတယ်လို့ အတွေ့အကြုံရှိသူတစ်ဦးဆီက သိရပါတယ်။
Ref : Kumudra News
Photo Credit : Globalnewlightofmyanmar
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ