By Sint Sint, Shweproperty.com
Updated at 20 December 2020
ဝါတွင်းကာလမှာ အိမ်ထောင်မပြုအပ်၊ အိမ်မပြောင်းရ၊ အိမ်ဆောက်ခြင်းမပြုရဆိုတဲ့ အရာတွေက ဟိုးအရင်ကတည်းက သိပြီးသားဖြစ်ကြမှာပါ။ ဒါပေမယ့် ဒီအစွဲတွေဟာ မှန်လားမှားလားဆိုတာကို သရုပ်မခွဲခဲ့ကြပါဘူး။ လူကြီးမိဘတွေပြောကြတယ်။ ဆုံးမထားကြတယ်။ ဒါတွေကိုပဲ လက်ခံယုံကြည်ပြီးနေထိုင်လာကြတာပါ။ ဗုဒ္ဒဘာသာကိုးကွယ်သူတိုင်း လိုက်နာလေ့ရှိကြပါတယ်။ဝါမဝင်ခင် အိမ်ထောင်ပြုမှ ဖြစ်မယ်၊ ဝါကျွတ်မှ အိမ်ထောင်ပြုကြမယ်ဆိုတဲ့ အရိုးစွဲနေတဲ့ ဒီအချက်အပေါ်မှာ မျက်မှောက်ခေတ်လူငယ် အတော်များများဘဝင်မကျ ဖြစ်လာကြတာကို တွေ့ရပါတယ်။ ဝါတွင်းကာလအိမ်ထောင်မပြုရဆိုတဲ့ ဒီအယူအဆဟာ ဘုရားရှင်ဟောကြားတော်မူ၊ သတ်မှတ်တော်မူခဲ့တာလားလို့ မေးလာ သူတွေလည်း ရှိပါတယ်။ဝါတွင်းကာလဆိုတော တကယ်တော့ ဝါတွင်းဆိုတဲ့ အခေါ်အဝေါ်ဟာ ရဟန်းတော်များ ဝါဆိုဝါကပ်ပြုရမယ် ဆိုတဲ့ ဝိနည်းဥပဒေ ပညတ်သတ်မှတ်ပြီးချိန်မှသာ ထိုရဟန်းတော်များ ဝါဆိုဝါကပ်ပြုနေတဲ့ သုံးလတာကာလကို ရည်ရွယ်ပြီး ခေ ါ်ဝေါ် သုံးစွဲကြတဲ့ ဝေါဟာရဖြစ်ပါတယ်။
ဒီဝါတွင်းဟာ လူတွေအတွက်တော့ မိုးတွင်းကာလပါပဲ။ ရဟန်းတော်များ ဝါတွင်းသုံးလကာလပတ်လုံး တခြားတနေရာသို့ ကြွရောက်တော်မမူဘဲ ကိုယ်ဝါဆိုရာ ကျောင်းတိုက် အရာမ်တွင်းမှာပဲ နေထိုင်သီတင်းသုံးကြဖို့ သတ်မှတ်ထားတဲ့ ဝိနည်းဥပဒေဟာ ဝါတွင်းကာလမှာအိမ်ထောင် မပြုရဘူးဆိုတဲ့ လူတွေကြားမှာ ဖြစ်နေတဲ့ အချက်နဲ့ ဘာမှတော့ မသက်ဆိုင်ပါဘူး။ ဘယ်သူကဘယ်လို စတင်ခဲ့တယ်၊ ဘယ်တုန်းကစပြီး ပေါ်ပေါက်ခဲ့တယ်ဆိုတာကို အတိအကျပြောလို့မရလို့ ဝါတွင်းကာလ အိမ်ထောင်မပြုရဆိုတဲ့ ဒီယုံကြည်ချက်ဟာ ဘုရားဟောမဟုတ်တာကတော့ သေချာပါတယ်လို့ ဘုန်းတော်ကြီးတွေက မိန့်ကြားကြဖူးပါတယ်။ပိဋကတ်မှာပါတဲ့အချက်လည်း မဟုတ်ပါဘူး။ ဝါတွင်းကာလမှာ အိမ်ထောင်မပြုရဘူးဆိုတဲ့ သတ်မှတ်ချက်တွေရှိတယ်ဆိုရင် ဝါဆိုဖို့ပညတ်ချက်တွေ မသတ်မှတ်ချိန်တုန်းက ဘယ်လိုသတ်မှတ်ကြသလဲဆိုတာသိရှိဖို့ ခက်ခဲသွားပါပြီ။ဝါတွင်းကာလမှာ အိမ်မပြောင်းရ၊ အိမ်မရွေ့ ရ ၊ အိမ်မဆောက်ရ ၊ အိမ်ထောင်မပြုရ ဆိုတာဟာ ဘုရားဟောထဲမှာ မပါတဲ့၊ ဘုရားဟောနဲ့ မသက်ဆိုင်တဲ့ လောကီအယူအဆတွေပဲ ဖြစ်ပါတယ်။
ဘာကြောင့် ဒီလိုတွေပြောလဲဆိုတာက ဝါတွင်းဆိုတာမိုးတွင်းကာလ ဖြစ်တဲ့အတွက် မိုးရွာနေတဲ့အချိန်မှာ အပြောင်းအရွှေ့လုပ်ရင်ပိုပြီး ဒုက္ခများနိုင်တဲ့အတွက် မပြောင်းကြနဲ့ ဝါကျွတ်ပြီးမှ ပြောင်းကြပါလို့ ပြောဆိုကြရင်းနဲ့ ဖြစ်လာတာတယ်လို့ထင်ပါတယ်။ဗုဒ္ဓစာပေတွေမှာတော့ ဘယ်လိုမင်္ဂလာ၊ ဘယ်လိုနက္ခတ်တွေနဲ့ အညီမှ လုပ်ရမယ်ဆိုတာ မရှိပါဘူး ပုဗ္ဗဏှသုတ်မှာ လာတဲ့စကားတော်က “ကောင်းမြတ်သောအကျင့်ကို ကျင့်နေသူများအဖို့ အမြဲတမ်း နက္ခတ်ကောင်းပါတယ်။ ဒါကတရားတော်နဲ့အညီ ပြောခြင်းသာဖြစ်ပါတယ်။ အမြဲတမ်း ကျက်သရေမင်္ဂလာ ရှိပါတယ်၊ အမြဲတမ်း ကောင်းသော မိုးလင်းခြင်း ဖြစ်ပါတယ်၊ အမြဲတမ်းကောင်းသော အိပ်ရာထခြင်းဖြစ်ပါတယ်၊ အမြဲတမ်း ကောင်းသော အချိန်အခါဖြစ်ပါတယ်၊ အမြဲတမ်းကောင်းသော ပူဇော်ခြင်းဖြစ်ပါတယ်။နောက်ပြီးအိမ်အပြောင်းအရွှေ့ ပြုလုပ်ကြတာနဲ့ ပတ်သက်ပြီး ဗုဒ္ဓစာပေတွေမှာ အထူးမိန့်တော်မူထားတာ မရှိပေမယ့် အိမ်သစ်တက်တဲ့အခါ မြို့ရွာအသစ်တည်တဲ့ အခါတွေနဲ့ ပတ်သက်ပြီးတော့ ပြောထားတာလေးတွေတော့ရှိပါတယ်။
မဟာပရိနိဗ္ဗာနသုတ်မှာ မိန့်တော်မူထားတဲ့ ဘုရားစကားတော် ရှိပါတယ် ဒီသုတ်တော်မှာ ဘုရားရှင်က“ပညာရှိသည် အကြင်အရပ်၌ အိမ်ရာဆောက်လုပ်နေထိုင်၏ ။ဤအရပ်၌ သီလရှိသော၊ ကိုယ်နှုတ်နှလုံး စောင့်သုံးသော၊ မြတ်သောအကျင့်ကို ကျင့်သောပုဂ္ဂိုလ်တို့ကို ဆွမ်းကျွေးပြီးလျှင် ထိုအရပ်၌ ရှိသောနတ်တို့အား အလှူ၏ အဖို့ကို အမျှဝေရာ၏၊ဤသို့ အမျှပေးဝေလတ်သော် နတ်တို့သည် ပူဇော်ခံရသဖြင့် ထိုအမျှပေးဝေသူကို အတုန့်ပြန်၍ ပူဇော်ကုန်၏ မြတ်နိုးခံရသဖြင့်လည်း အတုန့်ပြန်၍ မြတ်နိုးကုန်၏ ။ထို့ကြောင့် မိခင်သည် ရယ်ဝယ်သားကို စောင့်ရှောက်သကဲ့သို့ ထိုအမျှဝေသူကို စောင့်ရှောက်၏၊ နတ်တို့စောင့်ရှောက်ခံရသော သူသည် အခါခပ်သိမ်း ကောင်းခြင်းမင်္ဂလာတို့ကိုသာတွေ့မြင်ရလေ၏”လို့ဟောကြားတော်မူထားတာကို တွေ့ရပါတယ်။
ဝါတွင်းကာလ၊ အိမ်မပြောင်းရ၊ အိမ်ထောင်မပြုရ စတဲ့အယူအဆတွေဟာ ဗြဟ္မာဏ အယူအဆက ကူးလာဟန်တူပါတယ်။ဝါတွင်းကာလမှာ မဟာပိဿနိုးနတ်မင်းကြီးက ဥပုဒ်ဆောင်ဝင်တယ်လို့သိရပါတယ် အဲဒီကာလမှာ အိမ်ဆောက်တာ/အိမ်ထောင်ပြုတာတို့ဆိုရင် မဟာပိဿနိုးနတ်မင်းကြီးက မစောင့်ရှောင့် အသိအမှတ်မပြုဘူး။အဲဒါကြောင့် ဝါတွင်းကာလမှာမလုပ်ကြနဲ့ဆိုပြီး အယူအဆရှိကြောင်းကြားသိရပါတယ်။ ဗေဒင် ကျမ်းဂန်တွေမှာတော့ ဝါတွင်း အိမ်မဆောက်ကောင်း ၊ အိမ်မပြောင်းကောင်း ဆိုတာတွေတော့မပါပါဘူး ။ ဗေဒင် ကျမ်းဂန်မှာတော့ အိမ်မဆောက်သင့်တဲ့လ အိမ်မပြောင်းသင့်တဲ့ လ ဆိုပြီး ယေဘူယျ တစ်နှစ်စာ ရှိသလို ၊ တစ်ဦးချင်း တစ်ယောက်ချင်းစီအတွက် လည်းရှိပါတယ် ။ဗေဒင် ကျမ်းဂန်တွေမှာကတော့ အိမ်ဆောက်မယ်ဆိုရင် ။
၁ တန်ခူးလ ~ အိမ်ဆောက်ရင် ချမ်းသာကြွယ်ဝတတ်သည်။
၂ ကဆုန်လ ~ အိမ်ဆောက်ရင် ဆန်းစပါး ပေါကြွယ်ဝတတ်သည်။
၃ ဝါခေါင်လ ~ အိမ်ဆောက်ရင် ဥစ္စာတိုးပွား တတ်သည်။
၄ နတ်တော်လ ~ ထင်ပေါ်ကျော်ဇော်တတ်သည်။
၅ ပြာသိုလ ~ လူတစ်ကာ ချီးမွန်းလေးစား တတ်သည်။
၆ တပေါင်းလ ~ အိမ်ဆောက်ရင် ချမ်းသာ တတ်သည်။
လို့ ဆိုပြီး အိမ်ဆောက်သင့်တဲ့ ၆ လ ဆိုပြီး ပြဆိုထားပါတယ်။ တစ်ဦးချင်းစီ အတွက်ကတော့ မိမိဇာတာနဲ့ တွက်ချက်စစ်ဆေးပြီးမှ ပြောလို့ရမှာပါ တစ်ဦးနဲ့တစ်ဦး တစ်လနဲ့တစ်လ မတူတတ်ပါဘူး။အိမ်မဆောက်ရတဲ့ နေ့ရက်ဆိုတာလည်း ရှိပါသေးတယ်။တစ်ဦးချင်းစီဇာတာအရ လည်း မဆောက်ရတဲ့ နေ့ရက်ဆိုတာအသေးစိတ်ရှိပါတယ်။ဝါတွင်းကာလမှာ အိမ်မဆောက်ရဘူးလို့တော့ ဘယ်ဗေဒင်ကျမ်းဂန်မှာမှ မတွေ့ရပါဘူး။ဘယ်နက္ခတ် ၊ ဘယ်ရာသီ ၊ ဘယ်တိထီ ၊ ဘယ်အခါမှ မဆောက်သင့်ဘူးဆိုတာမျိုးပဲ ရှိပါတယ် ။အိမ်ထောင်ပြု ခြင်း နဲ့ ပတ်သက်ပြီး ပြောရရင်တော့.... မထိမ်းမြားသင့်တဲ့ ၆ လရှိပါတယ်။ (၁ )ဝါဆိုလ၊(၂ )ဝါခေါင် ၊(၃) တော်သလင်း ၊(၄) နတ်တော် ၊(၅ )ပြာသို၊( ၆ )တပေါင်း လ တို့ကို ရှောင်ရမည်လို့အဆိုရှိပါတယ်။ထိမ်းမြားသင့်တဲ့ ၆ လ ကတော့ (၁) တန်ခူး ၊(၂ )ကဆုန် ၊(၃) နယုန်၊( ၄ )သီတင်းကျွတ် ၊(၅ )တန်ဆောင်မုန်း ၊(၆ )တပို့တွဲ လတို့ပဲ ဖြစ်ပါတယ်။
သို့ပေမယ့် အခြေအနေအကြောင်းကြောင်းကြောင့် မထိမ်းမြားသင့်တဲ့လတွေမှာ ထိမ်းမြားစရာ အကြောင်းပေါ်မယ် မဆောက်ရတဲ့ လတွေမှာမဖြစ်မနေ ဆောက်စရာ အကြောင်း ကိစ္စပေါ်ပေါက်လာခဲ့မယ်ဆိုရင်တော့ အညံ့လွတ်ရာ မိမိဇာတာနဲ့ကောင်းတဲ့ လ / ရက် / အခါ ကို ရွှေးပြီး ဆောက်လို့ / ထိမ်းမြားလို့ရပါတယ်လို့ဆိုထားပါတယ်။အဲဒါကြောင့် ဝါတွင်းကာလဘာမလုပ်ရ၊ ညာမလုပ်ရစတဲ့ အယူအဆတွေဟာ အရိုးစွဲနေတဲ့ ရှေးအယူအဆများ ဖြစ်ပြီး ဗေဒင်နက္ခတ်အယူအဆမဟုတ်တဲ့အပြင် ဘုရားဟောအယူအဆလည်း မဟုတ်တာကို စာပေကျမ်းဂန်တို့မှာ ဖော်ပြထားပါတယ်။ အဲတော့ မိမိတို့ လုပ်စရာ ၊ကိုင်စရာကိစ္စများရှိလျှင် နီးစပ်ရာလောကီပညာရှင် ဗေဒင်ပညာရှင်များနဲ့ တိုင်ပင်ပြီးလုပ်ဆောင်လို့ရတယ်ဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
ဝါတွင်းကာလဆိုသည်မှာ စင်စစ်မြတ်စွာဘုရားရှင်၏တပည့်သား ရဟန်းသံဃာများနှင့် သက်ဆိုင်သောကာလဖြစ်ပါသည်။ ဝါဆိုခြင်း၊ ဝါကပ်ခြင်း၊ ဝါပန်ခြင်းများသည် ရဟန်းသံဃာတော်တို့နှင့်သာ ပတ်သက်ပါသည်။ သို့ရာတွင် လောကီနယ်ပယ်တွင် “ဝါတွင်း” ကိစ္စမှာလည်း လာရောက်ပတ်သက်ပြန်ပါတယ်။ ထိုအထဲမှာမှ ဝါတွင်းမှာ အိမ်မပြောင်းရခြင်း၊ အိမ်ထောင်မပြုရခြင်းတို့ဖြစ်ပါတယ်။ ရှေးလူကြီးတွေက ဝါတွင်းမှာငှက်များပင် အသိုက်မပြောင်းကြ၊ ဒါကြောင့် လူတွေလည်း အိမ်မပြောင်းသင့်ဟု ယူဆခဲ့ကြပါတယ်။ စင်စစ်ဝါတွင်းဟူသည်မှာ မိုးတွင်းကာလဖြစ်နေသဖြင့် ငှက်များသည်မိုးကျခါနီးတွင်ပင် အသိုက်များကို သင့်တော်သည့်နေရာတွင် ပြုလုပ်ပြီးဖြစ်သဖြင့်ဝါတွင်းရောက်လေသော်လည်း ပြောင်းရွေ့စရာမလိုတော့ပေ။ လေကြီးမိုးကြီးထဲတွင်လည်း အသိုက်အသစ်တည်ဆောက်ရန်လည်းမလွယ်ကူချေ။
ရှေးခေတ်အခြေအနေအရ မိုးတွင်းတွင်အိမ်သစ်ဆောက်လုပ်ရခြင်းမှာလည်း လေမိုးကြောင့် မလွယ်ကူနိုင်။ ထို့အပြင်မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေးကို အဓိကထားသော နိုင်ငံဖြစ်သောကြောင့်ဝါတွင်းကာလမှာ လူများက လယ်ယာလုပ်ငန်းခွင်များဖြင့် မအားလပ်နိုင်အောင်ဖြစ်ကြရပြန်ပါတယ်။ ဝိုင်းဝန်းကူညီလုပ်ကိုင်ပေးမည့်သူလည်း မရှိပါဘူး။း ဒါကြောင့် ဝါတွင်းကာလမှာ လူမှုရေးကိစ္စများ၊ အထူးသဖြင့်အိမ်ဆောက်ခြင်း၊ အိမ်ပြောင်းခြင်းရွှေ့ခြင်းကို တက်နိုင်သလောက်ရှောင်ကြခြင်းမှာ ယင်းကဲ့သို့ အခြေအနေတွေကြောင့် လို့ ထင်မှတ်နိုင်ပါတယ်။
နောက်တစ်မျိုးကတော့ ဝါတွင်းကာလမှာ အိမ်ထောင်မပြုကောင်းခြင်းကို တင်ပြလိုပါတယ်။ အချို့သောပုဂ္ဂိုလ်များ၏ အဆိုအရ ဗိသ၁နိုးနတ်မင်းကြီးသည် ဝါဆိုလပြည့်နေ့မှစပြီး တန်ဆောင်မုန်းလပြည့်နေ့အထိ အိပ်စက်သည်ဟုဆို၏။ ရှေးကဝါဆိုလကို “နတ်လျှောင်းလ”ဟု ခေါ်ဝေါ်ပြီး တန်ဆောင်မုန်းလကို “နတ်နိုးလ” ဟု ခေါ်ဝေါ်ခဲ့ကြသည်။ ဗိသာနိုးနတ်မင်းကြီး အိပ်စက်နေသဖြင့် လောကီသဘောအရ ဝါတွင်းတွင် ထိမ်းမြားမင်္ဂလာပွဲများကို နတ်မင်းကြီးကအသိအမှတ်မပြုဟု ဆို၏။ ထို့ကြောင့် လောကီသဘောအရဝါတွင်းမှာ ထိမ်းမြားမင်္ဂလာမပြုကြဟု ဖြစ်ပေဟန်ပါတယ်။
အလျင်းသင့်လို့ မြန်မာတွေရဲ့ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ အကြောင်းလေး ပြောပြချင်ပါတယ်။ မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာသည် အဓိကအားဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာဖြစ်ပြီး နိုင်ငံ၏ လူဦးရေ ၈၉% ခန့် ကိုးကွယ်ကြသည်။ လူဦးရေနှင့် ဘုန်းတော်ကြီးအချိုး၊ ဘာသာတရားအတွက်အသုံးပြုသည့် ဝင်ငွေအချိုးတို့နှင့် ကြည့်လျှင် မြန်မာနိုင်ငံသည်ယုံကြည်သက်ဝင်မှုအရှိဆုံး ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်သည်။
ဗမာလူမျိုး၊ ရှမ်း၊ ရခိုင်၊ မွန်၊ ကရင်၊ ဇို၊ နှင့် တရုတ်လူမျိုး များ အများဆုံးကိုးကွယ်ကြသည့်ဘာသာဖြစ်သည်။ ဘုန်းတော်ကြီးများကိုသံဃာအဖြစ် သတ်မှတ်ထားပြီး မြန်မာလူ့အဖွဲ့အစည်း၏အမွန်အမြတ်ထားကာ ကြည်ညိုကိုင်းရှိုင်းကြသည်။ ဗမာနှင့် ရှမ်းလူမျိုးများအပါအဝင် တိုင်းရင်းသားမျိုးနွယ်စုများအကြားတွင် နတ်ကိုးကွယ်မှုကိုလည်း ဗုဒ္ဓဘာသာနှင့်အတူ တွဲဖက်တွေ့ရှိရပါတယ်။မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာဝင်များ၏ နေ့စဉ်ပြုလုပ်သည့်အရာများတွင် ကောင်းမှုကုသိုလ်ပြုခြင်းနှင့် ဝိပဿနာတရားအားထုတ်ခြင်းသည် အများဆုံးဖြစ်သည်။ ဂန္ဓာရီလမ်းစဉ်နှင့် ဆက်စပ်လျက်ရှိသော ဝိဇ္ဇာလမ်းစဉ်သည်လည်း အနည်းငယ်ပါဝင်သည်။ မြန်မာဗုဒ္ဓဘာသာဝင်များအတွက် ကောင်းမှုကုသိုလ်ပြုခြင်းကို အများဆုံးပြုလုပ်လေ့ရှိသည်။ ငါးပါးသီလ စောင့်ထိန်းခြင်းနှင့် ပရဟိတနှင့် ဒါနကောင်းမှုကုသိုလ်ပြုလုပ်ခြင်းဖြင့် ကောင်းမွန်သည့် ဘုံဘဝသို့ ရောက်ရှိနိုင်ရန် မျှော်မှန်းသည်။
လေ့လာမှတ်သားစရာ အိမ်ခြံမြေဗဟုသုတများ
စီးပွားတက်မည့်အိမ်နှင့် ရေဆန်အိမ်တို့ဆိုတာ
မြေဝယ်သူတွေ စိစစ်ရမယ့် အရေးကြီးဆုံး အချက် (၂၃) ချက်
အိမ်နံပါတ်နှင့် သင့် ကံကြမ္မာ
အိမ်တွေမှာ အိမ်မြှောင်စုတ်ထိုးသံကြားရင်ဘာတွေဖြစ်မှာလဲ
Written By : Khine Zar (ShweProperty.com)
Photo Credit : Tripadvisor
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ