By Zaygwet ထီယု (ဥပဒေအတိုင်ပင်ခံ), Shweproperty.com
Updated at 19 October 2017
''အမွေထိန်းစာ လက်မှတ်ရထားသူကွယ်လွန်သွားရင် အိမ်အရောင်းအဝယ် ပျက်ပြယ်သွားပါ သလား'' မိတ်ဆွေတစ်ဦးက စာရေးသူထံ လာရောက်၍ ဆွေးနွေးခြင်းဖြစ်ပါသည်။
''ယေဘုယျသဘောပြောရရင်တော့ အိမ်မြေအရောင်းအဝယ် ပျက်တာနဲ့ အမွေထိန်းစာ လက်မှတ်ရသူ ကွယ်လွန်တာနဲ့က သိပ်တော့ဆက်စပ်မှုမရှိဘူး။ အခုကိစ္စက ဘယ်လို ဖြစ်ကြလို့လဲ''
''တူမတစ်ယောက်က မြေနဲ့အိမ်ဝယ်ဖို့သွားကြည့်တယ်။ ပိုင်ရှင်ပြောစကားအရတော့ အမွေဆိုင်အိမ် ဖြစ်နေလို့ အစ်မကြီးဖြစ်သူက အမွေထိန်းစာရထားတယ်။ သူနဲ့ အရောင်း အဝယ်မှတ်ပုံတင် စာချုပ်ချုပ်ဆိုရင် ရတယ်လို့ပြောတာနဲ့ အဆင်ပြေသွားတယ် ပြောပါတော့''
''ဒါနဲ့ ငွေအကြေချေလိုက်တယ်ပေါ့''
''ငွေတော့ အကြေမချေဖြစ်ဘူး။ စရန်ငွေပေးပြီး မကြာမီရက်ပိုင်းမှာပဲ အမွေထိန်းစာရသူ ကွယ်လွန်သွားတယ်''
''ဒီတော့ အရောင်းအဝယ်မဖြစ် လိုက်တော့ဘူးလို့ ပြောချင်တာလား''
''ဟုတ်တယ်။ ကျန်တဲ့ အမွေရှင်တွေက စရန်ငွေပြန်ယူပါ။ မရောင်းတော့ဘူးဆိုလို့ ဥပဒေအရ အမှန်တကယ်ပဲ အရောင်းအဝယ် ပျက်သွားတာလား''
''ဥပဒေအရ ပြောရရင်တော့ အရောင်းအဝယ်တော့ မပျက်ဘူး။ အရောင်းအဝယ် မှတ်ပုံတင် စာချုပ် ချုပ်ဆိုလို့ မရတာဖြစ်သွားတယ်''
''ဒီလို သူငယ်ချင်း။ တူမဖြစ်သူက အဲဒီမြေကွက်ကို လက်မလွှတ်ချင်ဘူး။ ဖြစ်နိုင်ရင် အရောင်းအဝယ် ဆက်လုပ်ချင်တယ်။ သူငယ်ချင်းပြောသလို အရောင်းအဝယ် မပျက်ပြယ်ဘူးဆိုရင် ဘယ်လို ဆက်လုပ်ရမလဲ အကြံပေးပါဦး''
''ကွယ်လွန်သွားတဲ့ အမွေထိန်းစာရသူနဲ့ မြေကွက်ပိုင်ရှင်တို့က ဘယ်လို ဆွေမျိုးတော်စပ်တယ်ဆိုတာ သိပါသလား''
''မြေကွက် ဂရန်အမည်ပေါက်က အမွေထိန်းစာရသူရဲ့ ဘကြီးလို့ ပြောတယ်''
''ဒါဆိုရင် ညီမဖြစ်သူရဲ့ သားပေါ့။ တူအရင်းတော်စပ်မှာပေ့ါ။ မြေပိုင်ရှင်က ဇနီးသားသမီးတွေမရှိဘူး လား''
''ဇနီးရှိတယ်။ ဇနီးက အရင် ကွယ်လွန်သွားတယ်ပြောတယ်။ ဒါကြောင့် အခုအမွေထိန်းစာရတဲ့ တူဖြစ်သူက ဘကြီးနဲ့အတူ နေခဲ့တယ်လို့ ပြောပါတယ်''
''မြေပိုင်ရှင်မှာ မောင်နှမတွေ မရှိဘူးလား''
''နှစ်ဦးရှိတယ်လို့ သိရတယ်''
''တစ်ဦးက အခုအမွေထိန်းစာရသူရဲ့ မိခင်ဆိုတော့ နောက်တစ်ဦးက သက်ရှိထင်ရှားရှိသေးလား''
''ညီမနှစ်ဦးလုံးက ကွယ်လွန်သွားကြပြီလို့ ပြောပါတယ်''
''ဟုတ်ပြီ။ ဒါကြောင့် တူ၊ တူမ အားလုံးက အမွေရခွင့်ရှိနေပြီဆိုတော့ အမွေထိန်းစာလျှောက်ကြရတာပေါ့''
''တူ၊ တူမတွေက တိုက်ရိုက် အ မွေဆက်ခံခွင့်မရဘူးလား''
''ဗုဒ္ဓဘာသာဝင် မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေအရ ကွယ်လွန်သူအမွေရှင်ရဲ့ တိုက်ရိုက်အမွေဆက်ခံ ခွင့်ရှိသူများက ကွယ်လွန်သူ၏ ဇနီး၊ ခင်ပွန်း၊ သားသမီး၊ ကိတ္တိမသားသမီး၊ မြေး၊ မြစ်တို့ဖြစ်တယ်။ ကျန်တဲ့ ညီအစ်ကို မောင်နှမဆွေမျိုးသားချင်းတွေ ကတော့ တိုက်ရိုက်အမွေဆက်ခံသူတွေ မဟုတ်ကြဘူး''
''ကျန်ရစ်သူတွေက တိုက်ရိုက် အမွေဆက်ခံသူတွေမဟုတ်ရင် အမွေထိန်းစာ လက်မှတ်လျှောက်ထားရတဲ့ သဘောလား''
''မှန်ပါတယ်။ ယခုကိစ္စမှာ ကွယ်လွန်သူရဲ့ တိုက်ရိုက်အမွေဆက်ခံသူ ဇနီး၊ သားသမီး၊ မြေး၊ မြစ် မကျန်ရစ်တဲ့အပြင် ညီအစ်ကို မောင်နှမလည်း မကျန်ရစ်တဲ့အတွက် ကွယ်လွန်သူ ညီမနှစ်ဦးရဲ့ သားသမီးများဖြစ်ကြတဲ့ တူ၊ တူမများက အမွေ ဆက်ခံခွင့်ရမှာ ဖြစ်ပါတယ်''
''တူ၊ တူမဆိုတော့ အမွေဆက်ခံခွင့် သွေးသားက ဝေးသွားတဲ့သဘောပေါ့''
''ဟုတ်ပါတယ်။ ဒါကြောင့် ကွယ်လွန်သူမှာ တိုက်ရိုက်အမွေ ဆက်ခံမည့်သူများ မကျန်ရစ်ဘဲ နီးစပ်ရာ ဆွေမျိုးများသာ ကျန်ခဲ့မယ်ဆိုရင် ကွယ်လွန်သူပိုင် အမွေပစ္စည်းများကို ထိန်းသိမ်းဖို့အတွက် အနီးစပ်ဆုံးဆွေမျိုးထဲမှ တစ်ဦးဖြစ်စေ၊ ပူးတွဲဖြစ်စေ အမွေထိန်းအဖြစ် အမွေထိန်းစာ လက်မှတ်ထုတ်ပေးရန် သက်ဆိုင်ရာ တရားရုံးသို့ လျှောက်ထားရယူရပါ တယ်''
''အမွေထိန်းစာရသူက အမွေပစ္စည်းကို ရောင်းပိုင်ခွင့်၊ လွှဲပြောင်း ပိုင်ခွင့်ရှိသွားပြီပေါ့''
''ဒီလို လုပ်ပိုင်ခွင့် အပြည့်ပေးထားတာ မဟုတ်ဘူး။ အမွေထိန်းစာ ထုတ်ပေးခြင်းသည် အမွေထိန်းအား အမွေပစ္စည်းများကို ခံစားစေခြင်းမဟုတ်။ အမွေစား၊ အမွေခံများ ကိုယ်စား၊ အမွေပစ္စည်းများကို ထိန်းသိမ်းရန် တရားရုံးတော်မှ တာဝန် ပေးအပ်ခြင်းဖြစ်တယ်လို့ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ ဦးမျိုးမင်းနဲ့ ဒေါ်မြမြထွန်း၊ ၁၉၈၄ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး စာမျက်နှာ ၂၉၇ မှာ ဖော်ပြထားတယ်။ ဒါ ကြောင့် အမွေထိန်းစာရသူဟာ အမွေပစ္စည်းကို အမွေဆိုင်များ ကိုယ်စား ထိန်းသိမ်းခွင့်သာရှိတယ်။ ပိုင်ဆိုင် ခွင့်မရှိတဲ့အတွက် သူတစ်ဦးတည်း သဘောနဲ့ လွှဲပြောင်းရောင်းချခွင့်မရှိ ပါဘူး''
''အမွေထိန်းစာကို တရားရုံးမှာ လျှောက်ထား တောင်းဆိုရမယ်ဆိုတော့''
''မှန်ပါတယ်။ အမွေရှင်အားလုံး ရဲ့ သဘောတူညီချက်နဲ့ သက်ဆိုင်ရာ တရားရုံးမှာ မိမိအား အမွေထိန်းစာ ထုတ်ပေးဖို့လျှောက်ထားရမှာဖြစ်ပါတယ်။ အမွေထိန်းစာရထားသူ ကွယ်လွန်သွားရင်တော့ အမွေထိန်းစာ လက်မှတ်ဟာ ပျက်ပြယ်သွားမှာဖြစ် ပါတယ်''
''ဒါဆိုရင် အမွေထိန်းစာရသူနဲ့ ချုပ်ဆိုထားတဲ့ အိမ်မြေစရန်ပေး ကတိစာချုပ်က ပျက်ပြယ်သွားပြီပေါ့''
''စရန်ပေး ကတိစာချုပ်ကတော့ မပျက်ပြယ်ပါဘူး။ ဘာလို့လဲဆိုတော့ အမွေရှင်အားလုံးရဲ့ ကိုယ်စား အမွေထိန်းစာရသူက ဥပဒေနဲ့အညီ လက် မှတ်ရေးထိုးတာဖြစ်လို့ မပျက်ပြယ်ပါ ဘူး''
''ဒီလိုဆိုရင် ဘယ်လိုဆက်လုပ် ရမလဲ၊ ရှင်းပြပါဦး''
''ကျန်ရစ်တဲ့ အမွေဆက်ခံသူ တူ တူမတွေထဲက တစ်ဦးဦးက အမွေ ထိန်းစာ လက်မှတ်အသစ် လျှောက် ထားရယူပြီး တရားရုံးရဲ့ ခွင့်ပြုချက်နဲ့ အညီ သူငယ်ချင်းတို့ကို ရောင်းချ သွားရမှာဖြစ်ပါတယ်''
''တရားရုံးမှာ အမွေထိန်းစာလက်မှတ်ကို တစ်ဦးဦးက မဖြစ်မနေ ထပ်မံလျှောက်ထားရမယ့် သဘောပေါ့''
''မှန်ပါတယ်။ ဒါကြောင့် တရားရုံးမှာ ထမ်းဆောင်ရမယ့် ရုံးခွန် အပါအဝင် ကုန်ကျစရိတ်အဝဝကို သူငယ်ချင်းကကျခံပြီး ဆောင်ရွက်ရယူသွားရင်တော့ ဒီကိစ္စပြေလည်သွားမှာ သူငယ်ချင်း။ ဒါမှ သူငယ်ချင်းရယူလိုတဲ့ မှတ်ပုံတင် အရောင်းအဝယ် စာချုပ်ချုပ်ဆိုနိုင်ပြီး အမည်ပေါက်ရနိုင်မှာ ဖြစ်တယ်''ဟု အကြံပေးပြောကြားလိုက်ပါသည်။
Ref : Zaygwet ထီယု (ဥပဒေအတိုင်ပင်ခံ)
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ