By Zaygwet Journal, Shweproperty.com
Updated at 9 December 2019
မကြာမီရက်က ဖြစ်သည်။ စာဖတ်ပရိသတ်တစ်ဦးပါဟု မိတ်ဆက်၍ အသက်လေးဆယ် ဝန်းကျင်ခန့်ရှိ အမျိုး သမီးတစ်ဦးသည် စာရေးသူ၏ ရုံးခန်းသို့ ရောက်လာပါသည်။
“ဆရာ့ ဆောင်းပါးတွေကို ဖတ်ဖြစ်ပါတယ်။ မိသားစုကိစ္စတစ်ခုနဲ့ ပတ်သက်ပြီး ဆရာနဲ့ တိုင်ပင်ဆွေး နွေးချင်လို့ပါ”
“ဟုတ်ကဲ့ ဘယ်လိုများ အခက်အခဲပြဿနာရှိနေလို့လဲ”
“အစကတော့ ဆရာ့ဆီကို ဒေါ်ကြီးကိုယ်တိုင်လိုက်ဖို့ပါ။ အသက် ၈၅ နှစ်ဆိုတော့ အဆင်မပြေလို့ ဆရာ”
“ဒေါ်ကြီး ကိစ္စလား”
“ဟုတ်ပါတယ် ဆရာ။ သမီးက တူမတော်ပါတယ်။ ဘေးကနေပြီး မခံချင်လို့ပါ ဆရာ”
“ပြောပါဦး ဘယ်လို ကိစ္စဖြစ်လာလို့လဲ”
“အမှန်က ကျွန်မ အမေရဲ့ အစ်မဆိုတော့ ကြီးဒေါ်တော်ပေမယ့် ငယ်စဉ်ကတည်းက ဒေါ်ကြီးလို့ ခေါ်ကြလို့ ဒေါ်ကြီးဖြစ်နေတာ ဆရာ။ ဒေါ်ကြီးမှာ သားတစ်ဦးရှိတယ်။ သူပိုင် အိမ်နဲ့မြေကို အပေးစာချုပ်နဲ့ သားထံလွှဲ ပေးလိုက်တယ်။ အခုချွေးမက ရောင်းမယ်လုပ်နေလို့ ပေးကမ်းထားတာ ပြန်ရုပ်လို့ ရသလား ဆရာ”
“သားတစ်ယောက်တည်းရှိတာ လား။ အခြား သားသမီးမရှိဘူးလား”
“သမီးတစ်ယောက်ရှိတယ် ဆရာ။ သူက ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတယ်”
“သမီးက အပျိုကြီးအနေနဲ့ ကွယ်လွန်သွားတာလား”
“မဟုတ်ဘူး ဆရာ။ အိမ်ထောင်ရှိတယ်။ ဒါပေမယ့် သားသမီး မကျန်ခဲ့ဘူး။ ဒါကြောင့် ဒေါ်ကြီးက သူသေ သွားရင် သားမက်ဖြစ်သူက ရှုပ်မှာ စိုးရိမ်လို့ သားကို အပေးစာချုပ် ချုပ်ပြီး အိမ်နဲ့ မြေကို လွှဲပေးခဲ့တာဖြစ် တယ်”
“ဒေါ်ကြီး ဖြစ်သူက သူ့သားနဲ့ အတူနေတာ မဟုတ်လား”
“ဟုတ်ပါတယ်။ အစကတော့ သမီးဖြစ်သူနဲ့ အတူနေတာ ဆရာ။ သားဖြစ်သူက အိမ်ထောင်ရှိတော့ အခြားတိုက်ခန်းတစ်ခုမှာ နေပါတယ်။ သမီးဖြစ်သူ ကွယ်လွန်တော့ သားနဲ့ ချွေးမ မိသားစုက မိခင်နဲ့ အတူ လာနေကြတယ်”
“သားမက်ဖြစ်သူကလည်းအတူ နေတာပဲလား”
“ဟုတ်ကဲ့။ အဲဒါကြောင့် သားကို အိမ်နဲ့ မြေလွှဲပေးလိုက်တာ ဆရာ။ နောက်တစ်နှစ်လောက်ကြာတော့ သားမက်ဖြစ်သူက နောက်အိမ်ထောင်ပြုသွားတယ်”
“ဥပဒေအရ ပြောရရင်တော့ မိဘထက် စောစွာကွယ်လွန်သွားတဲ့ သားသမီးမှာ မွေးဖွားတဲ့ သားသမီး မကျန်ရစ် ခဲ့ရင် ချွေးမ သားမက်က အမွေရခွင့်မရှိဘူး”
“အဲဒီလိုလဲ မသိဘူး ဆရာရယ်။ စိုးရိမ်ပြီး ပေးလိုက်တဲ့ သဘောဖြစ်မယ်။ အဲဒီပေးကမ်းထားတာကို ပြန် လည်ရုပ်သိမ်းလို့ရပါသလား ဆရာ”
“မိဘက သားသမီးကို မေတ္တာနဲ့ ပေးကမ်းခြင်းပြုလုပ်ရာမှာ ပေးကမ်းခြင်း မှတ်ပုံတင်စာချုပ် ချုပ်ဆိုမှ တရားဝင် ပေးကမ်းခြင်းမြောက်မှာ ဖြစ်ပါတယ်”
“ကျွန်မသိတာတော့ စာချုပ်စာတမ်းနဲ့ ပေးတာလို့ သိတယ်။ ဂရန်အမည်ကို သားဖြစ်သူ အမည် ပြောင်းထား တယ်လို့ ပြောတယ် ဆရာ”
“ဒါဆိုရင်တော့ ပေးကမ်းခြင်းက တရားဝင်ဥပဒေနဲ့အညီပေးကမ်းပြီးဖြစ်နေတယ်။ ပြန်လည်ရုပ်သိမ်းဖို့ ခက် သွားပြီဖြစ်တယ်”
“ဘယ်လို အချက်တွေနဲ့ ပြည့်စုံရင် အပေးစာချုပ်ကို ပြန်လည်ရုပ် သိမ်းနိုင်သလဲ ဆရာ”
“ဥပဒေနဲ့အညီ မှတ်ပုံတင်စာချုပ် စာတမ်းပြုလုပ်ပြီး မိမိပိုင် မရွှေ့မပြောင်းနိုင်သော ပစ်္စည်းကို သားသမီးကို မေတ်္တာနဲ့ ပေးကမ်းတဲ့အခါ ပေးကမ်းသူ တစ်ဦးတည်းရဲ့ သဘောနဲ့ ပြန်လည်ရုပ်သိမ်းခွင့်မရပါဘူး။ ပဋိညာဉ် သဘောဖြစ်နေတဲ့အတွက် ပဋိညာဉ်ဥပဒေပုဒ်မ ၁၉ အရ သဘောတူညီချက်ကို အနိုင်အထက်ပြုခြင်း၊ အလွဲ ပြောဆိုခြင်းကြောင့် သဘောတူခဲ့ရလျှင် သဘောတူခဲ့ရသူ အလိုရှိပါက ပျက်ပြယ်နိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်”
“ဆရာပြောတဲ့အချက်တွေကို သက်သေပြဖို့လိုမှာ ပေါ့နော်”
“အပေးစာချုပ် ပျက်ပြယ်ပေးစေလိုမှုအဖြစ် တရားရုံးမှာ လျှောက်ထားရပါတယ်။ အဲဒီအခါမှ ဆရာ ပြောခဲ့သလို အချက်တွေကို သက်သေပြဖို့လိုပါတယ်”
“တချို့ကပြောတော့ သွာနုတ္ထသားအဖြစ် ကြေညာပြီး ပယ်ဖျက်လို့ရတယ် ပြောတယ် ဟုတ်ပါသလား”
“သွာနုတ္ထသားအဖြစ် ကြေညာရုံနဲ့ အမွေဆက်ခံခွင့်မရှိသည့် သားသမီးအဖြစ် အလိုအလျောက်ဖြစ် မသွားဘူး။ အခုကိစ္စက ဘယ်လိုဖြစ်လို့လဲ”
“ဒေါ်ကြီးက အသက်ကြီးလာတော့ တရားစခန်းမှာအနေများတယ် ဆရာ။ တရားစခန်းမှာ အခန်းသီးသန့် လှူဒါန်းဆောက်လုပ်ထားတာရှိတော့ အဲဒီမှာပဲ နေတယ်ဆိုပါတော့။ ပြီးတော့လည်း သားနဲ့ ချွေးမက အဆင် မပြေတာကြားနေရတော့ တရားစခန်းမှာပဲနေတာဖြစ်မယ်ထင်တယ်”
“အခု ချွေးမက ရောင်းမယ် လုပ်နေတယ်ဆိုတာက ဘယ်လိုဖြစ်တာလဲ၊ ခင်ပွန်းသည်က သဘောတူလို့လား”
“သားဖြစ်သူက ဘယ်ရောက်နေမှန်းမသိတာ ဆရာ။ မိန်းမနဲ့ စကားများပြီး အိမ်က ဆင်းသွားတာ ခြောက်လ လောက်ရှိနေပြီ”
“ဂရန်က သားအမည်ပေါက်ဆိုတော့ လွယ်လွယ်ကူကူတော့ ရောင်းလို့ မရနိုင်ပါဘူး”
“ကျွန်မသိတာတော့ လင်မယား နှစ်ယောက်အမည်နဲ့လို့ သိထားတယ်။ အပေးစာချုပ်မှာကတည်းက သားနဲ့ ချွေးမကို ပေးတယ်လို့ ချုပ်ခဲ့တာနဲ့တူတယ် ဆရာ”
“ဘာပဲဖြစ်ဖြစ်လေ။ လင်မယားနှစ်ဦး ကွာရှင်းထားတာ မဟုတ်တဲ့အတွက် မိမိတစ်ဦးတည်းသဘောနဲ့ တော့ ရောင်းပိုင်ခွင့်မရှိဘူးလေ”
“ဇနီးဖြစ်သူက ကိုယ်စားလှယ်စာများ ယူထားရင်ဖြစ်နိုင်တယ် မဟုတ်လား ဆရာ”
“အင်း အဲဒီအချက်တော့ရှိတယ်။ ခင်ပွန်းဖြစ်သူဆီက ဥပဒေနဲ့ အညီလုပ်ပိုင်ခွင့်ကိုယ်စားလှယ်စာရထားရင် တော့ ကန့်ကွက်ဖို့ခက်သွားမယ်”
“ဟုတ်ကဲ့ ဆရာ၊ ဒါကြောင့်မို့ အပေးစာချုပ်ကို ပယ်ဖျက်ခွင့်ရှိသလား သိချင်တာ ဆရာ”
“ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ - ၁၂၆ အရ အပေးစာချုပ်တွင် ပစ္စည်းပေးသူနှင့်ရသူတို့ မူလ သဘော တူညီချက်ရှိလျှင် အပေးစာချုပ်ကို ပယ်ဖျက်ခွင့်ရှိမှာဖြစ်ပါတယ်။ တရားရုံးချုပ်က ဆုံးဖြတ်ထားတဲ့ မရင်ဟူးနှင့် မချစ်မေ၊ အမှတ် (၇) ရန်ကုန်စီရင်ထုံး စာမျက်နှာ ၃၀၆ အမှုမှာ အပေးစာချုပ်တွင် ပေးသူရ သူတို့က ပေးသူ၏ သဘောတူညီချက် မရဘဲ အသက်ရှိစဉ် ပေးကမ်းပစ္စည်းကို လွှဲပြောင်းခြင်း၊ ပေါင်နှံခြင်း၊ ရောင်းချခြင်းပြုလုပ် ပါက ပေးကမ်းခြင်း ပျက်ပြယ်သည်ဟု နှစ်ဦး သဘောတူထည့်သွင်းချုပ်ဆိုခဲ့ကြသည်။ အဆိုပါ သဘောတူညီ ချက်ကို ဖောက်ဖျက်ပါက ပေးသူက ပေးကမ်းခြင်းကို ပယ်ဖျက်နိုင်သည်လို့ ဖော်ပြထားပါတယ်”
“ဟုတ်ကဲ့ပါ ဆရာ။ အပေး စာချုပ်မှာ အတိအကျဖော်ပြထားဖို့ လိုပေါ့နော်”
“မှန်ပါတယ်။ အခုကိစ္စမှာ ဂရန်အမည်ပေါက်ကိုပင် ပြောင်းထားပြီ ဖြစ်တာမှန်ခဲ့ရင် ပေးကမ်းခြင်းကို ပယ်ဖျက်ဖို့ အခက်အခဲရှိမှာ ဖြစ်တယ်”
“ဆရာပြောသလို ပေးကမ်းခြင်း စာချုပ်မှာ ပယ်ဖျက်ခွင့်အတိအကျဖော်ပြထားမယ်တော့ မထင်ဘူး ဆရာ”
“တစ်ခုပဲ ရှိတယ်။ အဲဒါကတော့ ပူးတွဲပိုင်ရှင်ဖြစ်တဲ့ သားဖြစ်သူ ကိုယ်တိုင်က ကန့်ကွက်ဖို့ပဲ လိုတယ်”
“ခင်ပွန်းဆီက ကိုယ်စားလှယ် လွှဲစာရထားရင် ဖြစ်ပါ့မလား ဆရာ”
“လွှဲစာဆိုတာက အချိန်မရွေး ရုပ်သိမ်းနိုင်ပါတယ်။ ဒါကြောင့် သားဖြစ်သူနဲ့ အဆက်အသွယ်ရအောင် ဆောင် ရွက်ပြီး ကန့်ကွက်စေခိုင်းနိုင်ပါတယ်”
“မိခင်ဖြစ်သူကတော့ ဘာမှလုပ်ပိုင်ခွင့်မရှိတော့ဘူးပေါ့”
“ဥပဒေအရတော့ မိခင်အနေနဲ့ ကန့်ကွက်ခွင့်မရှိပါဘူး။ ဒါကြောင့် မိဘများအနေနဲ့ သားသမီးများထံ မိမိပိုင် ပစ္စည်းကို မိမိမကွယ်လွန်မီ အပေးစာချုပ်ပြလုပ်ပေးခြင်းအပေါ် သတိပြု ဆောင်ရွက်ကြပါလို့ အကြံပြုချင် ကြောင်း” ဆွေးနွေးလိုက်ပါသည်။
Ref : Zaygwet Journal (ထီယုဥပဒေတိုင်ပင်ခံ)
Photo Credit : Housing
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ