By Win Kyaw Kyaw (Shwe Property), Shweproperty.com
Updated at 10 January 2018
အလုံမြို့နယ် စက်တွင်းလမ်း နှင့် ကွင်းကျောင်းလမ်းတောင့်ရှိ လ္ဘက်ရည်ဆိုင်တစ်ဆိုင်တွင် စားပွဲဝိုင်းတစ်ဝိုင်းလျင် ငါးယောက်ဆန့် ဆယ်ဝိုင်း ဝိုင်းအပြည့်ရှိသော စားသုံးသူများ တနင်္လာနေ့ နံနက် ၈ နာရီခန့်တွင် မနက်စာ စားသုံးနေကြသည်။
ထိုသူတို့က မနက်စာစားရင်း တနင်္ဂနွေနေ့က ကြည့်ခဲ့သော ပရီးမီးယားလိဂ် ဘောလုံးပွဲတွေအကြောင်း ငြင်းသူကငြင်း၊ တချို့က လူမှုရေးအကြောင်းများ ပြောသူကပြော၊ တချို့က စီးပွားရေးအကြောင်းများ၊ နှစ်လုံးချဲဂဏန်း ထိုးမည့်သူများကလည်း နှစ်လုံးအကြောင်း ဆွေးနွေးနေကြသည်။
လူအမျိုးအမျိုးအထွေထွေ အကြောင်းအရာမျိုးစုံကို ဆွေးနွေးနေကြသော အသံမျိုးစုံက မနက်ဈေးဝယ်သွားချိန် ဈေးတန်းတွေမှာ ရောင်းသူ၊ ဝယ်သူတွေအတိဖြင့် ဆူညံနေသည့် အတိုင်းဖြစ်သည်။
ထိုအသံများထဲမှ “ဟယ် အမရယ် ဟိုကောင်မလုပ်တာ သောက်ရေးမပါဘူးသိလား။ မနေ့က အခန်းငှားမယ့်သူနဲ့ ချိတ်ပေးတာပွဲခ နှစ်သောင်းပဲပေးတယ်” ဆိုသည့် အသံတစ်သံ စူးစူးနက်နက် ထွက်ပေါ်လာသည်။ ထိုအချိန်မှာ စားပွဲဝိုင်းအသီးသီးက ထွေရာလေးပါး ဆွေးနွေးနေကြသည့် လူအများစု၏ အသံများ ရုတ်တရက် တိတ်ဆိတ်သွားကာစူးစူးနက်နက်အသံထွက်လာသော စားပွဲဝိုင်းသို့ သူတို့၏မျက်လုံးအစုံက တပြိုင်နက်တည်း ရောက်သွားကြသည်။ ထိုအသံသည် အခန်းအငှား အတွက် အကျိုးဆောင်ကြေးခွဲဝေရာ အဝေမတည့် ဖြစ်ခဲ့ပြီး မကြေမနပ်ဖြစ်ကာ မိတ်ဆွေပွဲစားများကို သူ၏အတွေ့အကြုံများ ပြန်လည်ရှင်းပြနေသော အသံဖြစ်သည်။
မိတ်ဆွေပွဲစားတစ်ဦး၏ အခန်းအတွက် သူခေါ်လာသော အခန်းငှားမည့်သူနှင့် ပွဲဖြစ်သွားသည့်အခါ မိတ်ဆွေပွဲစားနှင့် ပွဲခ ခွဲဝေရာ အဝေမတည့်ဖြစ်ခဲ့ရာမှ သူတို့နှစ်ဦး အခြေအတင်ဖြစ်ခဲ့သည်။
ရန်ကုန်မြို့တွင် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူများ များပြားလျက်ရှိသည်။ ထိုအထဲမှ တချို့က တရားဝင်မှတ်ပုံတင်ပြီး ကုမ္ပဏီ ရုံးခန်းများဖြင့် လည်းလုပ်ကိုင်ကြသလို တစ်ဦးချင်း ပွဲစားများလည်းရှိသည်။ အိမ်ခြံမြေလုပ်ငန်းသည် မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးလုပ်ငန်းများထဲမှ တစ်ခုဖြစ်သည်။ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းတွင် ခိုင်မာသည့် ဥပဒေ မရှိခြင်းက နိုင်ငံခြားရင်းနှီးမြှပ်နှံမှု တိုးပွားရန် အဟန့်အတား တစ်ခုဖြစ်နေကြောင်း အိမ်ခြံမြေကျွမ်းကျင် သူများက ယူဆထားကြသည်။
တချို့က ကုမ္ပဏီရုံးခန်း အတည်တကျမရှိဘဲ တစ်ဦးချင်း လုပ်ကိုင်ကြသောကြောင့် ထိုသူတို့ကို အရပ်ပွဲစားဟုလည်း အများက ခေါ်ဝေါ်ကြသည်။ တစ်ဦးချင်းပွဲစားများတွင် တရားဝင်မှတ်ပုံတင်ပြီး လုပ်ကိုင်ခြင်းမရှိကြောင်း အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူ အများစုကဆိုကြသည်။
ရန်ကုန်မြို့ရှိ ရွေ့ပြောင်းနေထိုင်သူအများစုက အိမ်အငှားဖြင့်သာနေထိုင်ကြသည်။ ထိုသူတို့က အိမ်အငှား လိုအပ်လျင်ပွဲစားများဖြင့် ချိတ်ဆက်ကာ အိမ်များကို အလွယ်တကူရှာဖွေကြသည်။ အိမ်ငှားမည့် သူများ အနေဖြင့်လည်း လူတန်းစားမရွေး တတ်နိုင်သော ဈေးနှုန်းများကို ရွေးချယ်ငှားရမ်းနိုင်သလို အကျိုးဆောင်ခများကိုလည်း ညှိနှိုင်းလျင် အဆင်ပြေမည့် သဘောရှိသောကြောင့် အိမ်ငှားမည့်သူများက တစ်ဦးချင်းပွဲစားများဖြင့် ဆက်သွယ်ကြသည်။
တစ်ဦးချင်းပွဲစားများကြောင့် အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းအတွင်း ဈေးကွက် ပျက်ယွင်းမှုများဖြစ်ပေါ်လျက်ရှိကြောင်း အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်သူအများစုက ဝေဖန်သုံးသပ်ကြသည်။
နေလ အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းမှ ကိုနေသော်က “ အိမ်ငှားစာချုပ် တစ်နှစ်ချုပ်ရင် တစ်လစာ ပွဲခပေးရမယ်။ ပိုမယူသလို လျှော့မယူဘူး။ တစ်ဦးချင်းပွဲစားတွေက ပွဲ ဖြစ်ချင်တော့ လဝက်စာပွဲခနဲ့လုပ်တယ်။
နောက်တစ်ချက်က အိမ်ရှင်တွေအိမ်အပ်တယ် အငှားပွဲခ မထုတ်ဘူးပြောတယ်။ ဒါမျိုးဆိုရင် ကျနော်တို့က မလုပ်ဘူး။ သူတို့ကလုပ်တယ်။ ဈေးကွက်ပျက်တာပေါ့” ဟုဆိုသည်။
အိမ်ခြံမြေဝန်ဆောင်မှုကဏ္ဍတွင် အရောင်းအဝယ်ဈေးကွက်မှာလည်း ကြိုက်ရောင်း ကြိုုက်ဝယ်ဈေးနှုန်းများဖြင့်သာ အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဈေးကွက်ပျက်ယွင်းနေကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်အများစုက ဆိုသည်။
ထို့ကြောင့် အိမ်ခြံမြေလုပ်ငန်းများ ပြန်လည်ကောင်းမွန်လာရေးအတွက် အိမ်ခြံမြေဝန်ဆောင်မှုဆိုင်ရာ ဥပဒေထွက်ပေါ်လာရေးအတွက် မြန်မာနိုင်ငံ အိမ်ခြံမြေအသင်း၊ ဥပဒေပညာရှင်များ နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းတို့ညှိနှိုင်း ဆောင်ရွက်လျက်ရှိကြောင်း နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ် ကြေးမှုံသတင်းစာတွင်ဖော်ပြထားသည်။
အိမ်ခြံမြေဝန်ဆောင်ဆိုင်ရာ ဥပဒေ ထွက်ပေါ်လာပါက ပြည်သူများအနေဖြင့် အိမ်ခြံမြေငှားရမ်း ဝယ်ယူရေး အတွက် တိကျသောနှုန်းထားများဖြင့် ပေးဆောင်နိုင်မည်ဖြစ်ပြီး၊ အိမ်ခြံမြေ ဝန်ဆောင်မှုလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြုသူများ အနေဖြင့်လည်း ဥပဒေပါ စည်းကမ်းများကို လိုက်နာလုပ်ဆောင်ရမည်ဖြစ်ကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ဆိုသည်။
အိမ်ခြံမြေဝန်ဆောင်မှုဥပဒေသည် အိမ်ခြံမြေကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှပ်နံှမှုတိုးပွားလာရေးအတွက်လည်း အထောက်အကူဖြစ်စေသည်။ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတိုးပွားလာပါက ဈေးကွက်အတွင်း ပြိုင်ဆိုင်မှုအားကောင်းလာပြီး ပြည်သူများအနေဖြင့်လည်း ကောင်းမွန်သော ဝန်ဆောင်မှုများရရှိနိုင်ကြောင်း အိမ်ခြံမြေကျွမ်းကျင်သူများက သုံးသပ်သည်။
Written By : Win Kyaw Kyaw (ShweProperty.com)
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ