By ဦးဇော်မြင့်ဦး, Shweproperty.com
Updated at 18 September 2019
ယခုအခါ စပေါ်စနစ်၊ အပျောက်စနစ်သာမက နှစ်ချုပ်ငှားစနစ်ကိုပါ ကျင့်သုံးလာကြသည်ကို တွေ့ရသည်။ နှစ်ချုပ်စနစ်တွင် စပေါ်မရှိ၊ အပျောက်မရှိ၊ ငှားရမ်းခကို တစ်နှစ်စာ ကြိုတင်ပေးထားရသော စနစ်ဖြစ်သည်။ တချို့မှာ နှစ်ဖက်ညှိနှိုင်းချက်အရ ခြောက်လချုပ်သည်လည်း ရှိသည်။ အိမ်ငှားအနေဖြင့် မိမိ ငှားရမ်းနေထိုင်မည့် ကာလတစ်ခုလုံးအတွက် အိမ်ငှားရမ်းခအားလုံးကို တစ်ကြိမ်တည်း အကြေအလည်ပေးထားရခြင်းဖြစ်သည်။
များသောအားဖြင့် နှစ်ချုပ်ငှားရမ်းခြင်းစနစ်အရ စာချုပ်သက်တမ်း မကုန်ဆုံးမီကာလအတွင်း အကြောင်းကြောင်းကြောင့် ဆက်လက်ငှားရမ်းခြင်းမပြုပါက အိမ်ရှင်ဖြစ်သူမှ အိမ်ငှားဖြစ်သူသို့ ကျန်ရှိသည့် အိမ်ငှားကာလအတွက် အိမ်ငှားခများကို ပြန်အမ်းပေးခြင်းမရှိပေ။ အိမ်ငှားစာချုပ် သက်တမ်းမစေ့မီ ဆက်လက်ငှားရမ်းလိုခြင်း ရှိမရှိနှင့် အချိန်မစေ့မီ အိမ်ငှားအနေဖြင့် ဆက်လက်ငှားရမ်းခြင်းမပြုတော့ပါက အိမ်ငှားခ ပြန်အမ်း၊ မအမ်းမှာ စာချုပ်ပါ အိမ်ရှင်နှင့် အိမ်ငှား နှစ်ဖက်သဘောတူညီမှု ရှိခဲ့သည့် အတိုင်းပင်ဖြစ်သည်။
အိမ်ငှားရမ်းခြင်းနှင့်ပတ်သက်၍ အိမ်ငှားကာလ သက်တမ်းမစေ့မီ အကြောင်းတစ်စုံတစ်ရာကြောင့် အိမ်ရှင်ဘက်မှ ဆက်လက်ငှားရမ်းရန် ပျက်ကွက်ပါက အိမ်ငှားခ ကျန်ရှိငွေအားလုံးကို အိမ်ရှင်ဘက်မှ ပြန်လည်ပေးအပ်ရန်နှင့် အိမ်ငှားဖြစ်သူမှ ဆက်လက်ငှားရမ်းရန် ပျက်ကွက်ပါက ပေးချေပြီးဖြစ်သည့် ကျန်ရှိသည့်အိမ်ငှားခကို အိမ်ငှားဖြစ်သူအနေဖြင့် ဆုံးရှုံးခံရန်ဟူ၍ စာချုပ်တွင် ထည့်သွင်း ဖော်ပြချုပ်ဆိုခဲ့ပါက စာချုပ်ပါအတိုင်း ဆောင်ရွက်ရန်ပင်ဖြစ်ပေသည်။
သို့တည်းမဟုတ် မည်သူ၏ ပျက်ကွက်မှုကြောင့်ဖြစ်စေ၊ စာချုပ်သက်တမ်းကာလ မကုန်ဆုံးမီ ဆက်လက်ငှားရမ်းခြင်းမပြုတော့ပါက ကျန်ရှိသည့်အိမ်ငှားခငွေများကို အိမ်ရှင်မှ အိမ်ငှားဖြစ်သူသို့ ပြန်လည်ပေးလျော်ရန် မလိုကြောင်းထည့်သွင်းဖော်ပြချုပ်ဆိုကြတာလည်း ရှိသည်။
အိမ်ငှားရမ်းသည့် သက်တမ်းကာလပြီးဆုံးပြီးနောက် ဆက်လက်ငှားရမ်းမည့်ကိစ္စမှာ နောက်ထပ်၍ အိမ်ရှင်နှင့် အိမ်ငှား နှစ်ဦးနှစ်ဖက်၏ သဘောတူညီချက်အရသာ ဖြစ်ပေသည်။ ဆက်လက်ငှားရမ်းသည့်တိုင် အိမ်ငှားခကို ယခင်ငှားရမ်းခနှုန်းအတိုင်းဖြစ်မဖြစ်မှာလည်း အဓိကအားဖြင့် အိမ်ရှင်ဖြစ်သူ၏ သဘောဆန္ဒအရသာဖြစ်သည်။
နှစ်ချုပ်စနစ်၏ အားသာချက်မှာ အိမ်ငှားဖြစ်သူအနေဖြင့် မိမိဆက်လက်ငှားရမ်းနေထိုင်လိုခြင်း မရှိတော့သောအချိန်တွင် စပေါ်ငွေပြန်မရမည်ကို ပူပန်ရန်မလိုတော့သကဲ့သို့ အိမ်ရှင်အနေဖြင့်လည်း လစဉ်အိမ်လခမှန်မှန် မရမည်ကို ပူပန်ရန် မလိုတော့ခြင်း၊ စပေါ်ငွေကဲ့သို့ အိမ်ငှားဖြစ်သူသို့ ငွေအလုံးအရင်းဖြင့် ပြန်အမ်းရမည်ကို ပူပန်ရန်မလိုခြင်းပင် ဖြစ်ပေသည်။
Ref : ဦးဇော်မြင့်ဦး
Photo Credit : Sterlingonthelake
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ