By Myanmar Builders Guide, Shweproperty.com
Updated at 22 March 2019
ရှေးကလူကြီး များသည် မိမိတို့ နေရမည့်အိမ် ဆောက်လုပ် ရာတွင် မည်သည့် အရပ်ကို မျက်နှာပြု ရသည်ဖြစ်စေ ဘုရားစင် ထားရှိရမည့် အရပ်၊ အိပ်လျှင် ဦးခေါင်းပြု ရမည့်အရပ် မျက်နှာတို့ကို ရွေးချယ်လေ့ ရှိကြသည်။ ဖြစ်သလို အိမ်ဆောက်ခြင်း၊ နေထိုင် အိပ်စက်ခြင်း မရှိကြပေ။ ရှေးလူကြီး များ၏ အသက်ရှည်ရာ အနာမဲ့ကြောင်း ဓလေ့ကောင်း များကို လေ့လာ ဖော်ထုတ် လိုက်နာခြင်း အားဖြင့် အကျိုး ယုတ်စရာ အကြောင်း မရှိပေ။ သိပ္ပံနည်း မကျဟု ဆိုကြသူများ ရှိသော်လည်း သိပ္ပံပညာ ထွန်းကား လာသည်နှင့် လူ့သက်တမ်း များ တိုလာ သည်မှာလည်း စဉ်းစားစရာ အချက် ဖြစ်ပေသည်။ ရှေးထုံးကိုလည်း မပယ်နှင့် ဈေးသုံးလည်း မလွယ်နှင့် ဟူသော စကားသည် အမှန်ပင် ဖြစ်သည်။
ရှေးကလူကြီး များသည် အိပ်ရာဝင် ချိန်တွင် ဦးခေါင်းချရာ အရပ်ကို (၁)အရှေ့အရပ်၊ (၂) တောင်အရပ် တို့ကို ဦးခေါင်းပြု၍ အိပ်စက်ရမည်။ ထိုသို့ ဦးခေါင်းပြု အိပ်စက်ခြင်းဖြင့် ကောင်းစွာ အိပ်ပျော် စေသည်။ ကောင်းသော အိပ်မက်ကို မြင်မက်စေသည်။ အိပ်ပျော် နေချိန်တွင် အစာကြေခြင်း ကို ဖြစ်စေသည်။ မလိုအပ်သော အပုပ်၊ လေ၊ ဝမ်း တို့သည် ညင်သာစွာဖြင့် အောက်သို့ သက်စေသည်။ စမြင်းဒေါသမှ ကင်းစေသဖြင့် အနာ ရောဂါလည်း ကင်းစေသည်။ နံနက် အိပ်ရာထ ချိန်တွင်လည်း ကောင်းစွာနိုးထ စေနိုင်သည် ဟု ယူဆကြသည်။
(၃) မြောက်အရပ်၊ (၄) အနောက်အရပ် တို့သို့ ဦးခေါင်းပြု၍ မအိပ် ကောင်းပေ။ ထိုသို့ ခေါင်းပြု အိပ်သူများသည် ကောင်းစွာ အိပ်စက် မပျော်နိုင်။ လေပွခြင်း၊ ဟောက်ခြင်း၊ အသက်ရှူ မဝခြင်း၊ လန့်၍နိုးခြင်း၊ ကောင်းသော လေ၊ အပုပ်တို့ အထက်သို့ ဆန်ခြင်း၊ မျက်စိ ပွင့်လျက် အိပ်ခြင်း၊ လျှာကိုက် မိခြင်း၊ နှုတ်နှင့် ခံတွင်းမှ အာပုပ်ရည် တို့ စီးကျခြင်း၊ ကယောင်ကတမ်း ပြောခြင်း၊ အိပ်မက်မက် ရာတွင် အမြင့်မှ ချောက်ကမ်းပါး မှ ပြုတ်ကျသည်ဟု မက်ခြင်း စသော အပြစ်များစွာ ရှိသည့်အပြင် ညဦးက စားထားသော အစာများ မှာလည်း မကြေမကျက် သဖြင့် ဝမ်းတွင်း စမြင်းခံခြင်း၊ ဒူလာ လိပ်ခေါင်း ရောဂါဖြစ်ခြင်း တို့ ဖြစ်နိုင်သည် ဟု ဆိုသည်။
ဗုဒ္ဓ ဖြစ်တော်စဉ် ကျမ်းစာများ တွင်လည်း ဘုရားရှင်၏ လဲလျောင်း နေသော ရုပ်ပွားတော်များ ထုလုပ် ကိုးကွယ် သောအခါ သတိပြုရမည့် စာညွှန်းမှာ ထို ရုပ်ပွားတော်၏ ဦးခေါင်းတော် ထားရှိရာကို ရည်ညွှန်းလျက် (၁) အရှေ့ ရွှေသာလျောင်း၊ (၂) တောင် ပေါင်းလောင်း၊ (၃) မြောက် စောင်းကုဿိနာ ဟု ဆိုသဖြင့် အရှေ့အရပ် သို့ ဦးခေါင်းထားလျှင် ရွှေသာလျောင်း ဆင်းတုတော်၊ တောင်အရပ် သို့ ဘုရား ဦးခေါင်းပြု ထားလျှင် ပေါင်းလောင်းတော်၊ မြောက်အရပ်သို့ ခေါင်းပြု ထားလျှင် ပရိနိဗ္ဗာန် ပြုသည့် ကုဿိနာရုံမှ ဆင်းတုတော် ပုံတူဟု မှတ်ယူရမည် ဖြစ်သည်။
အနောက်တိုင်း ဆေးပညာရှင် ကြီးတစ်ဦးက ဟောပြော ရာတွင်လည်း သွေးတိုးရောဂါ ရှိသူများသည် မြောက်အရပ် သို့ ဦးခေါင်းပြု၍ မအိပ်ရ။ သွေးတိုးတက်၍ ညအိပ်ရာ ထဲတွင် လေဖြတ် နေစေနိုင် သည်ကို သတိပြုဟု ဟောပြော သည်ကို မှတ်သားရဖူး ပါသည်။
နေ့စဉ်ပြု နေကျ နေ၊ ထိုင်၊ စား၊ အိပ် အမှားများကြောင့် လူတို့ အသက်တိုခြင်း ကို ဖြစ်စေသဖြင့် သာမန် အသေးအဖွဲ ဟု မမှတ်ယူ ကြဘဲ မိမိကိုယ်မိမိ အသက်ရှည်ရာ အနာမဲ့ကြောင်း စောင့်ရှောက် ကြစေရန် နည်းမှန် လမ်းမှန် ဖြစ်စေရန် တင်ပြ လိုက်ရပေသည်။
Posted By : Wai Phyoe
Photo Credit : Alltravels
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ