By The Modern, Shweproperty.com
Updated at 21 June 2018
အိမ်ခြံမြေတွေ၊ လယ်ယာမြေတွေရောင်းဝယ်ပေါင်နှံတာတွေ အခုနောက်ပိုင်းတော်တော်လေးများလာတာကို တွေ့ရပါတယ်။ အရောင်းအဝယ်ကို နှစ်ဦးသဘောတူစာချုပ်ချုပ်ဆိုပြီး တိုးတိုးတိတ်တိတ် ပေါင်နှံတာတွေနဲ့ ငွေချေးတာတွေ ရှိလာတာတွေ့လာရပါတယ်။
အိမ်ခြံမြေပေါင်နှံရာမှာ စာချုပ်စာတမ်းရုံးမှာ မှတ်ပုံတင်ဖို့လိုအပ်တယ်လို့ သိရပါတယ်။ ပေါင်နှံတာပြုလုပ်တဲ့အခါ စာချုပ်စာတမ်းရုံးကိုသွားပြီး တရားဝင်ပေါင်နှံတာတွေ၊ စာချုပ်ချုပ်ဆိုမှတ်ပုံတင်သူတွေ နည်းပါးနေတာကိုတွေ့ရပါတယ်။
မရွှေ့ပြောင်းနိုင်တဲ့ ပစ္စည်းဖြစ်တဲ့ မြေရောင်းဝယ်တာတွေ၊ ပေါင်နှံတာတွေ၊ ပေးကမ်းလှူဒါန်းတာတွေ၊ စွန့်လွှတ်တာတွေစတဲ့အရာတွေကို ပြုလုပ်တဲ့အခါ အိမ်ခြံမြေ၊ လယ်မြေ၊ ဥယျာဉ်ခြံမြေတွေရဲ့ တန်ဖိုးမှာ အခွန်ဦးစီးဌာန ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့ဆုံးဖြတ်ချက်အရ ကျပ် ၁၀၀ အထက်ဖြစ်ရင် မှတ်ပုံတင်ဖို့ စာချုပ်စာတမ်းဥပဒေမှာ ပြဌာန်းထားတယ်လို့သိရပါတယ်။
ဘဏ်ကနေ ငွေချေးတဲ့အခါ မြေပုံ၊ မြေရာဇဝင်က အရေးပါတယ်လို့ သိရပါတယ်။ ဒါပေမဲ့ မရွေ့ပြောင်းနိုင်တဲ့ အိမ်ခြံမြေကို တရားဝင်မှတ်ပုံတင်ပြီး ပေါင်နှံမယ်ဆိုရင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်ကလွဲပြီးတော့ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ဘဏ်ငွေချေးဖို့အတွက် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာနနဲ့ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတွေမှာ မြေပုံ၊ မြေရာဇဝင်ထုတ်ပေးဖို့ လျှောက်ထားရပါတယ်။ အဲသည်လို လျှောက်ထားရခြင်းမှာ ဘဏ်တစ်ခုခုမှာ ငွေချေးတဲ့အခါ မြေပိုင်ဆိုင်မှု အထောက်အထား ခိုင်မာမှသာ ချေးငွေရတဲ့အတွက် ဖြစ်ပါတယ်။
ဘဏ်ချေးငွေလျှောက်ထားသူမှာ မြေနဲ့အိမ်ကို အမှတ်တကယ်ပိုင်ဆိုင်ပြီး အရှုပ်အရှင်းတစ်စုံတစ်ရာမရှိကြောင်း၊ ကန့်ကွတ်ချက်ကင်းရှင်းကြောင်းတွေရှိမှသာ မြေစာရင်းဌာနက ထောက်ခံတဲ့မြေပုံ၊ မြေရာဇဝင်ထုတ်ပေးတာဖြစ်ပါတယ်။ ဒါကြောင့်ငွေချေးတော့မယ်ဆိုရင် ပုံစံ ၁၀၅၊ ပုံစံ ၁၀၆ လို့ခေါ်တဲ့မြေပုံ၊ မြေရာဇဝင်ဟာ အရေးကြီးဆုံးဖြစ်တယ်။ အဲသည်မြေပုံ၊ မြေရာဇဝင်မရှိရင် ဘဏ်ချေးငွေမရနိုင်ပါဘူး။ မြေပုံ၊ မြေရာဇဝင် ထုတ်ယူနိုင်ရန်မှာ ငွေချေးလိုသူရဲ့ အမည်ပေါက် မြေငှားဂရန်တင်ပြနိုင်ဖို့လည်း လိုအပ်တယ်လို့သိရပါတယ်။
အဲသည်လိုမိမိရဲ့အမည်ပေါက်မြေငှားဂရန်နဲ့ မြေပုံ၊ မြေရာဇဝင်တင်ပြမှာသာ ဘဏ်တွေက ငွေချေးလိုသူရဲ့မြေနဲ့အိမ်ကို သွားရောက်စစ်ဆေးပြီး အမှတ်တကယ်တန်ဖိုးရဲကထက်ဝက်ခန့်ကို ငွေချေးလေ့ရှိကြပါတယ်။ ချေးတဲ့အခါ လွယ်လွယ်ကူကူချေးငှားခြင်းမပြုကြပါဘူး။
ဘဏ်မန်နေဂျာကို ငွေချေးသူက ဝန်ခံကတိပြုတဲ့ 'အော်ဒီမန်စာချုပ်' ချုပ်ဆိုပေးရတာတွေ၊ စာချုပ်စာတမ်းနဲ့ မှတ်ပုံတင်ရုံးမှာ ပေါင်နှံတဲ့ မြေကွက်နဲ့ ပတ်သက်တဲ့ပြန်မရုတ်သိမ်းနိုင်တဲ့ 'အထူးကိုယ်စားလှယ်လွှဲစာ' လွှဲပေးရတာမျိုးပြုလုပ်ပေးကြရတယ်' လို့ အိမ်ခြံမြေအကျိုးဆောင် ဝါရင်ပုဂ္ဂိုလ်တစ်ဦးကပြောပါတယ်။
တကယ်လို့ ပေါင်နှံထားတဲ့မြေနဲ့အိမ်၊ လယ်ယာမြေတွေကို ပြန်ရွေးခြင်းမရှိရင် ပေါင်နှံထားတဲ့မြေနဲ့အိမ်ကို တရားစွဲပြီးတော့ လေလံတင်ရောင်းချခြင်းခံရမှာတယ်။ ဘဏ်က ရရန်ရှိတဲ့အတိုးနဲ့ အရင်းပေါင်းငွေအားလုံုးကို နုတ်ယူပြီး ကျန်ငွေကို ပေါင်နှံသူကို ပြန်ပေးတယ်လို့ သိရပါတယ်။
Ref : The Modern
Photo Credit : Google
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ